သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံအထက်တန်းပညာပြီးဆုံး ကျောင်းသားတိုင်းအတွက် လက်မှတ်ထုတ်ပေးဖို့စီစဉ်


ကျောင်းသူများ စာကျက်နေကြစဉ် (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၁၆)
ကျောင်းသူများ စာကျက်နေကြစဉ် (ဖေဖော်ဝါရီ၊ ၁၉၊ ၂၀၁၆)

အခြေခံပညာ အထက်တန်းကျောင်းပြီးဆုံးတဲ့အထိ တက်ခဲ့တဲ့ ကျောင်းသားတိုင်းကို အခုပညာသင်နှစ်ကစလို့ အစိုးရ အခြေခံအထက်တန်းပညာ ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒီလိုပြောင်းလဲလိုက်တဲ့စနစ်သစ်က ကျောင်းပြင်ပ ရောက်သွားတဲ့ ကျောင်းသားဦးရေကို လျှော့ချနိုင်မှာဖြစ်တယ်လို့လည်း ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းမေးမြန်းထားတဲ့ ကိုဇော်ထက်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

အထက်တန်း ပညာပြီးဆုံးကြောင်းလက်မှတ်က အထက်တန်းအောင်/ရှုံး ကို ဖော်ပြတဲ့လက်မှတ်မဟုတ်ဘဲ အထက်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့တယ်ဆိုတဲ့ လက်မှတ်သာဖြစ်တယ်။ အထက်တန်းပြီးမြောက်သွားတဲ့ လက်မှတ်ကို ရထားတဲ့ ကျောင်းသားအနေနဲ့ သူ့ကိုလက်ခံတဲ့ အသက်မွေးဝမ်း ကြောင်းအလုပ်၊ ဒါမှမဟုတ် သက်မွေးပညာသင်တန်းကျောင်း၊ ဘွဲ့ကြို ဒစ်ပလိုမာလိုမျိုး၊ ကာလတို ဒစ်ပလိုမာတွေ၊ အဲဒီကတစ်ဆင့် တက္ကသိုလ်ပညာ အဆင့်ကို ပြန်ပြီး တက်လှမ်းနိုင်ကြောင်း အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဗွီအိုအေကိုပြောပါတယ်။

“အခြေခံ ပညာပြီးဆုံးကြောင်းလက်မှတ် ပေးဖို့အတွက်က စီစဉ်နေတယ် ဟုတ်တယ်။ ပြီးခဲ့တဲ့ အခြေခံပညာကဏ္ဍ ပညာရေးမြှင့်တင်မှု ဖွံ့ဖြိုးတိုးတက်ရေး နှီးနှော ဖလှယ်ပွဲမှာ ကျနော်တို့ ဆွေးနွေးပြီးပြီ အဲဒါ။ အခုဝန်ကြီးရုံး EC ကိုတင်ပြီးတော့ ခွင့်ပြုချက်တောင်းနေတာ။ Certificate ရဲ့ပုံစံက ကျနော်တို့ မြန်မာနိုင်ငံစာစစ်ဦးစီး ညွှန်ချုပ်ကလက်မှတ်ထိုးထားတဲ့ Certificate (အောင်လက်မှတ်)ဖြစ်မယ်။ သို့သော်လည်းပဲ သက်ဆိုင်ရာ ကျောင်းတွေကတစ်ဆင့် ဒီ certificate တွေကို ကျောင်းတွေမှာ ကျနော်တို့က academic board အဖွဲ့တွေရှိမယ်။ ဒီကလေးတယောက်ဟာ ပြီးဆုံးကြောင်းအောင် လက်မှတ် ရသင့်မရသင့် သူ့ရဲ့ criteria (လိုအပ်ချက်တွေ) ကိုက်ညီမှုရှိမရှိ အဲဒီမဖွဲ့ကဆုံးဖြတ်ပြီးမှ ထုတ်ပေးမှာ။ အမှန်ကတော့ အရင်တုန်းက transfer certificate တွေပေးသလိုပဲ အဲဒီပုံစံနဲ့ပဲ ကျနော်တို့ ပေးမှာဖြစ်တယ်။”

အခုနှစ်ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ကျောင်းသား ၈ သိန်းခွဲလောက်ဖြေထားပြီး ပုံမှန်အတိုင်းဆိုရင် သုံးပုံတစ်ပုံလောက်ပဲ အောင်ချက်ရှိတာပါ။ ကျန်တဲ့ နှစ်ပုံကတော့ ပညာရေးပြင်ပရောက်သွားပြီး ဆုံးရှုံးမှုဖြစ်သွားတဲ့အတွက် အခုလိုသူတို့ကို အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးလိုက်ရင်တော့ အခွင့်အလမ်းတွေ အများကြီးပွင့်လာနိုင်တယ်လို့ ညွှန်ချုပ် ဦးကိုလေးဝင်း ပြောပါတယ်။

တက္ကသိုလ်အများစုကတော့ အထက်တန်းပြီးဆုံးကြောင်း လက်မှတ်နဲ့ ကျောင်းဝင်ခွင့်ပြုမှာမဟုတ်ဘဲ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့သူ ပြီးတော့ ဝင်ခွင့်ထပ်ဖြေခိုင်းတဲ့ တက္ကသိုလ်တခုချင်းစီရဲ့ စာမေးပွဲကို အောင်မြင်မှပဲ ဝင်ခွင့်ရမှာပါ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ အမှတ်နဲ့ ဆုံးဖြတ်ပြီး တက်ခွင့်ပေးတဲ့ တက္ကသိုလ်လည်း ရှိနိုင်ပါတယ်။ ဒါကတော့ တက္ကသိုလ်တခုချင်းစီရဲ့ ဖွဲ့စည်းပုံနဲ့ပဲ ဆုံးဖြတ်ကြမှာပါ။ အခုလို စနစ်အပြောင်းအလဲနဲ့ပတ်သက်လို့ ဒီစနစ်ကို အကောင်အထည်မဖော်ခင် မိဘ၊ ဆရာအသိုင်းအဝန်း ကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ဝေပေးဖို့လည်း လိုကြောင်း ကျောင်းသားမိဘတချို့က ပြောပါတယ်။ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ကိုခင်ထွေးကတော့

"မိဘတွေကတော့ ခုနကပြောသလို ဒီနီးစပ်ရာ အသိုင်းအဝိုင်းကတော့သိတယ် ပညာရေးနဲ့လက်လှမ်းမီတဲ့မိဘတွေ တချို့မိဘတွေရှိတယ်လေ လက်လုပ်လက်စားမိဘတွေ အဲလိုမျိုးကျတော့ ဒီပညာရေးနဲ့ပတ်သတ်ပြီးသိပ်မသိလောက်ဘူး။ အပြောင်းအလဲရှိတယ်ဆိုတာကိုလေ၊ ကြေညာဖို့လိုတယ်ကျောင်းတွေကတော့ ကျောင်းဖွင့်ရာသီရောက်ရင် ဆရာဆရာမတွေက ပြောလိမ့်မယ် အဲလိကြေညာမယ်ဆိုရင်တော့သိဖို့များတယ်၊ နီးစပ်ရာပေါ့နော်။"

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရာခိုင်နှုန်း ၃၀ သာအောင်မြင်ကြပြီး မအောင်တဲ့ ၇၀ ရာခိုင်နှုန်းကျောင်းသားတွေအတွက် ဒီစနစ်ဟာကောင်းတဲ့အလာအလာတွေ ရှိနိုင်လို့ ကြိုဆိုကြောင်းနဲ့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်ကိုင်ထားတဲ့ ကျောင်းသားတွေအတွက်လည်း တက္ကသိုလ်တခုချင်းစီက ဝင်ခွင့်ပေးချင်တယ် ဆိုရင် သူတို့ရဲ့ မူဝါဒတွေထဲမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ ဖြစ်လာကြောင်း ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ရုပဗေဒဌာန ကထိက ဒေါက်တာဇော်မျိုးလှိုင်က ဗွီအိုအေကိုပြောပါတယ်။

“တက္ကသိုလ်ရဲ့ ပဋိညဉ် စာတမ်းတွေရေးဆွဲတဲ့အခါမှာ လက်ရှိ ပြီးဆုံးကြောင်း အောင်လက်မှတ်နဲ့ ကျောင်းသားတွေကိုရော သက်ဆိုင်ရာတက္ကသိုလ်တွေက ဘယ်လို သဘောထားမလဲ အဲဒါကကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်သွားပြီဆိုရင် ထည့်စဉ်းစားရမယ့်အချက်ဖြစ်နေတာပေါ့။ တက္ကသိုလ်တခုချင်းစီရဲ့ မူဝါဒက အခုလက်ရှိအကောင်အထည်ဖော်မယ့် မူဝါဒနဲ့က ချိတ်ဆက်မှုရှိမရှိ စဉ်းစားရမယ့် တပိုင်းတော့ လိုလာလိမ့်မယ်လို့ ကျနော်သုံးသပ်မိတယ်ပေါ့။”

အထက်တန်းပြီးဆုံးကြောင်း လက်မှတ်ကို အထက်တန်းပြီးဆုံးတဲ့ထိ တက်ရောက်ခဲ့တဲ့ ကျောင်းသားတိုင်းကို ပေးမှာဖြစ်ပေမဲ့လည်း တက္ကသိုလ်ဝင်စာမေးပွဲ ကတော့ ပုံမှန်အတိုင်းရှိနေဦးမှာလို့ ဆိုပါတယ်။ ဒီစာမေးပွဲဟာ ဝင်ခွင့်ထပ်ဖြေရမယ့် တက္ကသိုလ် ဒါမှမဟုတ် အမှတ်တောင်းတဲ့ တက္ကသိုလ်တွေအတွက် အခြေခံစမ်းသပ်မှု အဆင့်အနေနဲ့ ထားရှိဦးမှာလို့လည်း ပညာရေးဌာန တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG