သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးအလားအလာ IMF အမြင်


နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ဌာနချုပ်အဆောက်အဦး (ဧပြီ၊ ၀၈၊ ၂၀၁၉)
နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ဌာနချုပ်အဆောက်အဦး (ဧပြီ၊ ၀၈၊ ၂၀၁၉)

မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုမှာ မရေမရာ အခြေအနေတွေ တိုးလာနေတာနဲ့ အတူ စီးပွားရေး အလားအလာလည်း အားလျော့လာတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ပြောဆိုလိုက်ပါတယ်။

၂၀၁၇ - ၂၀၁၈ ခုနှစ်အတွင်းမှာတော့ ပြည်ပပို့ကုန်နဲ့ စိုက်ပျိုးရေးပိုင်းမှာ ဦးမော့လာခဲ့တာကြောင့် ဖွံ့ဖြိုးမှုဘက် ဦးတည်ခဲ့ပေမယ့် အခုတော့ အရှိန်လျော့လာတဲ့ အနေအထားကို တွေ့နေရတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ မြန်မာနိုင်ငံ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပဋိပက္ခရဲ့ ဂယက်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ အလှူရှင်တွေရဲ့ ငွေကြေးထောက်ပံ့မှုကို အားလျော့စေနိုင်ပြီး ဖွံံ့ဖြိုးမှု အကျဘက်ကို ဦးတည်နိုင်ကြောင်းလည်း အစီရင်ခံစာက ထောက်ပြပါတယ်။

လက်ရှိ ဘဏ်လုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာလည်း ဘဏ်တွေဘက်က ငွေကြေးမတည်ဖို့ နှောင့်နှေးမယ်ဆိုရင်တော့ နိုင်ငံလုံးဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု အပေါ် ထိခိုက်မှု ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ ကြီးထွားလာနေပြီး အလုပ်သမား အင်အားနဲ့ မဟာဗျူဟာကျတဲ့ တည်နေရာတို့ကို ထောက်ပြပြီး မြန်မာနိုင်ငံရဲ့ ရေရှည် အလားအလာတွေ ကောင်းတယ်ဆိုတာကိုတော့ IMF ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးတွေက အသိအမှတ်ပြုပါတယ်။

ဒါပေမယ့်လည်း စီးပွားရေး လှုပ်ရှားမှု အရှိန်အဟုန် ယုတ်လျော့လာပြီး ဖွံ့ဖြိုးမှု ကျလာနိုင်တဲ့အလားအလာက များနေတယ်လို့ ထောက်ပြကြပါတယ်။ ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပဋိပက္ခတွေ ရှည်ကြာလာတာကြောင့် ဖြစ်လာနိုင်ခြေ ရှိတဲ့သက်ရောက်မှုတွေနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍ မတည်ငြိမ်တွေ အပေါ်မှာတော့ အထူးသဖြင့် စိုးရိမ်ကြောင်းလည်း ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG