သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲကြောင့် မြန်မာ့စီးပွားရေးတိုးတက် IMF သုံးသပ်


IMF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ Anoop Singh (ဓာတ်ပုံ - IMF)
IMF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ Anoop Singh (ဓာတ်ပုံ - IMF)
မြန်မာနိုင်ငံဟာ စီးပွားရေးကို ခေတ်မှီအောင် ပြုပြင်ပြီး ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းထဲ ပြန်ဝင်လာတာ တွေ့ရသလို ပြီးခဲ့တဲ့နှစ်ထဲမှာ နိုင်ငံတွင်း အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့အတွက် စီးပွားရေး ကြီးထွားမှု လျင်လျင်မြန်မြန် ဖြစ်လာတာတွေ့ရတယ်လို့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံတွေနဲ့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ ၂၀၁၃ ခုနှစ်အတွက် စီးပွားရေး ကြီးထွားမှုနှုန်း သိသိသာသာ မြင့်မားလာတာကြောင့် ကမ္ဘာ့စီးပွားရေး ပြန်ပြီး နလန်ထူဖို့ ဖြစ်လာတယ်လို့လည်း IMF ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံတွေမှာ ထွက်ကုန်ပမာဏ ၃ ဒဿမ ၃ ရာခိုင်နှုန်း မြင့်မားလာပြီး ဒါဟာ အဓိက အမေရိကန် ပြည်ထောင်စု အတွင်း စီးပွားရေး ပြန်လည် နလန်ထူလာစ ပြုလာတာကြောင့်အပြင် အာရှနိုင်ငံတွေရဲ့ စီးပွားရေး ကြီးထွားမှုနှုန်းက သိပ်ကို အရေးပါတဲ့ကဏ္ဍမှာ ရှိနေတယ်လို့ IMF အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသ အကြီးအကဲ အနွတ် ဆင်းမ် (Anoop Singh) က ပြောပါတယ်။

“အာရှနိုင်ငံတွေမှာကြည့်မယ်ဆိုရင် စီးပွားရေးကြီးထွားမှုနှုန်းက ဒီနှစ်မှာ ၅ ဒဿမ ၇ ရာခိုင်နှုန်းလောက်ကို ဖြစ်လာနေပြီး၊ ၆ ရာခိုင်နှုန်းလောက်အထိကို တက်သွားနိုင် ပါတယ်။ ဒါ့အပြင် အာရှဒေသတွင်း ထူးထူးခြားခြား တိုးတက်မှုကနေ ၇ ရာခိုင်နှုန်းလောက်အထိကို ဖြစ် လာနိုင်တာပါ။”

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ပြန်လည်ပြီး ကောင်းမွန်လာတာဟာ အာရှဒေသ စီးပွားရေး ကောင်းမွန်လာလို့ဖြစ်သလို၊ ဒေသတွင်း ပြည်တွင်း ဝယ်လိုအား
မြင့်မားလာတာနဲ့ အလုပ်လက်မဲ့နှုန်း ကျဆင်းလာတာဟာ အဓိကလို့ ဆိုပါတယ်။

“အာရှဒေသအတွက် ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် တိုးတက်လာနေတဲ့ အာရှဒေသတွင်း နိုင်ငံတွေမှာ ဝယ်လိုအား သိပ်မြင့်လာတာ စီးပွားရေး ကြီးထွားမှုကို အဓိက ဖြစ်စေတဲ့အချက်ပါ။ ဒေသတွင်း စားသုံးမှု အနေအထားရော၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပါ တိုးလာနေတာကို တွေ့ရမှာပါ။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးမှာရော၊
ဒေသတွင်း စီးပွားရေးအတွက်ပါ ပိုကောင်းလာစေတဲ့အချက်က အလုပ်သမား ဈေးကွက် ကောင်းနေတာကြောင့်မို့ဆိုတာ ရှင်းပါတယ်။”

မြန်မာနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းထဲ ပြန်လည် ဝင်နိုင်ဖို့ ကြိုးစားလာတာ တွေ့ရပြီး၊ ပြီးခဲ့တဲ့နှစ်ထဲ ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် စီးပွားရေး ကြီးထွားမှု လျင်လျင်မြန်မြန် ဖြစ်လာတာကို တွေ့ရတယ်လို့ IMF ရဲ့ ဧပြီလ အစီရင်ခံစာမှာ မြန်မာနိုင်ငံဆိုင်ရာ ခန့်မှန်းချက်ကို ဖော်ပြထားပါတယ်။

၂၀၁၃ ခုနှစ် ပထမ လေးလပတ်ထဲမှာ မြန်မာနိုင်ငံ သွင်းကုန်ထုတ်ကုန်လုပ်ငန်း တဟုန်ထိုး မြင့်မားလာပြီး ဒါဟာ အထည်ချုပ်စက်ရုံတွေရဲ့ ထွက်ကုန်တိုးတာနဲ့ စီးပွားရေးပိတ်ဆို့တဲ့ နိုင်ငံတွေက ပိတ်ဆို့မှုတွေ ယာယီ ရုပ်သိမ်းပေးခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးပြီး ပြုပြင်ပြောင်း လဲမှုတွေ လုပ်လာတဲ့အပေါ်မှာ မူတည်ပြီး စီးပွားရေး အလားအလာလည်း မြင့်မား လာတယ်လို့ ဖော်ပြပါတယ်။ ဝင်ငွေနည်း စီးပွားရေးလုပ်ငန်း တွင်ကျယ်တဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဆင်းရဲတွင်း နက်နေတာဟာ ရသုံးငွေ ကွာဟမှုများတာကို ထိန်းညှိမပေးနိုင်လို့ဖြစ်ပြီး မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်က သိပ်ကို ကြီးမားနေတာမို့ ဒါကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် နှစ်စဉ် လိုငွေပြမှုကို ထိန်းထားနိုင်မယ့် မြင့်မားပြီး တည်ငြိမ်တဲ့ အခွန်ဘဏ္ဍာရအောင်လုပ်ဖို့ လိုအပ်နေတယ်လို့ အကြံပေးထားပါတယ်။

အစိုးရပိုင်းက စီမံခန့်ခွဲရေး ကောင်းမွန်အောင် လုပ်ဆောင်မှုတွေနဲ့အတူ အခွန်ကောက်ခံနှုန်း ပြောင်းလဲလာတာနဲ့ လူထုရဲ့ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ ပိုပြီး တိုးတက်လာတာကို တွေ့ရတဲ့အတွက် IMF က ကြိုဆိုလိုက်ပါတယ်။

AEC လို့ခေါ်တဲ့ အာဆီယံ စီးပွားရေး အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ၂၀၁၅ မှာ ကမ္ဘာ့နိုင်ငံတွေကြား ငွေကြေးဆိုင်ရာ အလေးထားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် နှစ်ဆန်းမှာ FESR လို့ခေါ်တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတာကို ချပြခဲ့ပြီး ဆင်းရဲမှု လျှော့ချရေးနဲ့ အစုရှယ်ယာ တန်ဖိုးတွေ မြင့်မားလာအောင် ရေရှည် စီးပွားရေး တိုးတက်ဖို့ လမ်းဖွင့်ပေးခဲ့တာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ငွေကြေး ဖောင်းပွမှု သိပ်မရှိအောင် ဦးစားပေး ပြီး နိုင်ငံတကာနဲ့ ကုန်သွယ်မှုလုပ်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာ တွေ့ရပေမဲ့
နိုင်ငံတကာက ဝင်လာမယ့် စီးပွားရေးလုပ်ငန်းတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပြီး နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စီမံခန့်ခွဲရေးဟာ မြန်မာနိုင်ငံ အတွက် အဓိက စိန်ခေါ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေကိုယ်တိုင် စောင့်ကြည့်လုပ်ဆောင်နေတဲ့ Staff Monitor Program လို့ခေါ်တဲ့ SMP လုပ်ငန်းမှာ IMF က မြန်မာအာဏာပိုင်တွေကို အကူအညီပေးနေတယ်လို့ ဆိုပါတယ်။ FESR နဲ့ SMP အစီအစဉ်တွေအတွက် ၂၀၁၃ ခုနှစ် အစောပိုင်းမှာပဲ အာရှဖွံ့ဖြိုးမှု ADB နဲ့ World Bank ကမ္ဘာ့ဘဏ်တို့အပြင် မြန်မာနိုင်ငံ တင်ရှိနေတဲ့ ပဲရစ်ကလပ် မြီရှင်နိုင်ငံတွေက
မြန်မာနိုင်ငံကနေ ပေးရမယ့် ကြွေးကျန်တွေအတွက် ငွေချေးပုံစံ ပြောင်းလဲ ပြီးတာ၊ ငွေလျှော်ပစ်တာတွေ လုပ်ပေးခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်းမှာ အခုလုပ်ဆောင်မှုတွေရဲ့ အကျိုးအမြတ်တွေ ကို မြန်မာနိုင်ငံ ခံစားရမှာဖြစ်ပြီး စီးပွားရေး ကြီးထွားမှုနှုန်း ၇ ရာခိုင်နှုန်းလောက်အထိ တက်လာနိုင်တယ်လို့လည်း IMF က ခန့်မှန်းထားပါတယ်။
XS
SM
MD
LG