သုံးရလွယ်ကူစေသည့် Link များ

လွန်ခဲ့တဲ့အပတ် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ ဒေသဆိုင်ရာအစည်းအဝေးတွေမှာ ထင်ရှားတဲ့ထူးခြားချက် နှစ်ခုကို တွေ့နိုင်ပါတယ်။ ပထမ ထူးခြားချက်က ဖနွန်ပင်မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီးအချင်းများတဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ဖို့ ပျက်ကွက်သွားတာဖြစ်ပါတယ်။ ဒီလိုဖြစ်တာဟာ အာဆီယံအသင်းသမိုင်းမှာ ပထမဆုံးအကြိမ်ပါ။ ဒုတိယ ထူးခြားချက်က Siem Reap မြို့ မှာ ကျင်းပတဲ့ အာဆီယံအမေရိကန် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို အစိုးရအကြီးအကဲဖြစ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ တက်ရောက်တာ ဖြစ်ပါတယ်။
အာဆီယံ-အမေရိကန် ဆက်ဆံရေးမှာ အပယ်ခံအနှိမ်ခံအဖြစ် ဆယ်နှစ်ကျော်နေခဲ့ရတဲ့ ဗမာအစိုးရဟာ အရေးပါတဲ့အခန်းက ပါဝင်လာတာကို ပြသရာရောက်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပါတ်ဟာ မြန်မာ-အမေရိကန် ဆက်ဆံရေး မှတ်တိုင်တခုဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က မှတ်ချက်ချပါတယ်။ ကြီးထွားလာတဲ့ အာဆီယံ-အမေရိကန် ကုန်သွယ်ရေးတို့မှာ မြန်မာနိုင်ငံ နောက်ကျနေတာကို အမှီလိုက်နိုင်ဖို့ အမေရိကန်က လမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဗိယက်နမ် စီးပွားရေးတိုးတက်လာတဲ့အကြောင်းရင်းထဲမှာ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်ပြေတာလည်း ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂျပန်၊ မွန်ဂိုလီရား၊ ဗိယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီယားကိုလည်း ခရီးထွက်ခဲ့ပေမယ့် ကမ္ဘောဒီးယားမှာ မြန်မာသမ္မတနဲ့ တွေ့ဆုံဆွေးနွေးတာဟာ အထင်ရှားဆုံး ဖြစ်နေပါတယ်။ အမေရိကန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်နေပုံကို ဦးသိန်းစိန်က ရှင်းပြပါတယ်။ အမေရိကန်-အာဆီယံ စီးပွားရေးတိုးချဲ့ မှုမှာ မြန်မာ ပါဝင်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က အာဆီယံ-အမေရိကန် ကုန်သွယ်ရေးဟာ အာဆီယံ-တရုတ် ကုန်သွယ်ရေးထက် လေးဆလောက် ပိုများခဲ့ပေမယ့် အခုတော့ တရုတ်က အနည်းငယ် အသာရနေပါတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေး အရှိန်ရနေပေမယ့် အာဆီယံဒေသမှာ တရုတ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက စည်းရုံးရေးဆင်းတာ ဖြစ်ပါတယ်။
တပါတီ တရုတ်ကွန်မြူနစ် အာဏာရှင်စနစ်ကို စွန့်လွှတ်ပြီး ပါတီစုံပါလီမန်စနစ်ကျင့်သုံးတဲ့ မွန်ဂိုလီရားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပြောဆိုပါတယ်။ မြန်မာပြည်မှာလည်း ဒီမိုကရေစီ ပြုပြင်ရေးလုပ်နေသမျှ အမေရိကန်က ကူညီထောက်ပံ့နေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တပါတီအာဏာရှင် ဗိယက်နမ်နဲ့ အမေရိကန်ဟာ ဆက်ဆံရေးကောင်းမွန်နေပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ဗိယက်နမ်-အမေရိကန် ကုန်သွယ်ရေးဟာ (၄၀) ရာခိုင်နှုန်း တိုးပွားလာတာ တွေ့ရပါတယ်။ သဘောထားကွဲလွဲသူကို ဖိနှိပ်ညှဉ်းပမ်းရာမှာ ဗိယက်နမ်ဟာ နာမည်ပျက်နေပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ (၅၇) နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်တဲ့ လာအိုမှာလည်း တပါတီစနစ် ကျင့်သုံးဖြစ်ပါတယ်။ အာဆီယံ (၁၀) နိုင်ငံစလုံးကို အမေရိကန်က စည်းရုံးသိမ်းသွင်နေတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ လက်တွဲရင် အာဆီယံဒေသဟာ ရိက္ခာထုတ်လုပ်ရာမှာ ကမ္ဘာ့ရှေ့ ဆောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်-အာဆီယံ စီးပွားရေးဆွေးနွေးပွဲမတိုင်မီ ဖနွမ်ပင်မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှာ ထုတ်နေကြ ပူးတွဲကြေညာချက်မထုတ်ပြန်နိုင်တာဟာ အသင်းရဲ့ အားနည်းချက်ကို ပြသရာရောက်ပါတယ်။ အာဆီယံအသင်း သက်တမ်း (၄၅) နှစ်မှာ ပထမဆုံးအကြိမ် သဘောတူချက် မရယူနိုင်တာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြဿနာဖြစ်ရပုံကို သက်ဆိုင်ရာနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားကတော့ မနှစ်က ဘာလီမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်လို တောင်တရုတ်ပင်လယ်၌ ဖြစ်ပျက်မှုနဲ့ စပ်လျှဉ်း၍ ဆိုပြီး ယေဘုယျသဘောကိုသာ ဖော်ပြချင်တဲ့အတွက် သဘောတူချက် မရနိုင်ပဲ ဖြစ်သွားရပါတယ်။
ကမ္ဘောဒီးယားဟာ တရုတ်ရဲ့  ကူညီထောက်ပံ့မှု အများဆုံးရနေတဲ့အတွက် တရုတ် အကြိုက်လိုက်လုပ်တာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌမှာ လုပ်ပိုင်ခွင့်ရှိတာကို ဖနွမ်ပင်အစည်းအဝေးက သက်သေပြနေပါတယ်။ တရုတ်၊ ဗိယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ကွေ့နဲ့ ထိတွေ့နေပေမယ့် တရုတ်က ပင်လယ်ပြင်တခုလုံးကို ပိုင်ဆိုင်သလို ပြုမှုနေလို့ အငြင်းပွားနေကြရပါတယ်။ အင်ဒိုနီးရှား၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံကတော့ ရေကြောင်း လွတ်လပ်မှုရှိစေဖို့အတွက် ပြဿနာဖြေရှင်းမှာ စိတ်ဝင်စားကြပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်မှုမရှိတဲ့ နိုင်ငံတွေကတော့ တရုတ်အကူအညီအများဆုံး ရယူထားကြတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ကို လက်ဝါးကြီးအုပ်လိုတဲ့အတွက် တရုတ်ဟာ အာဆီယံ လေးနိုင်ငံနဲ့ ထိပ်တိုက်တွေ့လာတာ အာဆီယံရဲ့  ဘုံရပ်တည်မှုကို ထိခိုက်မယ့် အလားအလာရှိနေပါတယ်။ အေးချမ်းစွာ ပြဿနာဖြေရှင်းတာကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ သြစတေးလျ တို့က လိုလားပါတယ်။ တရုတ်ရဲ့  အပြုအမှုကို တုံ့ပြန်ဖို့ အာဆီယံဒေသမှာ အမေရိကန်လိုလားသူတွေ တိုးပွားလာနိုင်ပါတယ်။ အာဆီယံဒေသမှာ ထင်ရှားလာတာဟာ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုသာ ဖြစ်နေပါတယ်။
XS
SM
MD
LG