၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၆ ခုက ဒီလ ၂ ရက်နေ့ကပဲ တိုင်းရင်းသားအရေး၊ ရွေးကောက်ပွဲ အရေးတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီမိုကရေစီပါတီ မိတ်ဆွေများအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဖွဲ့ပြီး ၄ ရက်အကြာမှာတော့ စီးပွားရေး လုပ်ငန်းရှင် တဦးက ဒီပါတီတွေကို ငွေကြေး ထောက်ပံ့တယ်လို့ ပြည်တွင်းသတင်း ဂျာနယ်မှာ ဖော်ပြတာကို အကြောင်းပြုပြီး အဖွဲ့ဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက မိတ်ဆွေအဖွဲ့ကနေ ခေတ္တ နှုတ်ထွက်မယ်လို့ ပြောလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ဒီမိုကရေစီပါတီ မိတ်ဆွေများထဲက စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေဆီက ငွေကြေးထောက်ပံ့မှု ယူထားတယ်ဆိုရင် ရှင်းရှင်းလင်းလင်း ကြေညာပေးပါလို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက တောင်းဆိုပါတယ်။ ဘယ်ပါတီတွေ အထောက်အပံ့ ယူထားတယ်ဆိုတာ ပါတီတွေက ပွင့်ပွင့်လင်းလင်း မကြေညာမချင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက မိတ်ဆွေအဖြစ်က ခေတ္တ ရပ်ဆိုင်းထားမယ်လို့ ကြေညာချက် ထုတ်တာပါ။ ဒါနဲ့ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဒုတိယဥက္ကဋ္ဌ ဦးတင်ထွေးက အခုလို ရှင်းပြပါတယ်။
“ဦးလှမောင်ရွှေက ငါးလုပ်ငန်းမှာ ဒု-ဥက္ကဋ္ဌ၊ အီးဂရက်စ်မှာက Member ၇ ဦးရှိတဲ့အထဲမှာ သူက တဦး အပါအ၀င်ပေါ့။ တရားဝင်ပေးတာလား၊ ယူတာလားဆိုတာ ကျနော်တို့က မသိတဲ့အခါမှာ ဒီဥစ္စာတွေက ပါတီအချင်းချင်း ရိုက်ခတ်မှာစိုးလို့ အဲဒီလို ရှင်းပြီးရင် ကျနော်တို့က မိတ်ဆွေဖွဲ့လို့ ရပါတယ်။ လတ်တလောက မိတ်ဆွေဖွဲ့ထားတာကို ကျနော်တို့က ခေတ္တ ဆိုင်းငံ့ထားတာပါ။”
မြန်မာ အီးဂရက်စ်ကတော့ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ် ပို့ချပေးနေတဲ့ ရန်ကုန်အခြေစိုက် NGO တခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီတွေ အနေနဲ့ ပြင်ပ အလှူရှင်တွေဆီက ငွေကြေးထောက်ပံ့မှု လက်ခံရယူခွင့် ရှိပေမဲ့ အခု အထောက်အပံ့ ယူတာမှာ သူတို့ပါတီ မပါဝင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ချင်လို့ အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဦးတင်ထွေးက ပြောပါတယ်။
“ဦးလှမောင်ရွှေကတော့ ထုတ်ဖော်ပြောတယ်ပေါ့။ NDF နဲ့ ရှမ်းရယ်၊ ချင်းရယ်၊ ရခိုင်ရယ်၊ အဲဒီပါတီများကိုလည်း ထောက်ပံ့ထားတယ်ပေါ့။ ပါတီများကို ထောက်ပံ့ထားတယ်ဆိုတဲ့ နေရာမှာ ရခိုင်ကလည်း တချို့တ၀က် ရှိမယ်ဗျာ၊ ချင်းကလည်း တချို့တ၀က် ရှိမယ်ပေါ့၊ အခြားပါတီတွေလည်း တချို့တ၀က် ရှိမယ်ပေါ့၊ အဲတော့ သူက ပါဝင်တဲ့ ပါတီတွေ အကုန်လုံးကို ရောပြီး ရိုက်လိုက်တဲ့ ပုံစံမျိုးဆိုတော့ ကျနော်တို့က အဲဒီ ယူထားတဲ့ အထဲမှာလည်း မပါတဲ့အတွက်ကြောင့် ဒီဥစ္စာကို ရှင်းတဲ့ကိစ္စပါ။ ငွေရေး ကြေးရေး ရှုပ်ထွေးတဲ့ ကိစ္စလေးတွေက ကျနော်တို့ ပြည်သူ့အမြင်မှာ တမျိုးဖြစ်နိုင်တယ်လေ။”
စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးလှမောင်ရွှေက ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းက ပြည်တွင်းထုတ် မြန်မာပို့စ် ဂျာနယ်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အပါအ၀င် တခြားပါတီ တချို့နဲ့ ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင် တိုင်းရင်းသားပါတီ အများစုကို ငွေကြေး ထောက်ပံ့ထားတယ်လို့ ပြောကြားခဲ့တာပါ။
ဦးလှမောင်ရွှေကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ငွေကြေးထောက်ပံ့မှု ပေးထားတယ်လို့ ဂျာနယ်မှာ ဖော်ပြခံရတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက အခုလို ရှင်းပြပါတယ်။
“ဦးလှမောင်ရွှေက ကျနော်တို့ကို ဒီနေ့ပဲ တောင်းပန်တဲ့ စာတခု ပို့ပါတယ်။ အဲဒီစာမှာ အကြမ်းဖျင်း ပြောရရင် သူ့အနေနဲ့က ကျနော်တို့ အပါအ၀င် တခြားပါတီတွေကို ရန်ပုံငွေအနေနဲ့ သူလှူတာ မရှိပါဘူးတဲ့။ သူ့အနေနဲ့ရော၊ အီးဂရက်အဖွဲ့ အနေနဲ့ရော မရှိပါဘူးတဲ့။ သို့သော်လည်း ရှေ့နေလား ဘာလား တယောက်နဲ့၊ နောက် တယောက် နှစ်ယောက်ပေါ့ဗျာ၊ ကျနော်တို့ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းထဲက တယောက် နှစ်ယောက် အဲဒီလိုပေါ့၊ သူတို့နဲ့ ခင်ရာခင်ကြောင်း တခြား တိုင်းရင်းသား ပါတီတွေထဲက တယောက် နှစ်ယောက် အဲဒီလို ဖြစ်ပါလိမ့်မယ်။
“သူက ပုဂ္ဂိုလ်ရေးအရ အကူအညီ ပေးတာပါတဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ အဲဒါမျိုးတော့ ရှိပါတယ်တဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဒီလိုဖြစ်သွားတယ် ဆိုတာကို သူ့အနေနဲ့ တောင်းပန်ပါတယ် ဆိုပြီးတော့ ကျနော်တို့ဆီကို စာပို့ထားတယ်။”
ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ကတော့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက တောင်းဆိုထားတာကို ဘာမှ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ဒီမိုကရေစီ မိတ်ဆွေများပါတီ အဖွဲ့မှာတော့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပါဝင်ပြီး ဒီလ ၂ ရက်နေ့ကမှ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။