သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ပျောက်ကင်းသူ တစ်ဦးတိုး၊ ရန်ကုန်နေရာတချို့ အသွားအလာပိတ်


ရန်ကုန်မြို့က လမ်းတခု (ဧပြီ ၁၀၊ ၂၀၂၀)
ရန်ကုန်မြို့က လမ်းတခု (ဧပြီ ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာပြည်တွင်းမှာ COVID-19 ရောဂါပျောက်ကင်းသူ နောက်ထပ်တဦးရှိလာပြီး၊ ထပ်တိုးအတည်ပြုလူနာ များလာတဲ့ အင်းစိန်မြို့နယ်က နေရာတချို့ကို သွားလာခွင့်ပိတ်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါတယ်။

ကိုဗစ်အတည်ပြုလူနာ နံပါတ် ၁၅ဖြစ်တဲ့ ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးရဲ့ ဓာတ်ခွဲနမူနာကို နောက်ထပ်စစ်ဆေးရာမှာ Negative နှစ်ကြိမ်ထွက်ထားပြီးဖြစ်လို့ ရောဂါပျောက်ကင်းတဲ့ စာရင်းထဲထည့်လို့ရပြီလို့ သိရပါတယ်။ ဒီလူနာနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့်အခြေအနေတွေကို ကျန်းမာရေးဌာနပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

လောလောဆယ်မှာ လူနာနဲ့ ပတ်သက်တဲ့ အခြေအနေတချို့ကိုတော့ ဝေဘာဂီအထူးကုဆေးရုံကြီးက ဒေါက်တာအေးမိုးသက်မြင့်က အခုလိုပြောပြထားပါတယ်။

စုစု။ ဒီလူနာက ဆရာမတို့ရဲ့ ဝေဘာဂီဆေးရုံမှာပဲ တင်ထားတာဆိုတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေ ပြောပြလို့ရမလားရှင့်။

ဒေါက်တာအေးမိုးသက်မြင့်။ ကျန်းမာရေး အခြေအနေကောင်းပါတယ်။ ကောင်းတယ်လို့ပဲ ပြောလို့ရပါတယ်။ ကောင်းပါတယ် သက်သာပါတယ်ပေါ့နော်။ အဲလောက်တော့ပြောလို့ရတယ်ရှင့်။ အသေးစိတ်ပြောလို့ မရပါဘူးရှင့်။ ဟုတ်ကဲ့။ ပြောရေးဆိုခွင့်ရှိသူမဟုတ်တော့ အများကြီးပြောလို့ မရပါဘူးရှင်။

ရောဂါပျောက်ကင်းသွားသူ လူနာနံပါတ် ၄ နဲ့ ၇ အပြီး လူနာနံပါတ် ၁၅ ဟာ ကိုဗစ်အတည်ပြုလူနာတွေထဲက သုံးဦးမြောက်ရောဂါ ပျောက်ကင်းသွားသူ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် ထုတ်ပြန်ပြီးချိန်အထိဆို မြန်မာပြည်တွင်းမှာ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၇၄ ဦး အထိ ရှိထားပြီးဖြစ်ပါတယ်။ ထပ်တိုးလူနာအများစုက ခရီးသွားရာဇဝင် မရှိဘဲ ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိထားသူတွေပါ။

ဒီရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်တွေက ဓာတ်ခွဲအတည်ပြုလူနာတွေ နေထိုင်ခဲ့တဲ့နေရာတွေကို အသွားအလာပိတ်လိုက်တဲ့အထိ အရှိန်မြှင့်ဆောင်ရွက်နေတဲ့အခြေအနေပါ။

ဓာတ်ခွဲအတည်ပြုလူနာ ၁၆ ဦးအထိရှိထားတဲ့ အင်းစိန်မြို့နယ်က နေရာသုံးခုမှာ အသွားအလာပိတ်ထားတဲ့အခြေအနေကို အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဗွီအိုအေကိုပြောပါတယ်။

“Lock down က ကျနော်တို့က လောလောဆယ် သုံးနေရာပဲ လုပ်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကျမ်းစာသင်ကျောင်းလမ်းက အစုအဖွဲ့များတယ်လေ။ များတော့ အဲဒီလမ်းတလမ်းကို ကျနော်တို့ Lockdown လုပ်လိုက်ခြင်းအားဖြင့် အဲဒီကတွေ့တဲ့လူက ၁၀ယောက်လောက် ရှိတာကိုး။ နောက် ဒီတောင်သူကုန်းထဲက တနေရာပေါ့။ နောက် ရွာမအရှေ့က တနေရာ။ သုံးနေရာပါပဲ။”

နောက်ထပ်တွေ့လာတဲ့ အတည်ပြုလူနာအများစုက ဘာသာရေးအခမ်းအနား တခုကနေ စခဲ့တာဖြစ်ပြီး အဲဒီပွဲကိုသွားခဲ့တဲ့ အင်းစိန်နေပြည်သူတွေကို ကူးစက်တဲ့အကြောင်းကိုလည်း ဦးဝေဖြိုးဟန်က အခုလိုရှင်းပြထားပါတယ်။

“သူတို့လုပ်တဲ့ဟာကတော့ ၈ မိုင်က ဘုရားကျောင်းတခုမှာလုပ်တာ။ ကျနော်တို့အင်းစိန်က လူတွေကသွားပြီး အဲဒီဘုရားကျောင်းသွားတက်ရင်းနဲ့မှ စတွေ့လိုက်တဲ့သဘောပေါ့နော်။ ကျနော်တို့မြို့နယ်အနေနဲ့ကတော့ ကိုယ့်ရဲ့မြို့နယ် လုပ်ငန်းကော်မတီကနေပြီးတော့ လုပ်ရမယ့်အပိုင်းတွေအကုန် ကြပ်ကြပ်မတ်မတ်လုပ်ထားတာမျိုး ရှိပါတယ်။”

တခြားပြည်နယ်နဲ့ တိုင်းအသီးသီးက နေရာတွေမှာလည်း ဓာတ်ခွဲအတည်ပြုလူနာ နေထိုင်ခဲ့တဲ့အိမ်အပါအဝင် လမ်းနဲ့ ရပ်ကွက်တချို့ကိုပါ အသွားအလာပိတ်ပင်လိုက်တဲ့အထိ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်နေတာတွေ့ရပါတယ်။

ဒီကနေ့မနက် ၁၀ နာရီခွဲအထိ စာရင်းတွေအရ မြန်မာပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ ၇၄ ဦးအထိ ရှိထားပြီး၊ အဲဒီထဲက ရောဂါပျောက်ကင်းသူ ၃ ဦးနဲ့ သေဆုံးသူ ၄ ဦးအထိရှိထားပြီး တဦးကိုတော့ အထူးကြပ်မတ်ကုသပေးနေရတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG