သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဖွံ့ဖြိုးရေးအတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ်


နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ကြသူများ။ သြဂုတ် ၁၉၊ ၂၀၁၁။

စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအဖွဲ့တွေနဲ့ အရပ်သား စီးပွားရေး လုပ်ငန်းရှင်တွေ နေပြည်တော်မှာ ၃ ရက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တာမှာ အခွန်ကိစ္စ၊ ကုန်သွယ်ရေး မူဝါဒနဲ့ လာဘ်ပေး လာဘ်ယူမှုတွေကို ဦးစားပေး ဆွေးနွေးခဲ့ကြတယ်လို့ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောပါတယ်။ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေက ဖတ်ကြား တင်သွင်းကြတဲ့ စီးပွားရေးဆိုင်ရာ စာတမ်းတွေ အပေါ်မှာ အခြေတည်ပြီး ဆွေးနွေးခဲ့ကြတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အရပ်သား စီးပွားရေး လုပ်ငန်းရှင်တွေဘက်က လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို တင်ပြနိုင်မှုတွေမှာ အားနည်းတယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲက ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ နောက်ထပ် အခုလို ဆွေးနွေးပွဲတွေ ထပ်ပြီး ကျင်းပကြဖို့ ဆုံးဖြတ်ချက်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။

ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးသိန်းဌေးတို့ အပါအ၀င် ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေနဲ့ စီးပွားရေး ပညာရှင်တွေကနေ စာတမ်းတွေ ဖတ်ကြားကြပါတယ်။ ဒီအပေါ်မှာ အခြေတည်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကနေ ပြန်လှန် ဆွေးနွေးခဲ့ကြတာပါ။ အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးကတော့ လတ်တလော ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“စာတမ်းတွေဖတ်ပြီး စာတမ်းအပေါ်မှာ နည်းနည်းပါးပါးပဲ ဆွေးနွေးနိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်တဲ့ အခြေအနေတော့ မရှိဘူး။ အပြောင်းအလဲ လုပ်ဖို့ဆိုရင် အားလုံးရဲ့ အသံတွေကို စုံအောင် နားထောင်ရမယ်။ တကယ်တော့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆိုတာတွေက ဆက်စပ်နေတာ။ အဓိကတော့ နိုင်ငံရေးပေါ့လေ။ ဒီမိုကရေစီကို သွားမယ်ဆိုရင် ကျနော်တို့က လူအားလုံးရဲ့ အသံကို တတ်နိုင်သမျှ စိတ်ရှည်ပြီး၊ သည်းညည်းခံ နားထောင်ပြီး သွားနိုင်တယ် ဆိုတာမျိုး၊ တကယ့် Workshop ပေါ့။ အခုဟာကတော့ အလုပ်ရုံ ဆွေးနွေးပွဲလို့ နာမည်တပ်ထားပေမဲ့ တကယ်ဆွေးနွေးနိုင်တာက သိပ်မရှိဘူးလေ။”

ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပေမဲ့ ပါဝင်ဆွေးနွေးခဲ့တာတော့ မရှိပါဘူး။ အစိုးရသစ် သမ္မတ ဦးသိန်းစိန်ကတော့ ဒီဆွေးနွေးပွဲမှာ လာဘ်ပေး လာဘ်ယူမှုတွေကို ပပျောက်အောင် တိုက်ဖျက်မယ်ဆိုပြီး ပြောဆိုသွားပါတယ်။

ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးသိန်းဌေးတို့က စက်မှုလုပ်ငန်းဆိုင်ရာ စာတမ်းတွေ ဖတ်ကြားခဲ့ကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကတော့ အခွန်ကိစ္စ၊ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ကိစ္စရပ်တွေနဲ့ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေကို အများစု စိတ်ဝင်တစား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“အခု ပိုပြီးတော့ ဆွေးနွေးတာ များတာတော့ အခွန်ကိစ္စပေါ့၊ လူအများ စိတ်ဝင်စားတာ။ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့၊ အဲဒါတွေ ဆွေးနွေးဖြစ်တယ်။ နောက် Corruption အကြောင်းလည်း နည်းနည်းပါးပါး ပြောဖြစ်ပါတယ်။”

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေးဆိုင်ရာ မူဝါဒတွေ ပြုပြင် ချမှတ်နိုင်ရေး ဒီအလုပ်ရုံ ဆွေးနွေးပွဲကနေ အထောက်အပံ့တွေ ဖြစ်မယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေက ပြောဆိုကြပါတယ်။ ဆွေးနွေးပွဲကြောင့် လက်ရှိ မြန်မာစီးပွားရေးသမားတွေ ကြုံတွေ့နေရတဲ့ ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲတချို့ကို အစိုးရအနေနဲ့ ပြုပြင်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပေမဲ့ ရေရှည် အားကောင်းတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ရေး အတွက်တော့ အချိန်ယူရဦးမှာ ဖြစ်တယ်လို့လည်း စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

“ဒါကတော့ အစပိုင်းပဲ ရှိသေးတာ။ ဒီက ကျနော်တို့ Input တွေကိုတော့ ထည့်ပြီး စဉ်းစားမှာကတော့ သေချာပါတယ်။ ရလဒ်တွေ ရလာဖို့ကတော့ တိတိကျကျတော့ မသိရသေးဘူးပေါ့လေ။ သို့သော်လည်း ဆက်လုပ်သွားဖို့ ရှိနေတာကတော့ သိရပါတယ်။ နည်းနည်းတော့ လတ်တလော လုပ်ရမယ့် ကိစ္စတွေနဲ့ ရေရှည်လုပ်ရမယ့် ကိစ္စတွေ ရှိနေတော့ ချက်ချင်း အကျိုးကျေးဇူး ရလာမယ်လို့တော့ ပြောလို့မရဘူးပေါ့။ သို့သော်လည်း လက်ရှိဖြစ်နေတဲ့ ဈေးကွက် အခြေအနေတို့ ဘာတို့ ပြန်တုံ့ပြန်တာတွေကတော့ ဆက်တိုက် ရှိလာမှာပါ။”

မြန်မာနိုင်ငံရဲ့ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ညှိနှိုင်းနိုင်ဖို့အတွက် IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးကလည်း သြဂုတ်လ အစောပိုင်းကပဲ အကူအညီတွေ ပေးမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

XS
SM
MD
LG