သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင် အုပ်ချုပ်ရေးနဲ့ တိုင်းပြည် မတိုးတက်နိုင်


အာဏာရှင် အုပ်ချုပ်ရေးနဲ့ တိုင်းပြည် မတိုးတက်နိုင်
အာဏာရှင် အုပ်ချုပ်ရေးနဲ့ တိုင်းပြည် မတိုးတက်နိုင်

မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးဖို့အတွက် အာဏာရှင် တဦးတယောက်တည်း အုပ်ချုပ်လို့ မရဘဲ တတ်သိပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ စုပေါင်း လုပ်ဆောင်ကြမှသာ တိုးတက် အောင်မြင်နိုင်မယ်လို့ ထိပ်တန်း စီးပွားရေးပညာရှင် တဦးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်အောင် စစ်အစိုးရရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဗီယက်နမ်မှာ ပြောခဲ့တဲ့အပေါ် အငြိမ်းစား စီးပွားရေး ပါမောက္ခချုပ် ဦးခင်မောင်ကြည်က အခုလို ဝေဖန် ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ပြုန်းတီးသွားနိုင်တဲ့ သယံဇာတတွေကို အသုံးပြုမှု နည်းပါးပြီး ပြန်လည် ဖြည့်ဆည်းနိုင်တဲ့ သယံဇာတတွေကိုသာ အခြေပြု လုပ်ဆောင်နေတယ်လို့ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၀ ခုနှစ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားသွားခဲ့တာပါ။

ဝန်ကြီးချုပ် ဦးသိန်းစိန်ရဲ့ အခုလို ပြောဆိုချက်ဟာ လက်တွေ့မှာ စစ်အစိုးရက ရှာဖွေတူးဖော် ရရှိသမျှ သယံဇာတ အရင်းအမြစ်တွေကို နိုင်ငံခြား ရောင်းချပြီး ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် တခြားနည်းလမ်းတွေကို အသုံးချတဲ့ နေရာမှာ အားနည်းနေတဲ့အကြောင်း ထိပ်တန်း စီးပွားရေးပညာရှင် ပါမောက္ခ ဦးခင်မောင်ကြည်က သုံးသပ် ပြောဆိုပါတယ်။

“ရေရှည်အတွက်ကတော့ ကျနော်တို့ တိုင်းပြည်က ကျနော်တို့ရဲ့ သဘာ၀ Resources တွေကို Develop လုပ်ရမှာပဲ။ အဓိပ္ပာယ်က စပါးပိုထွက်အောင် လုပ်ရမယ်၊ ဆန်ပိုထွက်အောင် လုပ်ရမယ်။ အဲဒါတွေကို ကျနော်တို့ Develop လုပ်ရမှာပဲ။ အဲဒါတွေက ပြန်ပြီးတော့ Renewable ဖြစ်တာကိုး။ အဲဒါတွေက ဆက်လုပ်သွားရမှာပဲ။ ပြီးတော့ တမျိုးတည်းကိုပဲ အားကိုးပြီး လုပ်မယ်ဆိုတာလည်းပဲ ဆက်ပြီး စဉ်းစားလို့မရဘူး။”

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အမှန်တကယ် လုပ်ဆောင်လိုတယ် ဆိုရင်တော့ လူတဦးတယောက်တည်းက အာဏာရှင်ဆန်ဆန် အားလုံးကို ချုပ်ကိုင် အမိန့်ပေးတဲ့ စနစ်မျိုးနဲ့ လုပ်ဆောင်လို့ မရနိုင်ဘူးလို့ ပါမောက္ခ ဦးခင်မောင်ကြည်က ပြောပါတယ်။

“ကျနော့်ရဲ့ အကောင်းဆုံး အကြံပေးချက်က အာဏာရှင်စနစ်ကို Give up လုပ်ပြီးတော့ လူတော်တော်များများက ဆုံးဖြတ်နိုင်တဲ့ အခြေအနေမျိုးရောက်အောင် လုပ်ရမယ်လို့ ထင်ပါတယ်။ နောက်တခုက မြန်မာပြည်မှာရှိတဲ့ သယံဇာတ ပစ္စည်းတွေကိုလည်း ဘယ်လို ရှေ့ကို ဆက်သုံးမလဲ ဆိုတာလည်း အစီအစဉ် လုပ်ရတယ်လို့ ထင်ပါတယ်။ တရုတ်ပြည်ကို ဆန်ရောင်းရင်၊ ကျောက်သံပတ္တမြား ရောင်းလိုက်ရင် ဒါ ပြန်လာတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ကျနော်တို့ ပြန်မရနိုင်တော့ဘူး၊ ဒီဥစ္စာတွေက။

“အဲဒါတွေက ဘယ်လို ရေရှည်မှာ တိုင်းပြည်အတွက် ဘယ်လိုလုပ်မလဲဆိုတာ၊ Renewable Resources ဖြစ်လာအောင်၊ Unrenewable Resources ကနေ Renewable Resources ဖြစ်လာအောင်၊ ပစ္စည်းကို ပြန်ပြီးတော့ အစားထိုးနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ အစောပိုင်း အစိုးရတွေကို စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက မှားယွင်းမှု ရှိခဲ့တာတွေကိုလည်း ပါမောက္ခ ဦးခင်မောင်ကြည်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ လုပ်စဉ်အခါကတည်းက မှားခဲ့တာတခု ကျန်တယ်ဗျ။ အဲဒါကတော့ အခုလက်ရှိ ဆန့်ကျင်ဘက်မှာ လုပ်နေတဲ့ လူနဲ့ပဲ ကျနော်နဲ့ တော်တော်လေး သဘောထားချင်း ကွဲတဲ့သဘောတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည် စပြီး ထူထောင်စဉ် အခါကတည်းကိုက အာဏာရှင်စနစ်ကို သွားလုပ်လိုက်တယ်ဗျ။ အဲဒါက ကျနော်တို့ရဲ့ တကယ့် ဒီမိုကရေစီ လမ်းကြောင်းကို အစကတည်းက လိုက်ခဲ့တာ မဟုတ်ဘူး။

“ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တဲ့ လမ်းစဉ်ကလည်း အာဏာရှင်စနစ်ပဲဗျ။ လူတယောက်တည်းအပေါ်မှာ အားကိုးထားတဲ့ စနစ်ပဲ။ အဲဒါကို ကျနော်တို့ သွားပြီးတော့ မီလိုက်တာကိုး။ အဲလို အာဏာကို လူတယောက်တည်းမှာ ပေးပြီးတော့ လူတယောက်တည်းက ဖြစ်နေတာက ရှေ့ရေရှည်ရော ဘာရော၊ အရှည်ကြည့်ရင်ရော သဘာ၀ မကျတဲ့ဟာပဲလို့ ကျနော် ယူဆပါတယ်။”

ပါမောက္ခ ဦးခင်မောင်ကြည်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၉၇၀ ပြည့်လွန် နှစ်တွေအထိ တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပြီး မြန်မာပြည် လွတ်လပ်ရေးရပြီး နောက်ပိုင်း တက်လာတဲ့ အစိုးရ အဆက်ဆက်ကို စီးပွားရေး မူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG