သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလ စတင်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးမှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးမှု

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံး ရေးကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး တရားဝင်လုပ်ဆောင်ခွင့်ရပြီဖြစ်ပါတယ်။ အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီတို့က မန္တလေးမြို့မှာ အလှပြယာဉ်တွေနဲ့ ပါတီအောင်နိုင်ရေးလှည့်လည်နေကြသလို တခြားပါတီတွေကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှာ မဲဆွယ်စည်းရုံးလုပ်နေကြပါပြီ။ ကိုယ်စားလှယ်လောင်းတွေရဲ့ ဒီကနေ့ မဲဆွယ် စည်းရုံးနေမှုအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေဟာပါတီအောင်နိုင်ရေးနဲ့ မဲဆွယ် စည်းရုံးမှုတွေကို ဒီကနေ့ စတင်လုပ်ဆောင်နေပါပြီ။ လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကလည်း မန္တလေးမြို့နယ်အများစုမှာ အလှပြယာဉ်တွေနဲ့ မဲဆွယ်စည်းရုံးမှုတွေလုပ်နေပြီလို့ ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ် (၂) က ကိုယ်စားလှယ်လောင်း ဦးသိန်းလှက ဗွီအိုအေကို ပြောပါတယ်။

“အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည် လေးမြို့နယ်က တစ်စီးထွက်ပါတယ်။ နောက် ပြည်ကြီးတံခွန်က တစ်စီးထွက်ပါတယ်။ မန္တလေးခရိုင်မှာနော်၊ နောက်တခါ အမရပူရက တစ်စီးထွက်ပါတယ်။ ပုသိမ်ကြီးတစ်စီးထွက်ပါတယ်။ နောက်ရက်တွေဆိုရင်တော့ တမြို့နယ်တစ်စီး ထွက်မယ်လို့ ထင်ပါတယ်။ ကျန်တဲ့နှစ်ရက်ကိုလေ၊ ဘာကြောင့်တုန်းဆိုတော့- ကျနော်တို့ကို ခွင့်ပြုတာက တစ်မြို့နယ်ကို တစ်စီး ခွင့်ပြုထားပါတယ်။ တခြား နယ်မြို့တွေမှာလည်း ဒီပုံစံအတိုင်းပဲ လုပ်ပါတယ်။”

ဒါ့အပြင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း ပါတီအောင်နိုင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ နောင်ချိုမြို့နယ် NLD ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးထွန်းထွန်းဟိန်က ဆိုပါတယ်။

“မဲဆွယ်စည်းရုံးရေးကို ဗဟို အဖွဲ့ချုပ်အနေနဲ့က launch တော့ မလုပ်သေးဘူးပေါ့ဗျာ။ တခြားမြို့နယ်တွေမှာတော့ ဖြည်းဖြည်း ဖြည်းဖြည်း စနေကြတာတွေ ရှိပါပြီ။”

မဲဆွယ်စည်းရုံးခွင့် ပထမဆုံးနေ့ဖြစ်တာကြောင့် သက်ဆိုင်ရာ နရာဒေသအသီးသီးမှာဟောပြောဆွေးနွေးပွဲတွေမလုပ်သေးဘဲ မန္တလေးမြို့တွင်းမှာ အောင်နိုင်ရေး အလှပြယာဉ်လှည့်လည်နေတယ်လို့ NLD မန္တလေးတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) က ကိုယ်စားလှယ်လောင်းဒေါက်တာဦးသန်းဝင်းက ဖွင့်ဟပါတယ်။

“ဒီနေ့တော့ ကျနော်တို့အနေနဲ့ ရပ်ကွက်တွေအနေနဲ့ မဆင်းဘဲနဲ့ အောင်နိုင်ရေးကား ထွက်တာနဲ့စပါတယ်။ အောင်နိုင်ရေးကား-လေ။ ခွပ်ဒေါင်းကြယ်ဖြူ-ဆိုပြီးတော့ ဒီနေ့စထွက်ပါပြီ။ အနုပညာရှင်တွေနဲ့ အောင်နိုင်ရေးသီချင်းတွေနဲ့ အကတွေနဲ့ပေါ့။ အောင်မြေသာဇံမြို့နယ်ကလည်း သူတို့ ပြင်ဆင်နေပါတယ်။ အခုရက်ပိုင်း ထွက်နိုင်ပါမယ်။”

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ရန်ကုန်နဲ့ နေပြည်တော်တို့မှာ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်ဆောင်နေသလို ရေဒီယိုနဲ့ တီဗွီကနေ ဒီကနေ့ ဟောပြောတင်ပြဖို့အတွက် ပြင်ဆင်နေတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဟန်ရွှေက ပြောပါတယ်။

“ရေဒီယိုမှာရော၊ ရုပ်မြင်သံကြားမှာရော ကျနော်တို့ပါတီရဲ့ ဟောပြောချက်ကို ထုတ်လွှင့်မယ့်အစီအစဉ်ရှိတယ်လေ။ ဒီအစီအစဉ်လည်းပဲ လုပ်နေပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်ဟာ ကျနော်တို့ပါတီရဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေကို အသိပေး တင်ပြထားတဲ့ ကျနော်တို့ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ အချက်အလက်တွေကို ဟောပြောတာဖြစ်တဲ့အတွက် အဲဒီဟာတွေနဲ့ပတ်သက်လို့လည်းပဲ ပြည်သူတွေအတွင်းမှာ သိပြီး နားထောင်နိုင်ဖို့အတွက် activation ပေါ့လေ၊ လှုံ့ဆော်တဲ့ ဒီလုပ်ငန်းလေးတွေလည်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေ ရှိပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့မှာလည်း နိုင်ငံရေးပါတီအများစုက ကိုယ်စားလှယ်လောင်းတွေ ပါတီအောင်နိုင်ရေး ရုံးခန်းဖွင့်တာတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေတာပါ။

“လူထုသိအောင်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ….၊ ... ကဒ်၊ visiting card ပေါ့နော်၊ အဲဒါလေးတွေကိုပဲ ဖြန့်ဝေတာပဲရှိပါတယ်။ ဘာမှ မပြောသေးပါဘူး။ စက်တင်ဘာလထဲမှာတော့ စနေ၊ တနင်္ဂနွေက မော်တော်ကားတွေနဲ့ လှုံ့ဆော်စည်းရုံးပြီးတော့မှ ကျန်တဲ့ကြားရက်တွေကို ဘလောက်တစ်ခုစီကိုပေါ့နော်-မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားကြပါတယ်။”

“ရန်ကုန်မှာကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကြီးမြင့်၊ မြောက်ဒဂုံမှာ ဒီနေ့စပြီးတော့ မဲဆွယ်စည်းရုံးပါတယ်။ ရပ်ကွက်ပြည်သူများကို ထိတွေ့ပြီးတော့ စကားပြောတာ၊ ဆွေးနွေးတာတွေ လုပ်ပါတယ်။ ”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့ ပြောဆိုသွားခဲ့တာပါ။

နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေအပါအဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ ်လောင်းတွေအားလုံးမဲဆွယ်စည်းရုံးခွင့်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့စပြီး ရွေးကောက်ပွဲကျင်းပဖို့ ရက်မတိုင်မီ နိုဝင်ဘာလ ၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားပါတယ်။ ပြီးခဲ့တဲ့လထဲ ရေဘေးဒဏ်ဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ ချင်းပြည်နယ်အပါအဝင် သွားလာရခက်ခဲတဲ့နေရာတစ်ချို့ကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တွေကတော့ ဒီမဲဆွယ်စည်းရုံးခွင့်ကာလကို နည်းလွန်းတယ်လို့ ထောက်ပြဝေဖန်နေကြပါတယ်ခင်ဗျာ။

XS
SM
MD
LG