သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာငွေလဲလှယ်နှုန်းကန့်သတ်ချက် ဗဟိုဘဏ်ပယ်ဖျက်


မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွေ သိသိသာသာ မြင့်တက်နေချိန်မှာပဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေရောင်းဝယ်တဲ့အခါ ဗဟိုဘဏ်နှုန်းထားရဲ့ ဝ.၈ ရာခိုင်နှုန်းအထိသာ အလျှော့အတင်းဈေးကစားလို့ရတဲ့ ဘောင်သတ်မှတ်ချက်ကို မနေ့က ပယ်ဖျက်လိုက်ပါတယ်။ အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်းထားသတ်မှတ်ချက်ကို ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ဈေးကွက်ထိန်းကြောင်းမှု ပယ်ဖျက်လိုက်တဲ့အတွက် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသွားမှာဖြစ်ပေမဲ့လို့ ငွေကြေးဈေးကွက် ခိုင်မာမှုမရှိတဲ့မြန်မာငွေလဲလှယ်နှုန်းထားတွေ ဒီ့ထက်ပိုမြင့်တက်ပြီး ကမောက်ကမဖြစ်နိုင်တယ်ဆိုပြီး ဘဏ်လုပ်ငန်းရှင်တွေနဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေဘက်က တွက်ဆကြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့လတွေကစလို့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးငွေလဲလှယ်ရောင်းချတဲ့ ငွေကြေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း သိသိသာသာ တက်လာခဲ့ရာကနေ ဒီကနေ့ အင်္ဂါနေ့ညပိုင်းမှာတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၉၀ ကျပ်အထိ ဈေးပေါက်နေပြီဖြစ်ပါတယ်။ အခုလိုမျိုး ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာငွေနဲ့ မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကွာဟလာပြီး ဒေါ်လာဈေးမြင့်တက်လာချိန်မှာပဲ ၂၀၁၈ခုနှစ် သြဂုတ်လ ၁၃ရက်နေ့မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေ ရောင်းဝယ်ရာမှာ ဗဟိုဘဏ်ရဲ့သတ်မှတ်ချက် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း ဝ.၈ ရာခိုင်နှုန်း ထက် အောက်မကျရသလို မတက်ရဘူးဆိုတဲ့ ဘောင်သတ်မှတ် ညွှန်ကြားချက်ကို ပယ်ဖျက်ကြောင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်များအားလုံး ( Authorized Dealer License A.D) နဲ့ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ( Money Changer License M.C) ရရှိထားသူများအားလုံးကို ကြေညာလိုက်ပါတယ်။

အခုလိုမျိုး နိုင်ငံတော်ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေသတ်မှတ်ချက် ထိန်းချုပ်ထားမှုကို ပယ်ဖျက်ကြောင်းကြေညာလိုက်တဲ့အပေါ် နိုင်ငံခြားငွေကြေး ဈေးကွက်ခိုင်မာမှုမရှိတဲ့ မြန်မာငွေဈေးကွက်အထိ သက်ရောက်မှုတွေရှိလာနိုင်မယ့် အလားအလာကိုတော့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ် လက်ရှိ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဦးသန်းလွင် က အခုလိုသုံးသပ်ပါတယ်။

"ဝ.၈ ရာခိုင်နှုန်းကို သတ်မှတ်ချက်ထားထားတာလေ။ အပေါ်နဲ့ အောက်ကို အရင်တုန်းက IMF လုပ်တဲ့ စည်းမျဉ်းစည်းကမ်းပဲ ဒါလေးကို ပယ်ဖျက်လိုက်တယ်ဆိုတော့ ရည်ရွယ်ချက်တော့ကောင်းပါတယ်။ သူများ နိုင်ငံခြားမှာလိုပဲ Market ကို deregulate လုပ်တာပဲလေ။ Market ကို အထိန်းအကွပ်မရှိပဲနဲ့ လွတ်လွတ်လပ်လပ်ရောင်းတာ ကြိုက်ဈေးပေးပြီး ကြိုက်ဈေးဝယ်ပေါ့နော်။ ဒီလိုလေးအနေအထားလုပ်တာကတော့ မှားတယ်လို့ တော့ပြောလို့မရဘူး။ ဒါက ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် စဉ်းစားစရာတခုရှိတာက အနောက်နိုင်ငံက ဈေးကွက်တို့ အာဆီယံဈေးကွက်တို့က ရင့်ကျက်သွားပြီလေ။ အဲဒီတော့ မြန်မာဈေးကွက်က မရင့်ကျက်သေးတဲ့အပေါ်မှာ အထိန်းအကွပ်မဲ့ စဉ်းမျဥ်းစဉ်းကမ်းမရှိပဲနဲ့ လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးလိုက်တဲ့အပေါ်မှာ အခွင့်အရေးယူပြီးတော့မှ ဒါကိုအသုံးချမှာကို စိုးရိမ်တယ် ဒါတချက်ပဲ။ အဲဒါဘာကြောင့်ဖြစ်ရသလဲဆိုတော့ Market မရင့်ကျက်သေးဘူး။ အဲလို မရင့်ကျက်သေးတဲ့အပေါ်မှာ အခွင့်အရေးယူလာလို့ရှိရင်တော့ ဈေးကွက်က နည်းနည်းလေး အကျပ်အတည်း ပြန်ဖြစ်နိုင်တဲ့ အလားအလာရှိတယ်။ တက်လိုက် ကျလိုက်ဖြစ်လာရင်တော့ ဒါကောင်းတာတော့မဟုတ်ဘူးပေါ့နော်။"

နိုင်ငံတော်ဗဟိုဘဏ်ကနေ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တဲ့အတွက် ဘဏ်တွေနဲ့နိုင်ငံခြားငွေလဲလှယ်ရောင်းချနေတဲ့ ဈေးကွက်မှာ ပြင်ပပေါက်ဈေးအတိုင်း တရားဝင် အရောင်းအဝယ်လုပ်ခွင့်ရသွားတဲ့အပေါ်မှာတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူလည်းဖြစ်မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်း အသင်းချုပ်ရဲ့ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက အခုလိုသုံးသပ်ပါတယ်။

"ဟိုးအရင်တုန်းကတော့ ဗဟိုဘဏ် သတ်မှတ်ချက်နဲ့ Plus or Minus ဝ.၈ ရာခိုင်နှုန်းနဲ့ ကျနော်တို့ အရောင်းအဝယ် လုပ်လို့ရတာပေါေ့နာ် ဘဏ်တွေအနေနဲ့လည်း ဒါနဲ့ အရောင်းအဝယ်လုပ်လို့ရတယ်။ လက်ရှိကတော့ ဗဟိုဘဏ် သတ်မှတ်ချက်နဲ့ အပြင်ကလက်ရှိလုပ်နေတဲ့ နှုန်းထားက တအားကွာသွားတာပေါ့နော် ။ အမှန်တော့ သတ်မှတ်ချက်ကြီးက အလကားဖြစ်နေတော့ ဒီဟာကို ဖယ်လိုက်တော့ လုပ်ရကိုင်ရတာပိုအဆင်ပြေသွားတာပေါ့နော်။ တခါတလေ ပြင်ပကလာဝယ်တဲ့လူတွေအတွက် ဆိုင်းဘုတ်တပ်ထားရတာနဲ့ တကယ်ရောင်းတာက တခုဖြစ်နေတယ်။ တချို့မရောင်းချင်တဲ့ဘဏ်က မရှိဘူးလို့ပြောလိုက်တယ်။ ရောင်းရဝယ်ရတာခက်သွားတဲ့ သဘောရှိနေတယ်ပေါ့နော်။ အခုက သတ်မှတ်ချက်ကို ဖယ်ရှားလိုက်တဲ့အတွက် တရားဝင် ရောင်းဝယ်လို့ရသွားတဲ့ သဘောပါ။"

အခုလို တရက်ပြီးတရက် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထား တရိပ်ရိပ်မြင့်တက်လာတဲ့အတွက် မြန်မာ့ငွေကြေးဈေးကွက်မှာ ငွေလဲနှုန်းမတည်ငြိမ်မှုတွေကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်တွေ အခက် ကြုံရသလို စက်သုံးဆီနဲ့ အခြေခံစားသုံးကုန်ပစ္စည်းတွေ ဈေးမြင့်တက်လာတာမျိုးတွေလို နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိလာနေတယ်လို့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

"အဓိကတော့ သွင်းကုန်လုပ်ငန်းလုပ်တဲ့လူတွေအတွက်ကတော့ ပိုပြီးပြဿနာရှိတယ်။ သွင်းကုန်က ဒေါ်လာနဲ့ ပေးချေတာ၊ နိုင်ငံခြားငွေနဲ့ ပေးချေတာ နောက်ရောင်းပြီးရင် ပြန်ဝယ်တိုင်း အမြဲဈေးတက်နေတာပေါ့နော်။ သွင်းကုန်လုပ်ငန်းတွေပြီးရင် နောက်ဆက်တွဲကတော့ ပြည်သူတွေဖြစ်တာပေါ့နော်။ အခြေခံဖြစ်တဲ့ ဓါတ်ဆီ၊ဒီဇယ်တွေဈေးတက်လာမယ်။ စားအုန်းဆီဈေးတက်မယ်။ စားသောက်ကုန်ဈေးတက်မယ်။ ကျနော်တို့ ပြည်တွင်းက import လုပ်တာပိုများတာပေါ့နော် သုံးနေရတယ်။ ကုန်ဈေးနှုန်းတက်တယ်ဆိုတာတွေဖြစ်လာတယ်။ လုပ်ငန်းရှင်တွေအနေနဲ့က ကုန်ဈေးနှုန်းတက်တော့ ဝယ်လိုအားလျော့မယ် ၊ လျော့တဲ့အတွက် အရောင်းအဝယ်တွေ နှေးလာမယ်။ စီးပွားရေး ကျပ်တည်းလာမယ့်အနေအထားရှိတာပေါ့နော်။"

အခုဆိုရင်တော့ ဈေးကွက်မှာ ဒီကနေ့ ငွေလဲလှယ်နှုန်းထားပေါက်ဈေးက ၁၄၉၀ကျပ်အထိ ဖြစ်လာနေပေမဲ့လို့ ရှေ့ရက်တွေနဲ့ ရှေ့သီတင်းပတ်တွေမှာ ဒီ့ထက်ပိုပြီး မြင့်တက်လာနိုင်မလား- မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဘက်က ဘယ်လိုဆက်ပြီး ဆောင်ရွက်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ ဦးသန်းလွင်ကပြောပါတယ်။

"ဈေးကွက်ရဲ့ တုံ့ပြန်မှုက အရေးကြီးတာကို ဈေးကွက်က ဗဟိုဘဏ်ရဲ့ ပြောင်းလာတဲ့ ပေါ်လစီအရ ဘယ်လိုတုံပြန်မလဲဆိုတာကို ဒါက စောင့်ကြည့်ရမယ့်အနေအထားရှိသေးတယ်။ လောလောဆယ် မှတ်ချက်ပေးဖို့က အချိန်စောဦးမယ်လို့ ထင်တယ်။ ခဏစောင့်ကြည့်လိုက်ပါဦး တပတ်တန်သည်-နှစ်ပတ်တန်သည် စောင့်ကြည့်လိုက်ပါဦး။"

လတ်တလော မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ပြည်ပကို ကုန်တင်ပို့မှုထက် ပြည်ပက တင်သွင်းမှု များနေတဲ့အတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှု ပမာဏက ဘက်မမျှတဲ့ အခြေအနေတွေ ကြုံနေရတဲ့အတွက် အစိုးရနဲ့ ဘဏ်တာဝန်ရှိသူတွေဘက်က ခိုင်မာတဲ့စီးပွားရေးမူဝါဒပေါ်လစီတွေ ချမှတ်ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်တယ် လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

နိုင်ငံခြားငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်သတ်မှတ်ချက်ဘောင် ထားရှိတာကို ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းထားမြင့်တက်နေချိန်မှာပဲ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်မှုထိန်းချုပ်တာကို လုံး၀ ပယ်ဖျက်လိုက်တာ ဘယ်လိုကြောင့်ပါလဲ၊ ဒီလို ပယ်ဖျက်တဲ့အတွက် နိုင်ငံခြားလဲလှယ်မှုဈေးကွက်အတွက် ဘယ်လိုမျှော်လင့်စရာတွေ ဖြစ်လာမလဲ. ဗဟိုဘဏ် ဒုဥက္ကဌ တာဝန်ယူခဲ့ဖူးသူ ဦးသန်းလွင်ကို ကိုသားညွန့်ဦးက မေးမြန်းထားပါတယ်။ အရင်ဆုံးတော့ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနဲ့ပတ်သက်လို့ ဗဟိုဘဏ်က သတ်မှတ်ချက်ဘောင် ဘယ်လို ဆိုတာကို သူက ရှင်းပြထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG