သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မူးယစ် စီးပွား အစိုးရ GDP ထက် ကြီးထွား


ဘိန်းစိုက်ခင်း။
ဘိန်းစိုက်ခင်း။

ကမ္ဘာ့တဝန်း တချို့ဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှုပမာဏ မြင့်တက်လာပေမဲ့ အားလုံးခြုံ ကြည့်ရင်တော့ မူယစ်ဆေးဝါး သုံးစွဲမှုအခြေအနေဟာ တည်ငြိမ်မှု ရှိလာတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ဟာ ၂၀၀၆ ခုနှစ်ကုန်ပိုင်းကစပြီး တိုးတက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စိုက်ခင်း ဧကပေါင်း တသိန်းခွဲနီးပါးထိ ရှိလာခဲ့ကြောင်း၊ ဘိန်းဖြူ ထုတ်လုပ်မှု ဟာလည်း ၂၀၀၈ ကနေ ၂၀၁၁ ခုနှစ်ကာလ ထုတ်လုပ်တဲ့ ပမာဏကို ပြန်လည် တိုးတက်လာခဲ့ကြောင်း UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး ရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာမှာဖေါ်ပြလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အဖြစ် မူးယစ်ဆေးဝါး မီးရှို့ဖျက်စီးတဲ့ အခမ်းအနားတွေကို ကျင်းပခဲ့ပါတယ်။ ကိုစည်သူနိုင်က ပြောပြပေးမှာပါ။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘိန်းစိမ်းထုတ်လုပ်မှုဟာ တန်ချိန် ၅၅၀၀ ရှိပြီး ကမ္ဘာ့ ဘိန်းစိမ်းထုတ်လုပ်မှုရဲ့ ၈၀% ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ဘိန်းစိမ်းထုတ်လုပ်မှုဟာ ၁၂ နှစ်အတွင်း စိုက်ဧက တသိန်းခွဲထိတိုးလာတာ တွေ့ရတယ်လို့ UNODC ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှု လည်ပတ်ငွေပမာဏဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်းပေါင်း ၉ သောင်းရှိတယ်လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Jeremy Douglas ကပြောပါတယ်။

“ဒေါ်လာသန်းပေါင်း ၉ သောင်းဆိုတာဟာ မြန်မာနိုင်ငံ ရဲ့ တရားဝင် GDP ပြည်တွင်းအသားတင်ထုတ်လုပ်မှု ပမာဏထက်အများကြီးပိုပါတယ်။ အိမ်နီးချင်း မဲခေါင်မြစ်ဝှမ်းဒေသတောင်ပိုင်းနိုင်ငံတွေရဲ့ GDP ထက်လည်း အများကြီး သာပါတယ်။ ဒါကြောင့် ဒီငွေစီးဆင်းမှုဟာ ဒေသတွင်း စီးပွားရေး အင်အားအကြီးမားဆုံးဖြစ်နေပါတယ်။”

အာရှနိုင်ငံတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေကိုလည်း UNODC က အခုလိုသုံးသပ်ပါတယ်။

“ကမ္ဘာမှာ အာရှနိုင်ငံတွေဟာ ဆေးခြောက်ထက် Methamphetamine စိတ်ကြွဆေးပြားသုံးစွဲမှု အများဆုံးနိုင်ငံတွေဖြစ်ကြပါတယ်။ ဒီအရှေ့တောင်အာရှနိုင်ငံတွေ မှာ ဓါတုဆေးဝါးက ထုတ်လုပ်တဲ့ စိတ်ကြွဆေးတွေကို အများဆုံး သုံးလာတာတွေ့ရပါတယ်။”

တရုတ်၊ မလေးရှား ၊ မြန်မာနဲ့ ဗိယက်နမ် အပါအဝင် ဒေသတွင်း အခြားနိုင်ငံတွေမှာလည်း ဘိန်းဖြူ ထုတ်လုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေတြိဂံနယ်မြေမှာ ၂၀၀၆ ခုနှစ်က စပြီး နှစ်စဉ် ဘိန်းအထွက်တိုးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီဒေသတွေမှာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ပံ့ကူညီမှု လိုအပ်တယ်လို့ UNODC ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


တစ်ချိန်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးပွဲကို ဒီကနေ့ မှာပဲ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တွေမှာ တပြိုင်တည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇွန်လကနေ ၂၀၁၄ ဇွန်လအထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမျိုးအစားမျိုးစုံကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွှေပြည်သာ ရဲအကြပ်သင်တန်းကျောင်းမှာ မီးရှို့ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေမှာ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ဘိန်းစာမှုန့်နဲ့အခြား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေ ပါဝင်ပြီးတော့ အမေရိကန်ဒေါ်လာ ၉.၇ သန်းတန်ဖိုးရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ် ။

မန္တလေးမြို့မှာ ဒေါ်လာ ၃၃ သန်းကျော်ဖိုး၊ တောင်ကြီးမြို့မှာ ဒေါ်လာ (၈၈) သန်းကျော်နဲ့ တစ်နိုင်ငံလုံးအနေနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၀.၉၄ သန်း တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဘိန်းစိုက်ပျိုးမှု အခြေအနေကို မူးယစ်ရဲတပ်ဖွဲ့ ရဲမှူးခင်မောင်သိန်းက အခုလိုပြောပါတယ်။

"ကိန်းဂဏန်းစာရင်းတွေအရ ဘိန်းစိုက်ပျိုးမှုလည်း များတယ်။ ဒါက တောင်သူတွေကို အစားထိုး သီးနှံဖွံ့ဖြိုးရေး လုပ်ငန်းတွေပေါ့။ ဆောင်ရွက်ဆဲဖြစ် တယ်။ နောက်တခါ ဒေသ အေးချမ်းမှု အတွက်က ညှိနှိုင်းဆွေးနွေးနေဆဲပဲ။ အငြင်းပွားမှုတွေ မပြီးသေးဘူး။ မပြီးသေးတဲ့အခါမှာ ထိန်းချုပ်မှု မလုပ်နိုင်သေးဘူး။ ဒီဘိန်းစိုက်တောင်သူတွေကို တခြားအသက်မွေးဝမ်းကျောင်း မလုပ်ပေးနိုင်သေးဘူး။ အဲ့ဒီ့အတွက် ခါတိုင်းထက်စာရင် နည်းနည်းလေး မြင့်တက်နေ တယ်ပြောလို့ရပါတယ်။ "

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုးသီးနှံ စိုက်ပျိုးရေး ပညာပေးလုပ်ငန်းတွေနဲ့ လူငယ်တွေနဲ့ မူးယစ်ဆေးသုံးစွဲသူတွေကြားမှာလည်း ပညာပေးလုပ်ငန်းတွေကို စီမံကိန်းချ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်က စတင်ကာ ဘိန်းစိုက်ပျိုးမှုနဲ့ အခြားမူးယစ်စေသောဆေးဝါး များ လျှော့ချရန် ၁၅ နှစ်စီမံကိန်း ရေးဆွဲ ဆောင်ရွက်ခဲ့ရာ အစောပိုင်းနှစ်တွေမှာ အနည်းငယ် ကျဆင်းခဲ့ပေမယ့် ၂၀၀၇ ခုနှစ်က စတင်ကာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါကြောင့် ဘိန်းစိုက်ပျိုးမှု လျှော့ချရေး နောက်ထပ် ၅ နှစ် စီမံကိန်းကို ၂၀၁၉ ထိ သတ်မှတ်ထားတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်သေးသ၍ ပပျောက်ဖို့ မလွယ်ကူသေးကြောင်းလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ပြ ဝေဖန်နေကြပါတယ်။

XS
SM
MD
LG