သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် ကျေးရွာ ၁၅၅ အုပ်စု ရွေးကောက်ပွဲ မဲပေးခွင့်မရှိ


ကရင်ပြည်နယ် ကျေးရွာ ၁၅၅ အုပ်စု ရွေးကောက်ပွဲ မဲပေးခွင့်မရှိ
ကရင်ပြည်နယ် ကျေးရွာ ၁၅၅ အုပ်စု ရွေးကောက်ပွဲ မဲပေးခွင့်မရှိ

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေက မြို့နယ် ၃၂ မြို့နယ်ကို ရွေးကောက်ပွဲ မပြုလုပ်တဲ့ နယ်မြေတွေအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။ ဒီအထဲမှာ ကရင်ပြည်နယ်ကတော့ အဆိုးရွားဆုံး အခြေအနေအဖြစ် မဲပေးပိုင်ခွင့် နယ်မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။ မြို့နယ်အားလုံးမှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စုကို မဲပေးခွင့် မပြုတဲ့သဘော ဖြစ်တဲ့အတွက် ကရင်အမျိုးသားတွေ အနေနဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ကရင်နိုင်ငံရေးပါတီ တခုက ဆိုပါတယ်။ အစိုးရကနေ ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ အဲဒီဒေသတွေမှာ ယှဉ်ပြိုင်ရင် မနိုင်တဲ့ အနေအထားမှာရှိလို့ အခုလို ချန်လှပ်ထားခဲ့တယ်လို့လည်း သုံးသပ်သူတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

တိုင်းရင်းသား ပြည်နယ်ဒေသတွေမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မရှိတဲ့ နယ်မြေအဖြစ် ရွေးကောက်ပွဲ ကော်မရှင်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် ဒေသနေ ပြည်သူတွေအတွက် ကိုယ်စားလှယ် ရွေးချယ်ရာမှာ မဲပေးခွင့်တွေ ဆုံးရှုံးနေတယ်လို့ ကရင်နိုင်ငံရေးပါတီဖြစ်တဲ့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးစောခင်မောင်မြင့်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“နိုင်ငံတော်က ကျင်းပတဲ့ ရွေးကောက်ပွဲတခုဟာ နိုင်ငံတော်မှာ နေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ မဲပေးပိုင်ခွင့် ရှိတဲ့သူ အားလုံးဟာ မဲပေးခွင့် ရကို ရရမှာပေါ့။ ခုနက သူတို့သတ်မှတ်တဲ့ အခြေအနေ တရပ်ရပ်ကြောင့် ချို့ယွင်းချက်လေးတော့ ရှိကောင်းရှိပါလိမ့်မယ်။ သူတို့ မဲဆန္ဒ မပေးရတဲ့သူတွေအတွက် အင်မတန်မှ နစ်နာဆုံးရှုံးမှုတော့ ဖြစ်သွားတာပေါ့ဗျာ။”

အထူးသဖြင့် ကရင်ပြည်နယ် အတွင်းမှာဆိုရင် မြို့နယ် ၇ မြို့နယ်က ကျေးရွာအုပ်စု အားလုံးနီးပါးကို မဲထည့်ခွင့် မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားတဲ့အပေါ် ဦးစောခင်မောင်မြင့်က အခုလို ပြောပါတယ်။

“အမှန်ဆိုတော့ဗျာ၊ မဲမပေးနိုင်တဲ့ ဒေသတွေကို သတ်မှတ်တာကျတော့ ခိုင်လုံတဲ့ အကြောင်းပြချက်လေးတွေနဲ့ ပေါ့လေ။ နည်းနည်း သင့်တင့်လျောက်ပတ်တဲ့နေရာ ဖြစ်ဖို့ကောင်းပါတယ်။ အခုဆိုရင် ဒီကြာအင်းဆိပ်ကြီး မြို့နယ်မှာဆိုရင် အစိုးရ အထက်တန်းကျောင်းတွေ ဖွင့်လှစ်နိုင်တဲ့ ကျေးရွာအနေနဲ့ဟာ ဒီမဲပေးဖို့ လုံခြုံရေး တာဝန်မယူနိုင်ဘူး ဆိုတာကတော့ နည်းနည်းတော့လည်း စဉ်းစားစရာ ဖြစ်တာပေါ့။ အဲဒီကျေးရွာတွေဟာ ကရင်တိုင်းရင်းသားတွေ အများဆုံးနေတဲ့ ကျေးရွာတွေပေါ့ဗျာ။”

ရွေးကောက်ပွဲ ကော်မရှင်တွေ အနေနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တချို့ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒေသတွေဟာ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးတွေ လှုပ်ရှားနေတဲ့ နယ်မြေဖြစ်လို့ လုံခြုံရေးအရ ချန်လှပ်ထားတယ်လို့လည်း စစ်ရေး အကဲခတ်သူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

“သူတို့ ပိတ်ပင်ထားတဲ့ နယ်မြေတွေဟာ ဆိုလို့ရှိရင် ကရင်ပါတီ တချို့နေရာမှာ ဝင်ပြိုင်မယ် ဆိုပေမဲ့ သူတို့အတွက် အလားအလာရမယ်၊ အဲဒါလေးတွေကအစ အကုန်လုံး ပိတ်ထားတယ်။ သူတို့ ကိုယ်စားလှယ်တွေ ထားမယ်ဆိုလို့ရှိရင် ဘယ်သူမှ မထောက်ခံဘူးဆိုတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေ သူတို့ အပိုင်အခွင့်အရေးတွေ ပိတ်ပင်လိုက်တာပေါ့ဗျာ။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ကချင်ပြည်နယ်မှာ ၈ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၂ မြို့နယ်၊ ကရင်ပြည်နယ်မှာ ၇ မြို့နယ်၊ မွန်ပြည်နယ် ၂ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာလည်း နယ်မြေလုံခြုံရေးအရ ပိတ်ပင်မှုတွေ ပြုခဲ့ပေမဲ့လည်း အခုလို တင်းကျပ် များပြားမှု မရှိလို့လည်း ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က ပြောပါတယ်။

အခုလို မဲဆန္ဒပေးခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတဲ့အတွက် တနိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒပေးခွင့်ရှိတဲ့ နိုင်ငံသား နှစ်သိန်းလောက် မဲပေးပိုင်ခွင့် ဆုံးရှုံးပြီး ကရင်ပြည်နယ်အတွင်းမှာဆိုရင် သိန်းနဲ့ချီပြီး မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တယ်လို့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က ပြောပါတယ်။

XS
SM
MD
LG