သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး အကျဘက်ဦးတည်နေချိန်၊ မြန်မာ့စီးပွားရေး အကျပ်အတည်း ဆေးမြီးတိုနည်းနဲ့ ဖြေရှင်းလို့ မရနိုင်


အခုတလော ဓာတ်ဆီဝယ်မရဘူးဆိုတဲ့သတင်းတွေ ဆိုရှယ်မီဒီယာပေါ်မှာ ခပ်စိပ်စိပ်တွေ့လာရတာကို သတိထားမိပါတယ်။ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လောင်စာဆီပြဿနာကို ဘီဘီစီ၊ ဧရာဝတီ၊ Myanmar Now စတဲ့ သတင်းဌာနတွေကလည်း ဆက်တိုက်ဖော်ပြနေကြတာ တွေ့ရပါတယ်။ "လေးရက်တာအတွင်း တစ်လီတာ ကျပ်လေးရာခန့် တက်လာတယ်"လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဧရာဝတီသတင်းဌာနကတော့ "ဓာတ်ဆီ တစ်လီတာ ကျပ်၂,၁၀၀ ကျော်ရောက်"လို့ ခေါင်းစဉ်ပေးပြီး၊ Myanmar Now ကတော့ "စစ်ကောင်စီ ဒေါ်လာဈေး သတ်မှတ်ချက် မြှင့်တင်လိုက်ပြီးနောက်တွင် စက်သုံးဆီ တစ်လီတာ ၃၀၀ ဝန်းကျင် ခုန်တက်သွား" လို့ ခေါင်းစဉ်ပေး ရေးသားကြပါတယ်။ VOA ရဲ့ သြဂုတ်လ ၁၁ ရက်နေ့ သတင်းမှာတော့ တစ်ရက်အတွင်းမှာ ဓာတ်ဆီတစ်လီတာကို သုံးရာကျပ်နီးပါး ဈေးတက်သွားတယ်လို့ ဖော်ပြထားကာ ရန်ကုန်တက္ကစီအသင်းက တာဝန်ရှိသူတစ်ဦး ပြောကြားတာကို အခုလိုထုတ်လွှင့်ခဲ့ပါတယ်။

"ဒီနေ့ရန်ကုန်မှာ ဆီဆိုင်တိုင်းမှာ 92 မရပါ။ 95 မရပါ။ မြောက်ဥက္ကလာအဝိုင်း YP မှာတောင် 92/95 ပြတ်နေတယ်။ ဘယ်လို ရှေ့ဆက်ရမှန်း ကျနော်တို့လည်း မသိတော့ဘူး။ အခုက ကားကလည်း ဆွဲလို့လည်း မကောင်း၊ အော်ဒါကလည်း မထွက်၊ ခရီးသည်ကလည်း ဈေးမရ၊ ဘယ်လို လုပ်လို့လုပ်ရမှန်းကို မသိဘူး"

ဒီလို ရုတ်တရက် ဓာတ်ဆီဈေးနှုန်းတွေ ထိုးတက်ရတာဟာ စစ်ကောင်စီဥက္ကဌရဲ့ ပြောကြားချက်ကြောင့်လို့လည်း ထောက်ပြကြသူတွေ ရှိပါတယ်။ သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌက ရေနံနဲ့ ရေနံထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုး ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရတာကို လျှော့ချဖို့ လိုအပ်ကြောင်း ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလိုပြောကြားပြီး နောက်တစ်နေ့မှာ ဓာတ်ဆီဈေးနှုန်းဟာ တစ်လီတာ ၃၀၀ ကျပ် ခုန်တက်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားအရန်ငွေ နည်းပါးနေပြီး တစ်ဖက်မှာလည်း အသုံးစရိတ်၊ အထူးသဖြင့် စစ်စရိတ်အတွက် ဒေါ်လာလိုအပ်ချက် ကြီးမားနေပါတယ်။ ဒါကြောင့်လဲ စစ်ကောင်စီဥက္ကဋ္ဌဟာ သွင်းကုန်လျှော့ချရေး၊ ပြည်တွင်း ဖူလုံရေးအတွက် သွင်းကုန်အစားထိုး ထုတ်လုပ်ရေးတို့ကို မကြာခဏပြောကြားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

အမှန်တကယ်ကတော့ ပြည်တွင်းမှာ သုံးစွဲနေတဲ့ ကုန်ပစ္စည်းအများစုဟာ ပြည်ပကနေ တင်သွင်းနေရတာပါ။ အခုလို သွင်းကုန် ကန့်သတ်ဖို့ ကြိုးစားတာ၊ ပို့ကုန်ဝင်ငွေကနေရတဲ့ ဒေါ်လာငွေကို ဗဟိုဘဏ်ကနေ တစ်ဒေါ်လာကို ၁,၈၅၀ ကျပ်နဲ့ ဖြတ်ယူသိမ်းဆည်းတာတွေကြောင့် သွင်းကုန်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ကုန်စည်ပြတ်လပ်ခါ ဈေးနှုန်းတွေ ဆက်တိုက်တက်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် လောင်စာဆီ၊ စားအုန်းဆီနဲ့ ဆေးဝါးတွေ သိသိသာသာ ဈေးနှုန်းတွေ ခုန်တက်သွားခဲ့ပါတယ်။ အမေရိကန် တစ်ဒေါ်လာဈေးနှုန်းဟာလည်း ဗဟိုဘဏ်ပြင်ပ ဈေးကွက်မှာ၂,၆၀၀ ကျပ်ကျော်ထိ မြင့်တက်သွားခဲ့ပြီး ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ ကျပ် ၇၀၀ကျော် ကွာဟသွားတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဗဟိုဘဏ်သတ်မှတ်နှုန်းကို တစ်ဒေါ်လာ ၂,၁၀၀ ကျပ် ပြင်ဆင်သတ်မှတ်ပေးခဲ့ပြီး ပို့ကုန်ဝင်ငွေရဲ့ ၆၅ ရာနှုန်းကိုသာ ကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ ညွှန်ကြားချက်သစ်ထုတ်ခဲ့ပေမဲ့ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတော့ သိပ်မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာ အခုလို တွေ့ကြုံနေရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ "မြန်မာ့စီးပွားရေးဟာ အထိမခံ ရွှေပန်းကန် အခြေအနေကို ရောက်နေပြီ၊ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး ကြိုးစားထူထောင်လာတဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးပစ်လိုက်တယ်" လို့ မှတ်ချက်ပြုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ၂၀၂၂ ခုနှစ်အတွက် စုစုပေါင်း ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ) ဟာ ၂၀၁၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာစီးပွားရေးပညာရှင်တစ်ဦးကတော့ "အခုလောလောဆယ် ကြုံနေရတဲ့အခြေအနေတွေက ဘာကိုပြသလဲဆိုတော့ စစ်ကောင်စီဟာ နိုင်ငံရဲ့ စီးပွားရေး၊ စီမံခန့်ခွဲမှုကို နိုင်နိုင်နင်းနင်း လုပ်နိုင်စွမ်း မရှိဘူးဆိုတာပါပဲ။ ဗဟိုဘဏ်ရဲ့ အမိန့်ညွှန်ကြားချက်တွေကလည်း မြန်မာ့စီးပွားရေးကို ကမောက်ကမ ဖြစ်စေတာ တွေ့ရတယ်။ဒီအတိုင်းဆက်သွားရင် အခြေအနေတွေ ပိုဆိုးလာပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ကတော့ Societal resilience ကို အခြေခံပြီး စီးပွားရေးအရ ကြံကြံခံနိုင်ဖို့ ြင်ဆင်ထားကြဖို့ လိုပါမယ်"လို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါနဲ့ ယူကရိန်းစစ်ပွဲတို့ရဲ့ အကျိုးဆက်ကြောင့် အကျဘက်ကို ဦးတည်နေတယ်။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၆.၁ ရာနှုန်းကျဆင်းခဲ့ပြီး ဒီနှစ်မှာတော့ ၃.၂ ရာနှုန်း ကျဆင်းမယ်လို့ IMF က ခန့်မှန်းထားပါတယ်။ ဘီဘီစီရဲ့ သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြတဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနဲ့ မြန်မာ့စီးပွားရေးကျဆင်းမှုဆိုတဲ့ ဆောင်းပါးမှာ "ကမ္ဘာ့စီးပွားရေးကလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်မှုဆီကို သေသေချာချာ ဦးတည်နေပါတယ်။ မြန်မာ့စီးပွားရေးအပေါ်မှာလည်း ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့နိုင်ငံရေးရဲ့ သြဇာသက်ရောက်မှုက ကြီးသလို မိမိပြည်တွင်းက အရင်းခံနိုင်ငံရေး၊ စစ်ရေး အကြောင်းတရားတွေကလည်း သမိုင်းတလျှောက်မှာ တခါမှမကြုံဖူးတဲ့ ပုံစံမျိုးနဲ့ ကြီးမားနေပါတယ်။ ဒါ့ကြောင့် ရှေ့လာမယ့် မြန်မာ့စီးပွားရေးအလားအလာဟာ ကောင်းစရာထက် စိုးရိမ်စရာတွေက တော်တော်များနေပါတယ်"လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့စီးပွားရေးဟာလည်း အကျဘက်ကို ဦးတည်နေတာမို့ မြန့်မာ့စီးပွားရေးအကျပ်အတည်းကို ဆေးမြီးတို ကုထုံးနဲ့တော့ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီကနေ့ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းရဲ့ အရင်းခံပြဿနာဟာ နိုင်ငံရေးပြဿနာ ဖြစ်တာမို့ အရင်းခံပြဿနာကို ဖြေရှင်းနိုင်ရေးဟာ အဓိကကျကြောင်းပါ။

===Unicode ====








XS
SM
MD
LG