သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာလဲနှုန်း ကျပ်ငွေဈေး ၁၆၀၀ ကျော်ကျ ရွှေဈေးမကြုံစဖူးတက်


Inflation in Myanmar

မြန်မာကျပ်ငွေတန်ဖိုး ဆက်ကျနေပြီး ဒီနေ့ ညနေပိုင်း အမေရိကန် တဒေါ်လာကို ငွေလဲနှုန်း ၁၆၂၀ ကျော်အထိ ရှိနေဆဲဖြစ်ပါတယ်။ အခေါက်ရွှေဈေး တကျပ်သားကို ဆယ်သိန်း လေးသောင်းခွဲဝန်းကျင်အထိ ရောက်သွားပြီး ၀ယ်မယ့်သူ မရှိသလောက် နီးပါး ဖြစ်နေတဲ့အတွက် ရွှေဆိုင်တချို့ အရောင်းအ၀ယ် ရပ်ဆိုင်းရမယ့် အခြေအနေတောင် ရောက်နေပြီဆိုပြီး ရွှေအရောင်းအ၀ယ်လုပ်သူ တချို့ ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ ကျပ်ငွေတန်းဖိုး ကျဆင်းမှုကို ဟန့်တားနိုင်အောင် အဓိက လိုအပ်တဲ့ ငွေကြေးစီးဆင်းမှုတွေကို စီစစ်နေတယ်လို့ ဆိုပါတယ်။ VOA သတင်းထောက် ကိုကောင်းစံဟိန်းက တင်ပြပါလိမ့်မယ်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းတဲ့တချိန်တည်းမှာ အခေါက်ရွှေဈေးကလည်း ဈေးတက်နေတဲ့အတွက် အရောင်းအ၀ယ်ပါးတာကြောင့် ရပ်ဆိုင်းရမယ့်အခြေအနေ ရောက်နေပြီလို့ ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တဦးက VOA ကို ပြောပါတယ်။

“အရောင်းအ၀ယ်က ဈေးနှုန်းတအားမြင့်လာတဲ့ အခါကျတော့ ၀ယ်တဲ့သူတွေမှာ အခက်အခဲရှိသွားတယ်လေ။ သူတို့က စီးပွားရေးက တက်လာတာမှမဟုတ်တာ အခုလက်ရှိမှာ လုပ်ငန်းပေါင်းစုံက အကျဘက်ကို ရောက်နေတာလေ။ငွေပိုငွေလျံ မရှိတဲ့အခါကျတော့ ကျနော်တို့လည်း အရောင်းအ၀ယ်ကျတာပေါ့။ အဲဒီအနေအထားပါ။”

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်းများအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းကလည်း ရွှေဈေးတည်ငြိမ်ဖို့ လိုပေမယ့် မရှိမဖြစ် ပစ္စည်း မဟုတ်တာကြောင့် တခြား အခြေခံ စာကုန်ပစ္စည်းတွေလောက် စားသုံးသူတွေအပေါ် ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တည်ငြိမ်အောင် အတတ်နိုင်ဆုံး ထိန်းနေတယ်ုလို့ သူက ဆိုပါတယ်။

“လက်ငင်းအရောင်းအ၀ယ်ဘဲ လုပ်ရမယ်ဆိုပီး ကျနော်တို့က လုပ်ပလိုက်တာလေ။အဓိကက ဒေါ်လာဈေးပါဘဲ။ ဒေါ်လာဈေးတက်ရင် ပြန်လိုက်တက်တယ် ဒေါ်လာဈေးကျရင် ပြန်ကျတယ်။ ရွှေက စားရတဲ့အရာမဟုတ်တော့ မ၀ယ်လည်းဘာမှ ပြဿနာမရှိဖူးဗျ။ ဒေါ်လာဈေးတက်ရင်သာအကုန် ဓါတ်ဆီဈေးတက်မယ် ဘာဈေးတက်မယ် transport charges တွေက တက်ကုန်တာလေ။ တက်ကုန်တဲ့ အခါကျတော့ ခရမ်းချဉ်သီးက အစ ကြက်သွန်က အစ အကုန်တက်တယ်။ တက်ရင် အခြေခံလူတန်းစားက အဲဒါတက်ရင်အကုန် ဒုက္ခရောက်ကုန်တယ်။ ရွှေကြောင့် ဒုက္ခရောက်စရာ အကြောင်းမရှိဖူးဗျ။ကျနော်တို့ကတော့ ရွှေဈေး တည်ငြိမ်စေချင်တာပါပဲဗျာ။ သူ့အထိုက်အလျောက်တော့ရှိအောင်တည်ငြိမ်စေချင်တာပဲ။ ဒါပေမဲ့လို့ ငွေဈေးက ပြန်ပြန်တက်တက်နေတဲ့ အခါကျတော့ လုပ်ရကိုင်ရ ခက်နေတာပေါ့။”

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းတဲ့ ဈေးကွက်ရဲ့ ရိုက်ခတ်မှုအဖြစ် နိုင်ငံခြားငွေနဲ့ မှာယူတဲ့ ဆေးဝါးနဲ့ ကျန်းမာရေးသုံး ပစ္စည်းတချို့ ဈေးတက်သွားပြီး ဖြန့်ဖြူးရောင်းချတဲ့ ကုမ္မဏီတချို့ကလည်း ဈေးကွက်ကို စောင့်ကြည့်တဲ့အနေနဲ့ အရောင်းအ၀ယ် ခဏရပ်ထားပါတယ်။ ဒီလို ရပ်နားချိန်မှာ ရွှေဆိုင်တချို့လည်း အရောင်းအ၀ယ် ရပ်တန့်ရမယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ရွှေအရောင်းအ၀ယ်လုပ်သူတချို့က ပြောဆိုတာပါ။

ကျပ်ငွေတန်ဖိုးကျဆင်းတာဟာ နိုင်ငံတကာငွေကြေးဈေးကွက်ရဲ့ ရိုက်ခတ်မှု ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အခြေခံစီးပွားရေး အားနည်းချက်တွေကြောင့် တခြားနိုင်ငံတွေထက် ပိုပြီး အထိနာတဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ဒီနေ့ ညနေ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကျပ်ငွေတန်းဖိုး ကျနေတဲ့ ကိစ္စကို အခုလို ပြောဆိုသွားပါတယ်။

“ငွေဈေးအရမ်းတက်တဲ့အခါမှာ အဓိကပြည်သူတွေအတွက် အဓိကလိုအပ်ချက်ပေါ့နော်။ မဖြစ်မနေလိုအပ်တဲ့ ဆေးဝါးပစ္စည်းလိုဟာမျိုး၊ နောက်တချက်က လူထုစားသောက်မှုကိုတိုက်ရိုက် သက်ရောက်စေမဲ့ Transaction Cost တွေမြင့်လာမယ့် စက်သုံးဆီလိုဟာမျိုးပေါ့နော် ဒါမျိုးတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ လူကြီးတွေလည်း စဉ်းစားနေပါတယ်၊ အကြံဥာဏ်တွေလည်းယူနေတယ်။ အဲဒီပေါ်မှာလည်း မကြာခင်မှာလည်း ဒါတွေနဲ့ပက်သက်ပီး တခုချင်း ဆိုလိုတာက အုတ်သြောသောင်းနင်း ဖြစ်သွားလို့လည်း မရဘူး။ လုပ်ကိုင်နေတဲ့သူတွေကိုလည်း ကြောက်လန့်တကြား ဈေးကွက်လန့်သွားမဲ့ ပုံစံမျိုးနဲ့ မဖြစ်စေရဘူး ပေါ့နော်။ အရာရာကိုချိန်ဆပြီးတော့ လုပ်တယ်။ အရင်တုန်းကလိုဆိုရင်တော့ လွယ်တယ်။ အရင်တုန်းကဆိုရင်ဥပမာ ဒေါ်လာဈေးတက်တယ်ဆိုရင် ဒေါ်လာရောင်းဝယ်နေတဲ့သူတွေ မြန်မာနိုင်ငံမှာကြည့်လိုက်ရင် ၁၀ယောက်လောက်ပဲ ရှိတယ်။ အဲဒီလူတွေကို ခေါ်ပီးတော့ ထိန်းတယ်ပေါ့ဗျာ။ ထိန်းပြီး မေးတယ် မြန်းတယ် ဒါဆိုရင် ဒေါ်လာဈေးကျတယ်။ဒါပေမဲ့ အခုအစိုးရကျတော့ အဲ့လိုမျိုး လုပ်လို့မရဖူး။ အဲဒီလိုလဲ မလုပ်ချင်ဘူး ပေါ့နော်။ မလုပ်ချင်တဲ့အတွက်ကြောင့် ဘာလုပ်နေသလဲဆိုတော့အခု ဘယ်နေရာ ဘာတွေဖြစ်နေသလဲဆိုတာ စာရင်းဇယားတွေ ငွေကြေးစီးဆင်းမူတွေ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ စီစစ်နေတယ်။”

ကျပ်ငွေတန်ဖိုးဟာ အမေရိကန် ဒေါ်လာနဲ့ ငွေလဲနှုန်း ဆက်တိုက်ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့ သုံးလက ငွေလဲနှုန်းနဲ့ နိုင်းယှဉ်ရင်၊ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာဖြစ်ပါတယ်။ ဒီလို ကျတာကို ထိန်းထားနိုင်အောင် မြန်မာနိုင်ငံ ဗဟိုဘဏ်က ကြိုးစားနေပေမဲ့ အခုအချိန်အထိတော့ ထိရောက်မှု မရှိသေးပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ရေရှည်မှာ ကုန်ထုတ်လုပ်ငန်းတွေအပေါ် ထိခိုက်လာနိုင်တဲ့အတွက် တရားမ၀င် ငွေလှဲလှယ်နေတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့နဲ့၊ ငွေကျေးတန်ဖိုး ကျဆင်းတာကို အခွင့်ကောင်းယူ ဈေးကစားတာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့ ဗဟိုဘဏ်နဲ့ အစိုးရကို အကြံပေး တောင်းဆိုနေကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG