သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး မြန်မာလူမှု အရပ်ဘက် အဖွဲ့အစည်းများ အစည်းအဝေး


(Photo Credit: Myanmar CSOs Forum)
(Photo Credit: Myanmar CSOs Forum)

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပထမဆုံးအကြိမ် နှီးနှောဖလှယ်ပွဲ ကျင်းပပြီး ဆွေးနွေးသုံးသပ်နေကြပါတယ်။

ဒီပွဲကရရှိလာတဲ့ အမြင်သုံးသပ်ချက်၊ ရလဒ်တွေကို စုစည်းပြီး နိုင်ငံတော်အဆင့်၊ ဒေသတွင်းနဲ့ နိုင်ငံတကာအထိ တင်ပြသွားကြဖို့ ရည်ရွယ်ပါတယ်။ ရန်ကုန်မှာ ၃ ရက်တာ ကျင်းပနေတဲ့ လူထုအဖွဲ့အစည်းတွေရဲ့ နှီးနှောဖလှယ်ပွဲအကြောင်း မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ မြန်မာနိုင်ငံ နေရာအနှံ့အပြားက အရပ်ဘက် လူထုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ရာနဲ့ချီပြီးတော့ တက်ရောက်တဲ့ လူထုအဖွဲ့အစည်းများရဲ့ နှီးနှောဖလှယ်ပွဲမှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်းက ပြုပြင်ပြောင်းလဲမှုတွေကို ကဏ္ဍအလိုက် ဆွေးနွေးကြနေတာ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းမှုဆိုင်ရာ၊ တရားရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ်၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်နဲ့ လူငယ်ရေးရာ မူဝါဒ လိုအပ်ချက်တွေကို ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဦးဆောင် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

စီတန်းလှည့်လည်ခြင်း၊ ဆန္ဒပြခွင့်နဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတွေ၊ မီဒီယာဥပဒေ၊ ပညာရေးဆိုင်ရာဥပဒေ ၊ အလုပ်သမားဥပဒေ စတဲ့ ဥပဒေပြဋ္ဌာန်းမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ လူထုနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် မခင်လေး ပြောပြတာကတော့-

“လက်ရှိနေဥပဒေက သက်ဆိုင်သူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးတိုင်ပင်မှုလည်း မရှိဘူး။ ပညာရှင်တွေနဲ့လည်း ညှိနှိုင်းမှုမရှိဘူး။ နောက်ပြီးတော့ တကယ့် ကိုယ်စားပြုထားတဲ့ပေါ့ အလုပ်သမားဆိုရင်လည်း အလုပ်သမားဥပဒေ၊ လယ်သမားဆိုရင်လည်း လယ်သမားတွေ အကျိုးခံစားခွင့်မရှိတဲ့ ဥပဒေတွေ ဖြစ်နေတယ်ဆိုတဲ့ဟာကို ဝေဖန်ထောက်ပြကြတာပေ့ါနော်။ နောက် ဥပဒေလုပ်မယ်ဆိုရင်တော့ အကျိုးမရှိတဲ့ ဥပဒေတွေကိုလည်း တိုင်ပင်သင့်တယ်ဆိုတဲ့ဟာမျိုးကို ဆွေးနွေးတဲ့အပိုင်းပါပဲ။”

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတဲ့အခါမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြား ပြည်တွင်းစစ် အဆုံးသတ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုတွေမှာ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ ပါဝင်ပတ်သက်မှု၊ နောက် IDP အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အရေး လိုအပ်ချက်တွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အဓိက လှုပ်ရှား ဆောင်ရွက်နေသူတွေရဲ့ အမြင်ချင်း သုံးသပ် ဖလှယ်ကြပါတယ်။

“လက်ရှိဖြစ်နေတဲ့ မငြိမ်းချမ်းတဲ့ဖြစ်စဉ်တွေပေါ့ ငြိမ်းချမ်းရေးလို့ပြောထားပြီး conflict ဖြစ်နေတာတွေ၊ အဲ့ဒီအတွက်ကြောင့် ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေ၊ IDP ပေ့ါနော် အဝေးမှာရောက်ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ နေနေရသူတွေရဲ့ဘဝ၊ အမျိုးသမီးတွေ ပါဝင်မှုမရတာ၊ နောက် ဒီ conflict တွေကြောင့် လူငယ်တွေမှာ ဘဝတွေ၊ ရည်မှန်းချက်တွေပျောက်တာတွေ၊ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးတော့ ပါဝင်သင့်တယ်ဆိုတဲ့ဟာတွေကို သူတို့ အဓိကထားပြီးတော့ ဒုတိယ panel ကတော့ ဆွေးနွေးတယ်။ အခု ဆွေးနွေးနေဆဲဖြစ်တဲ့ တတိယ panel ကတော့ ဥပမာ အမုန်းစကားတို့၊ ပြောနေဆိုနေတဲ့ဟာတွေက ဘယ်လောက် အန္တရာယ်ကြီးတယ်၊ နောက်ပြီးတော့ ဒါတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီဘူး။ ဒါကို သမ္မတအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူသင့်တယ် ဆိုတဲ့ဟာမျိုးကိုလည်း ဝေဖန်ထောက်ပြတဲ့ ဆွေးနွေးပွဲပေါ့ နောက်ဆုံးဟာကတော့။”

အကြမ်းဖက်ဖြစ်စဉ်တွေအတွင်းမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍ၊ မီဒီယာလွတ်လပ်မှု၊ လူမှုကွန်ရက်နဲ့ စည်းရုံးလှုံ့ဆော်မှုတွေ၊ အမုန်းစကား ပျံ့နှံ့မှုတွေနဲ့ ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုလည်း သတင်းမီဒီယာသမားတွေနဲ့ ပညာရှင်တွေက သုံးသပ်ကြတယ်လို့ မခင်လေးက ပြောပြပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ဒုတိယမြောက်နေ့မှာတော့ လွှတ်တော်၊ အစိုးရအုပ်ချုပ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု အခန်းကဏ္ဍနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ တရားဥပဒေစိုးမိုးမှု တရားရေးစီရင်မှုတွေကို ဆွေးနွေးကြဖို့ရှိသလို၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ လယ်ယာမြေပြဿနာတွေ၊ ရွှေ့ပြောင်းအလုပ်သမားအရေးတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍနဲ့ ပူးပေါင်း ပါဝင်ပတ်သက်မှု နိုင်ငံရေးနဲ့ မူဝါဒရေးရာ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီတွေရဲ့ သက်ရောက်မှုတွေကိုလည်း သုံးသပ်ကြမှာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အပေါ် လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေရဲ့ ပူးပေါင်းပြီးတော့ အမြင်ချင်းဖလှယ်မှု သုံးသပ်ချက်တွေကို စုစည်းပြီး ပြုပြင်ပြောင်းလဲသင့်တဲ့ လိုအပ်ချက်တွေကို အစိုးရ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်အထိ တင်ပြတောင်းဆိုသွားကြမှာ ဖြစ်ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ခဝဲခြံ၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိဿဟာရ ခန်းမမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG