သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပို့ကုန်လုပ်ငန်းများ အခက်အခဲကြုံ


မြန်မာပို့ကုန်လုပ်ငန်းများ အခက်အခဲကြုံ
မြန်မာပို့ကုန်လုပ်ငန်းများ အခက်အခဲကြုံ

မြန်မာနိုင်ငံမှာ ပို့ကုန်လုပ်ငန်းတွေ အတော်များများ ထိခိုက်မှုတွေ ကြုံနေရတဲ့ အချိန်မှာ အထည်ချုပ်လုပ်ငန်း အချို့ ရပ်ဆိုင်းရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ အခုနှစ်လယ်ပိုင်းကတည်းက ဖြစ်နေတဲ့ မြန်မာငွေတန်ဖိုး မြင့်မားတာကြောင့် ဖြစ်သလို နိုင်ငံတကာ စီးပွားရေး ကျဆင်းမှု ဂယက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အထည်ချုပ်လုပ်ငန်း အတော်များများ ပုံမှန် မလည်ပတ်နိုင်တာကြောင့် ဒီရက်ပိုင်းထဲ စက်ရုံအချို့ ပိတ်ပစ်ခဲ့ရပြီး အများစုဟာ နေ့စဉ် ပုံမှန် မလည်ပတ်နိုင်တဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ အမည်မဖော်လိုတဲ့ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အထည်ချုပ်လုပ်ငန်းလိုပဲ အခြား ပြည်ပပို့ကုန်လုပ်ငန်း အတော်များများလည်း လုပ်ငန်းတွေ ကျဆင်းနေတဲ့ အခြေအနေ ရှိနေပါတယ်။ ရေလုပ်ငန်းထွက် ပစ္စည်းတွေလည်း ပြည်ပက ဝယ်လက်မရှိတာကြောင့် စက်ရုံအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။

အစိုးရဘက်က တက်ခါစမှာ ပြည်ပပို့ကုန် အခွန်ငွေ ၁၀% ကနေ ၇% အထိ လျှော့ချပေးခဲ့တာ၊ ပို့ကုန် သွင်းကုန် လိုင်စင်တွေကို အရင်လိုမဟုတ်ဘဲ မြန်မြန်ဆန်ဆန် ချပေးတာမျိုး ရှိနေပေမဲ့ ပို့ကုန်လုပ်ငန်း ကျဆင်းမှုက ပိုပြီး အရှိန်ကောင်းနေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အထည်ချုပ်လည်း အခြေအနေ မကောင်းဘူး။ အဓိကကတော့ ဒေါ်လာဈေးကျတယ်။ ဒေါ်လာဈေးကျတော့ CMP လို့ခေါ်တဲ့ အပ်ထည်တွေနဲ့ လုပ်တာကိုး။ လုပ်တော့ သူတို့ဝန်ဆောင်ခတွေက မြန်မာငွေ ပြန်အရနည်းသွားတာပေါ့။ အခု ၇%၊ ကျနော်တို့ မူလက ၁၀%၊ ကုန်သွယ်လုပ်ငန်းကို ၈%၊ ဝင်ငွေခွန် ၂% ကောက်တာကို ၇% လျှော့လိုက်တာ သိတယ်မလား။ အဲဒီလို လျှော့တာမှာ CMP တွေ မပါဘူး၊ အထည်ချုပ်တွေ မပါဘူး။

“အဲဒီတော့ ဒီဘက်က တခြား ပို့ကုန်တွေက အဲဒီသက်သာခွင့် ရပေမဲ့ သူတို့မရဘူး။ အဲဒါလည်း အကြောင်းတခုပဲ၊ အထည်ချုပ်တွေ အခြေအနေ ပိုဆိုးသွားတာပေါ့။ တခြား Export တွေလည်း လေးတာပဲ။ ပဲဈေးကွက်ကတော့ ဈေးကွက်ကြီးတော့ လည်တော့ လည်ပတ်နေတုန်းပဲပေါ့။”

အခု Export က မြန်မာနိုင်ငံထဲက ငွေဈေးကြောင့်ပဲလား၊ အပြင်က ကမ္ဘာ့စီးပွားရေးကျတဲ့ ဂယက်ပါ ဝင်တာကြောင့်လား။

“ကျနော်တို့ အမေရိကန်ဒေါ်လာ ဈေးနှုန်းက မဖြစ်သင့်တဲ့ ပုံစံမျိုး ဖြစ်လာခဲ့တာတော့ ကြာပြီဗျ၊ တကယ်တော့။ အဲဒါ ဘာကြောင့်လဲဆိုတော့ မြန်မာပြည် စီးပွားရေးရဲ့ ပုံမမှန်မှုပေါ့ဗျာ။ ဥပမာ လုပ်ငန်းတွေက တရားဝင်တာရော၊ တရားမဝင်တာရော ရောပြီးသွားနေတဲ့ ပုံစံတွေပေါ့။ ပုံမှန်မဟုတ်တာ ကြာပြီကိုး။ အဓိကအကြောင်းကတော့ အဲဒါပဲ။ ဒါပေမဲ့ နိုင်ငံတကာ အမေရိကန် ဒေါ်လာဈေး ကျတာတွေ၊ အခုဆိုရင် နိုင်ငံခြား စတော့ဈေးတွေ ကျလာတာတွေ၊ ဒါတွေရဲ့ သက်ရောက်မှုလည်း ရှိသင့်သလောက်တော့ ရှိတာပေါ့။

“ပို့ကုန်သွင်းကုန် လိုင်စင်တွေကို ၂ ရက်၊ ၃ ရက်နဲ့ ချပေးရမယ် ဆိုပြီးတော့ လုပ်ပေးတာတွေ ရှိတယ်။ သွင်းကုန်လိုင်စင်တွေ ချပေးတာမှာ သူတို့က ပို့ကုန်နဲ့ ပြန်ချိန်တယ်။ ဥပမာ Export ဘယ်လောက်ရှိမှ Import လိုင်စင်၊ အဲဒီအတွက် အဲဒါနဲ့ ညီမျှတဲ့ Import ကို ပြန်လုပ်၊ လိုင်စင်ပြန်ချပေးတယ်ဆိုပြီး ချိန်တာရှိတယ်။ အဲဒီလို ချိန်တဲ့အခါ ကျောက်မျက်ကရတဲ့ ဝင်ငွေတို့၊ ဓာတ်ငွေ့ကရတဲ့ ဝင်ငွေတို့ မပါဘူး။ မပါတဲ့ အခါကြတော့ ဒီဘက်က Export ကျလာသော်လည်း သွင်းကုန်သွင်းဖို့က အခက်အခဲ ဖြစ်လာပြန်ရော။”

စီးပွားရေး လုပ်ငန်းရှင်တဦး ပြောသွားတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာ ကမ္ဘာမှာလည်း စတော့ဈေးကွက်တွေ ပြိုပျက်ပြီး အမေရိကန် ငွေကြေးတန်ဖိုးပါ ကျဆင်းလာတာကြောင့် နောက်တကြိမ် ကမ္ဘာ့စီးပွားပျက်ကပ်များ ဖြစ်လာဦးမလား စိုးရိမ်နေကြရတဲ့အချိန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပို့ကုန်ဈေးကွက် ပျက်နေတာမို့ ကမ္ဘာ့စီးပွားရေးဂယက် ထပ်ရိုက်ခတ်လာရင် ထိခိုက်မှုတွေ ပိုဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာ့စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေးနဲ့ အဆက်အစပ် အားနည်းလို့ ထိခိုက်သက်ရောက်မှု နည်းမယ်လို့လည်း စီးပွားရေး လေ့လာသူတွေက ယူဆပါတယ်။

စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ) ကတော့ ပို့ကုန်ကျဆင်းတာကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေတင် မဟုတ်ဘဲ အခြား သာမန် လက်လုပ်လက်စားတွေနဲ့ အောက်ခြေလူတန်းစားကိုပါ သွယ်ဝိုက်ပြီး ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။

“ဂယက်က အခုထိတော့ ရောက်စရာ သိပ်အကြောင်း မရှိသေးဘူး၊ နည်းနည်းလေး စောသေးတယ်။ အတွင်းအကြောင်းတွေပဲ များတယ်။ အတွင်းမှာ အဓိကကတော့ ၁၀% ကနေ ၇% လျှော့ပေးပေမဲ့ သိပ်ပြီးတော့ အကျိုးများပုံ မရဘူး။ အခုကတော့ Macro Economic Conference လုပ်ဖို့တော့ ပြင်နေကြတာပဲ။”

စီးပွားရေးဂယက်က Export တခုပဲလား၊ ကျန်တဲ့ဟာတွေမှာရော ဂယက် ဘာရှိလဲ။

“Export ကတော့ Export တဆင့်၊ ဥပမာ လယ်ယာပစ္စည်းတွေ မပို့ရဘူးဆို လယ်သမားတွေ သွားထိတာပေါ့။ Export ဆိုတာကတော့ မြင်သာတဲ့ဟာကိုး။ Export တွေ မပို့နိုင်ဘူး၊ ဈေးကျတယ်၊ ဈေးကျတယ်ဆိုရင် လယ်သမားတွေအတွက် ဝယ်ရတာ ပြုရတာ ထိပြီလေ။”

အမေရိကန်ဒေါ်လာ ငွေဈေးဟာ ဒီကနေ့မှာတော့ တဒေါ်လာကို ၇၅၅ ကျပ်အထိ ဈေးကျသွားခဲ့ပါတယ်။ ရွှေဈေးကတော့ တကျပ်သားကို မြန်မာငွေ ၆၈၀,၀၀၀ ကျော်အထိ ဖြစ်သွားလို့ ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် လိုက်တက်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG