သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဖိအားပေးမှု ရွေးကောက်ပွဲကော်မရှင်တုံ့ပြန်


မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဇွန် ၈၊ ၂၀၁၅)
မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဇွန် ၈၊ ၂၀၁၅)

လာမယ့် ရွေးကောက်ပွဲအတွင်း နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကိုဂရုမပြုဘဲ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသနဲ့ ဝ ဒေသတွေကို နယ်မြေအေးချမ်းမှုပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပဖို့ အလားအလာနည်းတာကလွဲရင် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပသွားဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ပြပေးထားပါတယ်။

လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာရဲ့ ဖိအားတွေကို အလေးဂရုပြုသွားမှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ဆန္ဒမဲတွေကိုပဲ ဦးစားပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းမီဒီယာတွေနဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။

“သူနိုင်စေချင်တဲ့ပါတီမနိုင်လို့ လူထုဆန္ဒမထင်ဟပ်ဘူးဆိုရင် ဒီဟာမျိုးကျတော့ လက်မခံဘူးလေ။ သူနိုင်စေချင်တဲ့ပါတီ နိုင်တာဟာ လူထုဆန္ဒ ထင်ဟပ်တယ်လို့ သဘောထားရင်တော့ NO ပဲ။ နော်၊ လူထုသဘောအတိုင်းပဲ ဖြစ်ရမယ်။ ဘယ်ပါတီနိုင်နိုင် လူထုသဘောထားအတိုင်းပဲ ဖြစ်ရမယ်။ သူနိုင်စေချင်တဲ့ပါတီမနိုင်လို့ရှိရင် လူထုသဘောထားမထင်ဟပ်ဘူးလို့ တွက်တဲ့အတွက်ကြောင့် မြန်မာပြည်ကိုပိတ်ဆို့မယ်ဆိုရင် အခါ ၁၀၀ ပိတ်၊ ကျနော်ဂရုမစိုက်ဘူး။ နော်-ဟုတ်လား၊ Pressure ကို ဂရုမစိုက်ပါဘူး။ နော်-ဟုတ်လား၊ တို့ရဲ့အားက တို့ပြည်တွင်းထဲမှာပဲ ရှိပါတယ်။ တို့တတွေက စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့တွဲလုပ်မယ်ဆိုရင် မြန်မာပြည်ကြီး တိုးတက်မှာပါ။ အဲဒါကြောင့် ပြည်ပ pressure တော့ sorry ပါ။”

လာမယ့် ၂၀၁၅ မြန်မာနိုင်ငံရွေးကောက်ပွဲဟာ ပြည်သူတွေလက်မခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ခဲ့ရင် အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ အမေရိကန်အထက်လွှွတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောဆိုထားပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့အပြား အခြေခံမဲစာရင်းတွေကို ထုတ်ပြန်ပြီး မဲဆန္ဒရှင်တွေကို လာရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။

မဲစာရင်းပြုစုရာမှာ အိမ်ထောင်စုစာရင်းကိုအခြေခံတာကြောင့် အခြေခံစာရင်းဇယားမှားယွင်းနေရင် မဲစာရင်းမှားယွင်းနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ် ။ ဒါကြောင့် အခြေခံမဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ သက်ဆိုင်ရာမဲရုံမှာသွားရောက်ကြည့်ရှုပြီး မဲစာရင်းမပါတာ၊ မဲစာရင်းမှားနေတာတွေကို ပုံစံစာရွက်တွေဖြည့်ပြီး မဲစာရင်းမှန်အောင် မဲဆန္ဒရှင်ပြည်သူတွေက ဝိုင်းဝန်းကူညီပါဝင်ကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းလိုက်တာပါ။

ဝ ဒေသနဲ့ ကိုးကန့်ဒေသတွေမှာတော့ လတ်တလောအခြေအနေတွေကြောင့် ရွေးကောက်ပွဲကျင်းပပေးနိုင်မှာမဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်ခင် နယ်မြေအေးချမ်းလာရင်တော့ ရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ကချင်ပြည်နယ် မှာတော့ ဒေသအတော်များများမှာ ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပြီးတော့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသတချို့ကို ဆိုင်းငံ့ထားမယ်လို့လည်း ဦးတင်အေးက ပြောပါတယ်။

“အခုလောလောဆယ် ကျနော်တို့ လျာထားတာတော့ အခုကပြောတဲ့၊ ခင်ဗျားပြောသွားတဲ့အတိုင်းပါပဲ၊ ဝ နဲ့ ကိုးကန့်လို့လျာထားတယ်။ ကိုးကန့်က နောက် တလနှစ်လအတွင်း အေးချမ်းလာရင် မဲစာရင်း ကျနော်တို့ကောက်လိုက်မှာပါ။ ဒါကလည်း ခင်ဗျားတို့ကို ကျနော် အခုနကရှင်းပြပြီးပါပြီ။ မဲစာရင်းဆိုတာ ရွေးကောက်ပွဲကြေညာမှ စာအုပ်ထဲကပုံစံယူပြီးတော့ ကပ်ပေးလိုက်တာ၊ လာကြည့်ပြီးရင် မဲစာရင်းဖြစ်သွားပြီ။ ရွေးကောက်ပွဲနေ့ကျရင် လာမဲပေးရုံပါပဲ။ ဒါကြောင့် ကိုးကန့်က အေးသွားလို့ရှိရင် ရွေးကောက်ပွဲဖြစ်နိုင်တယ်။ မအေးချမ်းရင် ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။ သို့သော်လည်း ဝမှာတော့ ဖြစ်ဖို့အခြေအနေ နည်းနည်းခဲယဉ်းပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲမှာ သဘာဝဘေးအန္တရာယ်ရော၊ နယ်မြေအေးချမ်းသာယာရေးနဲ့ကော လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ မရှိဘူးဆိုရင် ရွှေ့ဆိုင်းထားမှာပါ။ ဒါ့ကြောင့် ကျနော်တို့ ရွှေ့ဆိုင်းတာပါ။ သို့သော်လည်း ဖြစ်နိုင်တဲ့အတိုင်းအတာ၊ ဖြစ်နိုင်တဲ့အခြေအနေတွေပေါ် မူတည်ပြီးတော့ မြို့နယ်တွေဟာ ပြည်သူ့လွှတ်တော်တွေ၊ အမျိုးသားလွှတ်တော်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ၊ ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမှာပါ။”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ထည့်ဝင်ကြရမယ့် မဲပြားပုံစံ။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ထည့်ဝင်ကြရမယ့် မဲပြားပုံစံ။

အခုရက်ပိုင်းအတွင်း အခြေခံမဲစာရင်းမှာ မဲစာရင်းတွေ သိသိသာသာ မှားယွင်းနေတာ၊ မဲပေးခွင့်ရှိသူများလွဲမှားစွာ ထုတ်ပြန်ထားတာကို ပြည်သူတွေကြား ဝေဖန်နေကြတာပါ။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားတွေဟာ ၃၀ % ကနေ ၈၀ % အထိ အချက်အလက်တွေမှားယွင်းနေတယ်ဆိုတဲ့အချက်အပါအဝင် မဲစာရင်းမှားယွင်းမှုတွေအကြောင်းပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို ရွေးကောက်ပွဲကော်မရှင်ထံ ဇွန်လ (၃) ရက်နေ့ ရက်စွဲနဲ့ ပေးပို့ ထောက်ပြဝေဖန်ထားပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေတည်ငြိမ်နေတာကြောင့် လာမယ့် ရွေးကောက်ပွဲကို ဥပဒေအတိုင်း မဖြစ်မနေကျင်းပသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်းမီဒီယာတွေရှေ့မှာ ကတိပြုပြောဆိုသွားပါတယ်ခင်ဗျာ။

XS
SM
MD
LG