သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KSPP ကချင်ပါတီ မှတ်ပုံတင်ခွင့်ကျဖို့ မရေမရာဖြစ်နေဆဲ


နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းဖို့ တပတ်ပဲလိုတော့တဲ့ အချိန်အထိ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကတော့ မှတ်ပုံတင်ခွင့်တောင် မရသေးပါဘူး။ ဒီပါတီဟာ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တရားဝင် ပါတီမှတ်ပုံတင်ခွင့် အစောဆုံး လျှောက်ထားခဲ့တဲ့ ပါတီတခု ဖြစ်ရုံမက ဒီကိစ္စအတွက်လည်း ပါတီခေါင်းဆောင်တွေဟာ နေပြည်တော်ကို တကြိမ်မက သွားရောက် ပြောဆိုမှုတွေ လုပ်ခဲ့တာပါ။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းတွေပါတဲ့ ကချင်ပါတီတခုက မှတ်ပုံတင်ခွင့် မရချိန်မှာ မှတ်ပုံတင် ခွင့်ပြုချက် ရထားကြတဲ့ တိုင်းရင်းသားပါတီ တချို့ဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ နောက်ဆုံးရက် ဖြစ်လာပေမဲ့ အစောဆုံး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တဲ့ တိုင်းရင်းသားပါတီဖြစ်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို မှတ်ပုံတင်ခွင့် မပြုသေးပါဘူး။ ဆက်လက်စောင့်ဆိုင်းဖို့ပဲ အာဏာပိုင်တွေက အကြောင်းကြားလာတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက အခုလို ပြောပါတယ်။

“အခုက စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ သက်ဆိုင်ရာကလည်း စောင့်ဆိုင်းဖို့ပဲ မှာကြားထားလိုက်တယ်။ ဆက်လက် စောင့်ဆိုင်းဖို့ပဲ ပြောပါတယ်။ အဲဒါကြောင့် ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုးပေါ့။ ဒါ အချိန်တိုတောင်းတာလည်း သိတယ်။ ဒါ သက်ဆိုင်ရာကလည်း သိပါတယ်။ အကြောင်းကြောင်းကြောင့်လေ ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။”

စစ်အစိုးရက ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့ပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီဟာ ဧပြီလ ၅ ရက်နေ့မှာ ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ KSPP ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီနဲ့ ဇူလိုင်လတွေမှာ မှတ်ပုံတင်ခွင့်ရဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နှုတ်အားဖြင့် မဲဆွယ်စည်းရုံးခွင့် ပြုခဲ့ပါတယ်။

ဒီကြားထဲမှာ မှတ်ပုံတင်ခွင့် ကျလာရင်လည်း မြို့နယ်တချို့မှာပဲ ယှဉ်ပြိုင်နိုင်တော့မယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြောပါတယ်။

“ဒါကတော့ အတိအကျ ပြောလို့မရဘူး။ လက်တွေ့ လုပ်ကြည့်မှ သိမယ့်အနေထား ဖြစ်ပါတယ်။ အခု ကျနော်တို့ပါတီက အခုတောင်မှ ပါတီ တရားဝင် မတည်ဆောက်နိုင်သေးဘူး ဆိုတော့ ဒါ ကျနော်တို့ စည်းရုံးလှုပ်ရှားခွင့် အချိန်ကလည်း အင်မတန် တိုတောင်းသွားပြီ။ ဒါကြောင့် ရွေးကောက်ပွဲကာလလည်း သတ်မှတ်ထားပြီးပြီဆိုတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုက ဘယ်လောက် အတိုင်းအတာပဲ ရှိတော့လဲဆိုတာ ကျနော်တို့ အတိအကျ ပြောလို့မရဘူး။ ထောက်ခံအားပေးမှုတော့ ရှိကောင်းရှိမယ်ပေါ့လေ။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်သတ်မှတ်ဖို့ အခက်အခဲ တစုံတရာ ရှိလာနိုင်တယ်။ အချိန်အတွက်ကြောင့်လေ၊ အဲဒါကြောင့်မို့ မြို့နယ်တချု့ိလောက်ကိုပဲ ဝင်ရောက်ပြီး ယှဉ်နိုင်မယ့် အနေအထားမျိုး ဖြစ်နေတယ်။”

ကော်မရှင်ဟာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ၄၂ ပါတီထဲက KSPP ပါတီ တခုတည်းကိုပဲ မှတ်ပုံတင်ခွင့် မပြုတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မှတ်ပုံတင်ကျပြီးသား တိုင်းရင်းသားပါတီ တချို့လည်း ဘဏ္ဍာရေး အခက်အခဲနဲ့ အာဏာပိုင်တွေရဲ့ ဟန့်တားမှု ကြုံနေရပါတယ်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်တွေနဲ့ ဆွေမျိုးတွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“အဲဒါမျိုးဟာ လက်ရှိအစိုးရနဲ့ ပတ်သက်နေတယ်လေ။ လက်ရှိအစိုးရကလည်း ကြံ့ခိုင်ရေးပါတီမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင် ဖွဲ့စည်းထားတာ။ ဆိုတော့ ကျနော်တို့ ပြည်သူတွေ အမြင်မှာလေ ပါတီတခုမှာပါတဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်မှာတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေက ပါတီတခုရဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သူ့ရဲ့ဆွေမျိုးတွေပေါ့ဗျာ၊ အဲဒါတွေကို စုံစမ်းစစ်ဆေးတယ်ဆိုတော့ တခုခု Press ပေးသလိုပေ့ါ။ အာဏာရပါတီက သူ့လက်အောက်ခံ အဖွဲ့အစည်းကို အသုံးချနေတဲ့ သဘောလို့ ပြည်သူကြားမှာ၊ ပါတီဝင်တွေကြားမှာ ဖြစ်နေတာပေါ့။ ဆိုတော့ အဲဒီဟာလေးကို ကွင်းဆက်ဖြတ်ပေးဖို့ လိုပါလိမ့်မယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ဒေသခံ ပြည်သူလူထု ၇၀% နီးပါး ထောက်ခံမှု ရနိုင်တယ်လို့လည်း ဒေါက်တာအေးမောင်က ခန့်မှန်း ပြောဆိုပါတယ်။

ချင်းအမျိုးသား တိုးတက်ရေး ပါတီကတော့ ဘဏ္ဍာရေး အခက်အခဲ ရှိပေမဲ့ ချင်းပြည်နယ်မှာ အနိုင်ရမယ်လို့ ယုံကြည်နေကြောင်း ဥက္ကဋ္ဌ နိုကန်းခန်က ပြောပါတယ်။

“ပြည်သူရဲ့ ယုံကြည်မှုတော့ ရရှိထားပါတယ်။ ငွေရေးကြေးရေး အခက်အခဲတော့ တော်တော်လေးရှိတယ်။ အချိန်က အရမ်းကပ်နေတဲ့ အခါကျတော့ ဥပမာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို မဝင်ခဲ့ရဘူး။ ဝင်ဖြစ်ရင်တော့ ဘယ်လိုဖြစ်လာမယ် မသိနိုင်ဘူး။ ကျနော်တို့ ချင်းလူမျိုးထဲကနေ ချင်းတိုးတက်ရာ တိုးတက်ကြောင်း ရည်မှန်းပြီး ဖွဲ့စည်းထားတဲ့ ပါတီဆိုတော့ ပြည်သူရဲ့ ထောက်ခံမှုက တော်တော်များတယ်လို့ မြင်တယ်။ ဒီတော့ ငွေအင်အားနဲ့ သုံးရင်လည်း ချင်းပြည်သူရဲ့ ထောက်ခံမှုကို ရမယ်လို့ မယုံကြည်ဘူး။”

ဒါကတော့ တိုင်းရင်းသားပါတီတချို့ရဲ့ လက်ရှိ အခြေအနေတွေကို ပါတီခေါင်းဆောင်တွေ ရှင်းပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG