သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟန်းမဲဆန္ဒနယ် ရွေးကောက်ပွဲ အခြေအနေ


ဆန္ဒမဲပေးပြီးသူတစ်ဦးရဲ့လက်သန်းက မဲပေးပြီးကြောင်း အမှတ်အသားမှင်ကို ပြနေစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅)
ဆန္ဒမဲပေးပြီးသူတစ်ဦးရဲ့လက်သန်းက မဲပေးပြီးကြောင်း အမှတ်အသားမှင်ကို ပြနေစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅)

ဒီနေ့ဟာဆိုရင် နိုဝင်ဘာလ (၈) ရက် သမိုင်းဝင်ရွေးကောက်ပွဲကြီးကို ကျင်းပဖို့ မြန်မာနိုင်ငံတဝန်းက မဲရုံတွေ ဖွင့်လှစ်ပြီးတော့ စတင်မဲပေးနေကြပါပြီ။ ဒါကြောင့် အခုကနေစပြီးတော့ အတတ်နိုင်ဆုံး မြန်မာပြည်ကို ဖုန်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီးတော့ မဲရုံဖွင့်တဲ့အခြေအနေတွေ၊ မဲပေးသူတွေရဲ့တက်ကြွမှု၊ မဲပေးရတဲ့ အနေအထား၊ တခါ မဲရုံလုံခြုံရေးစတာတွေအပြင် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ဘယ်လို အနေအထားရှိသလဲ၊ သတင်းသမားတွေကရော ဘယ်လိုသတင်းယူကြသလဲ စတဲ့အခြေအနေတွေကို သိနိုင်ဖို့ အတတ်နိုင်ဆုံး ဖုန်းတွေဆက်ပြီးတော့ မနန္ဒချမ်းနဲ့ ဦးကျော်ဇံသာတို့က တိုက်ရိုက်အလျှင်းသင့်သလို တင်ဆက်ပေးထားပါတယ်။

အရင်ဆုံးအနေနဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ ရန်ကုန်ရုံးရဲ့အကြီးအကဲ ဒေါ်ခင်စိုးဝင်းကို ဒေါ်အောင်ဆန်းစုကြည် မဲသွားပေးမယ့် ဗဟန်းမြို့နယ်တွင်းက အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းထားပါတယ်။

နန္ဒာချမ်း။ ။ ဒေါ်ခင်စိုးဝင်း ကြားရပါလား။

ဒေါ်ခင်စိုးဝင်း။ ။ ကြားရပါတယ် နန္ဒာရေ။

နန္ဒာချမ်း။ ။ အန်တီက ဗဟန်းမြို့နယ်အတွင်းက မဲရုံကို ရောက်နေပြီဆိုတော့ အခုလောလောဆယ် မဲရုံရှေ့က မြင်ကွင်းအခြေအနေ သိပါရစေရှင့်။

ဒေါ်ခင်စိုးဝင်း။ ။ မဲရုံကတော့လေ။ မနက် (၅) နာရီလောက်ကတည်းက တန်းစီနေကြရတာပေါ့နော်။ အလယ်တန်းကျောင်းလေးပါ။ ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်က အလယ်တန်းကျောင်းလေးမှာ လုပ်တာပါ။ အဲဒီတော့ ဒီ မဲရုံမှာ မဲလာပေးမယ့် မဲဆန္ဒရှင်ပေါင်း အားလုံးက ၄၁၀၀ ကျော်ရှိပါတယ်။ အဲဒီ ၄၁၀၀ ကျော်အနက် မနက်က တန်းစီနေတာ အန်တီတွေ့ရသလောက်က ၃၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေကိုက ၂၀၀ လောက်ရှိတယ်ဆိုတော့ အထဲဝင်ဖို့ကို တော်တော်လေး ကြိုးစားခဲ့ရတာပါ။ အားလုံးလည်း တက်ကြွနေကြပါတယ်။

နန္ဒာချမ်း။ ။ ဟုတ်ကဲ့ရှင့်။ ဒေါ်အောင်ဆန်းစုကြည်ရောမဲလာပေးပြီလား။ သူဘယ်အချိန်လာပေးမယ်လို့ သိရလဲရှင့်။

ဒေါ်ခင်စိုးဝင်း။။ အခု မဲရုံတာဝန်ခံတွေ ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်က မနက် ၇ နာရီခွဲမှ လာမဲပေးမှာပါတဲ့။ အဲဒီတော့ အန်တီကလည်း မေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ သာမန်မဲဆန္ဒရှင်ပြည်သူတွေနဲ့အတူ တန်းစီမလား၊ ဒါမှမဟုတ် ကော့မှူးကိုသွားရမှာဖြစ်တဲ့အတွက် ဦးစားပေးမလားဆိုတော့ သူတို့ အဲဒါမဖြေနိုင်ပါဘူး၊ သူတို့လည်း မသိပါဘူးလို့ ပြောတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲပေးမယ့်နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်တော်လေးကို စည်စည်ကားကား အားလုံးကလည်း တက်ကြွနေကြပါတယ်။

နန္ဒာချမ်း။ ။ ဆိုတော့ အခု မဲပေးပြီး ထွက်လာတဲ့သူတွေရော ရှိပြီလားရှင့်။

ဒေါ်ခင်စိုးဝင်း။ ။ အခုမှ စပေးနေတာ၊ တန်းစီနေတာ process က နည်းနည်းလေးကြာပါတယ်။ ထွက်ထာတာ တစ်ယောက်ပဲတွေ့သေးတယ်။ ဒီဘက်ကို မဲပေးဖို့ တန်းစီတဲ့လူက ၃၀၀ လောက်ရှိတယ်။ မဲရုံထဲမှာအသီးသီး ဝင်ပေးနေကြပြီ။ ထွက်လာတဲ့လူက မရှိသလောက်ပဲ၊ တစ်ယောက်ပဲထွက်လာသေးတယ်။ အရှေ့ကပဲဖြတ်သွားပါတယ်။

နန္ဒာချမ်း။ ။ ဟုတ်ကဲ့။ သူက မဲပေးပြီးပြန်ထွက်လာတော့ ဘာပြောသံကြားသေးလဲ။ မဲပေးတဲ့အခြေအနေမှာ ကျေနပ်မှုရှိတာတွေ့ရလား။ ဘယ်ပါတီကိုပေးသလဲဆိုတာ။

ဒေါ်ခင်စိုးဝင်း။ ။ ဘာစကားမှ ပြောမသွားဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အစိုးရက ကြေညာထားတယ်။ မဲပေးတဲ့သူတွေ မဲပေးပြီးလို့ရှိရင် ဘယ်သူ့ကိုမှ စကားမပြောပါနဲ့တဲ့။ မေးလို့ရှိရင်လည်းမဖြေပါနဲ့တဲ့။ exit poll ဆိုတဲ့ နိုင်ငံတကာမှာ မဲပေးပြီးတဲ့လူတိုင်းကို ကောက်ယူတဲ့ဥစ္စာမှာ ဒီမှာကောက်ယူဖို့ အခက်အခဲဖြစ်နေတာပေါ့နော်။ ဒါပေမယ့်လို့ မဲဆန္ဒရှင်တွေကတော့ မဲပေးတဲ့နေရာမှာ မဲရုံအပြင်ရောက်သွားလို့ရှိရင်တော့ ပြောဖို့ ရှိကြပါတယ်။ ဒါပေမယ့် မဲရုံထဲမှာ .....လာမေးလို့ရှိရင် မဖြေကြပါနဲ့လို့ကို ညွှန်ကြားထားတာ။ သတင်းစာထဲမှာ အတိအလင်း ရွေးကောက်ပွဲကော်မရှင်ကနေ ညွန်ကြားထားတာ။ အဲဒီအခါကျ နည်းနည်းလေး ခက်ခဲတာပေါ့နော်။ ဒီနိုင်ငံရဲ့စနစ်က တခြား နိုင်ငံတကာရဲ့စံနှုန်းတွေနဲ့ မညီဘူးဆိုတာ ဒီတချက်တည်းနဲ့ အရင်ပြောလို့ရနေပါပြီ။

နန္ဒာချမ်း။ ။ ညကဆိုရင် တချို့မြို့နယ်တွေမှာ ရဲကင်းတွေလှည့်နေတာ တွေ့ရတယ်ဆိုတော့ မဲရုံတဝိုက် လုံခြုံရေးအခြေအနေရော ဘယ်လို တွေ့ရလဲရှင့်။

ဒေါ်ခင်စိုးဝင်း။ ။ အခု ကျမသိရသလောက် လုံခြုံရေးက မဲဆန္ဒရှင် ၄၁၀၀ မဲလာပေးမယ့်မဲရုံမှာ လုံခြုံရေးအင်အား ၁၂ ယောက် ချထားပါတယ်-တဲ့။ အဲဒီ ၁၂ ယောက်ကလည်း ကျမ မမြင်ရပါဘူး။ လုံခြုံရေးဆိုလို့ ကျမတို့သတင်းသမားတွေကိုထုတ်ပေးထားတဲ့ ကဒ်ပြားတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီကဒ်ပြားကို ဘယ်သူကမှလည်း လာပြီးမစစ်ပါဘူး။ ဂိတ်ဖွင့်တာနဲ့တပြိုင်တည်း အကုန်လုံး တိုးဝှေ့ပြီး ဝင်လာကြတော့ ဘယ်သူ ဘယ်ဝါမှန်းတောင် မသိဘူး။ ဥပမာ Observer လား၊ မဲရုံအကဲခတ်ပုဂ္ဂိုလ်လား။ မဲရုံကိုယ်စားလှယ်လား၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ခွဲခြားလို့ မသိနိုင်လောက်အောင် ရှုပ်ယှက်ခတ်နေပါတယ်။ ကျမတို့သတင်းသမားဆိုလို့ရှိရင် ဒီနေ့ မနက် ၂၀၀ လောက်ရှိတယ်။ အဲဒီ ၂၀၀ ကလည်း ကိုယ့်လည်ပင်းမှာကိုယ် ဆွဲစရာရှိတဲ့ကဒ်ပြားဆွဲပြီးတော့ ဝင်လာကြတာ။ ဘယ်သူမှလည်း မစစ်ဆေးပါဘူးရှင့်။

နန္ဒာချမ်း။ ။ ဟုတ်ကဲ့ နောက်ပိုင်းမှာလည်း အခြေအနေလေးတွေ ထပ်ပြီးတော့ ဆက်သွယ်မေးမြန်းပါ့မယ်ရှင့်။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG