သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့စိုက်ပျိုးသီးနှံ ထုတ်လုပ်မှု ကန်အကူအညီပေး


မြန်မာနှင့် ကန် စားသောက်ကုန်နဲ့ စိုက်ပျိုးသီးနှံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်ပြု ကျင်းပပွဲ (u.s. embassy rangoon)

အမေရိကန် ၀ိုင်နဲ့ ဒိန်ခဲမျိုးစုံ၊ မြန်မာနိုင်ငံထွက် ကော်ဖီနဲ့ထောပတ်သီးတွေကို မိတ်ဆက်ကျွေးမွေးရင်း နှစ်နိုင်ငံ စားသောက်ကုန်နဲ့ စိုက်ပျိုးသီးနှံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အထိမ်းအမှတ်ပြု ကျင်းပတဲ့ပွဲတခုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နေအိမ်မှာ အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးလုပ်ငန်းတွေကို အမေရိကန်က အားပေးကူညီနေတဲ့ အစီအစဉ်တွေ၊ အထူးသဖြင့် ကော်ဖီနဲ့ ထောပတ်သီးစိုက် တောင်သူတွေအတွက် အထောက်အပံ့ ပေးနေတာတွေကို မီးမှောင်းထိုးပြတဲ့ပွဲလည်း ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောပါတယ်။ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် စားသုံးတာမရှိသေးတဲ့ အမေရိကန်ဝိုင် နဲ့ ဒိန်ခဲမျိုးစုံကို ဒီပွဲမှာ မိတ်ဆက် ကျွေးမွေးခဲ့သလိုပဲ၊ နိုင်ငံတကာဈေးကွက်ထဲ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံက ဧကနည်းတောင်သူတချို့ရဲ့ ကော်ဖီနဲ့ ထောပတ်သီးတွေကို ဒီပွဲမှာ တည်ခင်း ပြသခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ခုလိုပြောပါတယ်။

“ပျော်စရာကောင်းတဲ့ အခမ်းအနားတခုပါ။ စားသောက်ကုန်တွေ၊ စိုက်ပျိုးသီးနှံတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆင်နွှဲတဲ့ ပွဲပါ။ ဆိုလိုတာကတော့ အမေရိကန်ဝိုင်နဲ့ ဒိန်ခဲတွေ ကို မြန်မာကုမ္ပဏီတွေက ဒီမှာ တင်သွင်းရောင်းချနေတာ ရှိသလို၊ တချိန်တည်းမှာလည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်က ကူညီပံ့ပိုးပေးနေတဲ့ အစီအစဉ်တွေကို မီးမှောင်းထိုးပြချင်တာပါ။ အထူးသဖြင့် ကော်ဖီနဲ့ ထောပတ်သီးစိုက်တောင်သူတွေကို ကူညီပေးနေတာပါ။ ဆိုတော့ ဒီလိုစားသောက်ကုန်နဲ့ စိုက်ပျိုးသီးနှံတွေအတွက် ဆင်နွှဲတဲ့ပွဲလို့ပဲ ဆိုရမှာပါ။”

လယ်ယာစိုက်ပျိုးမှုမှာအခြေခံတဲ့ မြန်မာနိုင်ငံက နွမ်းပါးတဲ့ ကျေးလပ်နေပြည်သူတွေ အတွက် စားနပ်ရိက္ခာ ဖူလုံစေဖို့၊ ၀င်ငွေတွေ တိုးလာစေဖို့၊ ကျေးလပ်ဒေသဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အမေရိကန်ပြည်ထောင်စုက ကူညီ ထောက်ပံ့ပေးနေတဲ့အကြောင်းလည်း သံအမတ်ကြီး မာစီရယ်က ပြောပါတယ်။

“အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID ကနေ တကယ့်ကိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ အကူအညီတွေပေးလာခဲ့တာ ခုဆိုရင် နှစ်အနည်းငယ်ရှိလာနေပါပြီ။ မြန်မာ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အပံ့တွေကို USAID ကနေတဆင့် နှစ်စဉ် ဒေါ်လာ သန်း ၂၀ လောက် ပေးနေပါတယ်။ ဧကနည်း လယ်သမားတွေ၊ ကော်ဖီ နဲ့ ထောပတ်သီးစိုက် တောင်သူတွေကို အဓိက ကူညီပေးပါတယ်။ တခြား ကူညီပေးနေတာတွေ အများကြီးရှိပေမဲ့လို့ ကော်ဖီနဲ့ ထောပတ်သီးကတော့ အများဆုံး ပံ့ပိုးပေးနေတဲ့အရာ နှစ်ခုပါ။ ဒီစားသုံးကုန်တွေရဲ့ အရည်အသွေး တိုးတက်လာဖို့အပြင် နိုင်ငံခြားတင်ပို့နိုင်တဲ့ ဈေးကွက်လည်း ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ တောင်သူတွေရဲ့ ၀င်ငွေ တိုးလာခဲ့ပါတယ်။”

အမေရိကန်ရဲ့ အခုလို အကူအညီတွေကြောင့်ပဲ ထောပတ်သီး စတင်စိုက်ပျိုးဖြစ်ခဲ့ပြီး အရည်အသွေးပြည့်ဝတဲ့ မြန်မာ့ထောပတ်သီးတွေ နိုင်ငံခြားကို ကျယ်ကျယ်ပြန့်ပြန့် တင်သွင်းနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း ရှမ်းပြည်နယ် ဟိုပုံးမြို့က ခွန်ထွန်းထွန်းဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒီထောပတ်ကို လွန်ခဲ့တဲ့ ၂၀၁၅-၁၆ လောက်မှာ စခဲ့တာပေါ့နော်။ ထောပတ် သင်တန်းက ကျတော့ WinRock International အဖွဲ့က Farmers to Farmers အစီအစဉ်ကနေ ကျနော်တို့ကို နည်းပညာတွေ၊ ကိုင်းကူး ကိုင်းဆက်တွေ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်တာတွေ ကူညီပေးပြီး စခဲ့တာပေါ့နော်။ ခုဆိုရင် ကျနော်တို့ ရှေ့ကို တော်တော်လေးကို ရောက်နေပါပြီ။”

ဒီပွဲမှာ အမေရိကန် ဒိန်ခဲမျိုးစုံကို လာရောက် မိတ်ဆက်ပေးခဲ့တဲ့ ကယ်လီဖိုးနီးယား နို့နဲ့နို့ထွက်ပစ္စည်း လုပ်ငန်းက ကိုယ်စားလှယ် မစ်္စ Theeravee Ungkuvorakul ကတော့ အမေရိကန်ဒိန်ခဲတွေရဲ့ အရသာနဲ့ အာဟာရဖြစ်မှုကို မြန်မာတွေ ပိုမို သိရှိလာပြီး စားသုံးသူတွေ ပိုများလာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“သိပ်ကောင်းတဲ့ အစားအစာတခုပါ။ အဟာရဓာတ် အများကြီးပါသလို၊ ပုံစံမျိုးစုံနဲ့ စားလို့ရပါတယ်။ ဟင်းထဲ ထည့်ချက်လို့ရသလို၊ သူ့ချည်းပဲလည်း စားနိုင်ပါတယ်။ ၀ိုင် ဒါမှမဟုတ် ဘီယာ နဲ့ တွဲပြီး သုံးဆောင်နိုင်သလို၊ အသီးခြောက်တွေ၊ အစေ့အနှံတွေနဲ့လည်း တွဲစားလို့ရပါတယ်။ စပျစ်သီး၊ ပန်းသီးနဲ့ စပျစ်ခြောက်လို အသီးအနှံတွေနဲ့လည်း တွဲစားနိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ စားလို့ရသလို၊ အရသာရှိရှိ စားနိုင်ပါတယ်။”

အမေရိကန်သံအမတ်ကြီးအိမ်မှာ ကျင်းပတဲ့ စားသောက်ကုန်နဲ့ စိုက်ပျိုးသီးနှံဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်ပွဲမှာ အမေရိကန် ဒိန်ခဲမျိုးစုံအပြင် အမေရိကန်ထုတ် ၀ိုင်မျိုးစုံကိုလည်း မြန်မာနိုင်ငံတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီတွေ အသီးသီးက လာရောက် တည်ခင်း မိတ်ဆက်ခဲ့ကြပါတယ်။ ဒီပွဲကို အမေရိကန် သံအမတ်ကြီး နဲ့အတူ သံရုံးအဆင့်မြင့်အရာရှိတွေ၊ မြန်မာနိုင်ငံက စိုက်ပျိုးရေးနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် အားပေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG