သုံးရလွယ်ကူစေသည့် Link များ

လွှတ်တော် ကိုယ်စားလှယ် စာရင်း အတိအကျ မထုတ်ပြန်နိုင်သေး


၂၀၁၀ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များ။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို အခုအချိန်အထိ တိကျစွာ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ပယ်ခံရတဲ့ကိုယ်စားလှယ်တွေ ပြန်ပြီး အယူခံဝင်နေတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဒါပေမယ့် စက်တင်ဘာလ တတိယပတ်ထဲမှာတော့ အပြီးသတ်ထုတ်ပြန်ပေးနိုင်မယ်လို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန် ဗွီအိုအေရုံးက သတင်းထောက် မမေခက ဒီအကြောင်း စုံစမ်းပြီး သတင်းပေးပို့ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တနိုင်ငံလုံးကနေ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်လျှောက်ထားတာမှာ ၈၀ကျော် ပယ်ခံခဲ့ရတယ်လို့ ကနဦးသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီစာရင်းတွေက တိကျမှုမရှိသေးဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရေးမှုး ဦးမြင့်နိုင်ကပြောပါတယ်။ ပယ်ချခံရတာနဲ့ပတ်သတ်ပြီး ဦးမြင့်နိုင်က ဗွီအိုအေကိုခုလို ပြောပါတယ်။

“၁၀၀ကျော်ဆိုတာတော့မဟုတ်ပါဘူး။ ခန့်မှန်းခြေကတော့ ၈၈ လောက် ပတ်ဝန်းကျင်ပါပဲ။”

လက်ရှိထုတ်ပြန်တဲ့ကိုယ်စားလှယ်လောင်းတွေမှာ နယ်မြေ ၃၇ ခုက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အယူခံဝင်မှု တွေရှိနေတဲ့အတွက် ထုတ်ပြန်ကြေငြာနိုင်ခြင်းလည်း မရှိပါဘူး။ ခုလက်ရှိမှာတော့ သက်ဆိုင်ရာ တိုင်း/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် တို့မှာ အသေးစိတ် ကြေငြာထားပေမယ့် အယူခံဝင်တာတွေရှိနေပါသေးတယ်။ဒီအပေါ်မှာ ထပ်တိုးနှုတ်တွေကို စာရင်းပေါင်းမလုပ် နိုင်သေးဘူးလို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

“Update မဖြစ်သေးဘူးဆိုတာက အခုအချိန်အထိ မပျက်နိုင်သေးဘူး။ တချို့စီစစ်ဆေးရေးမှူးတွေက။ အဲဒါကြောင့်မို့လို့ update တော့မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ စီစစ်မှူးတွေက အခုမှထပ်တိုးတယ်ဆိုတော့ plus ထပ်လုပ်မှာပဲ။ ထပ်လျှော့တယ်ဆိုရင် minus ထပ်လုပ်မှာပဲ၊ ဒီလိုတော့ရှိနိုင်ပါတယ်ခင်ဗျာ။ ကျနော်တို့လောလောဆယ် လွှတ်တော်ကိုယ်စားလှယ်လောင်းက တိုင်းဒေသကြီးက မငြိမ်သေးဘူးဖြစ်နေတယ် ခင်ဗျာ။ လောလောဆယ် အယူခံမပျက်တာ အများစုက တိုင်းဒေသကြီးက ဖြစ်နေတာအတွက်ကြောင့် သူကတော့ ဒီ အရေအတွက်မငြိမ်နိုင်သေးပါဘူး။ လောလောဆယ်တော့ ပုံစံ (၁၀) နဲ့ကြေညာထားတယ်။ ခရိုင်တွေက ပုံစံ (၁၀) နဲ့ကြေညာထားတဲ့အရေအတွက်အရတော့ ပြည်သူသည် စောနကပြောသလို ၁၇၄၀ ရှိမယ်။ အမျိုးသားသည် ၈၈၆ ရှိပါမယ်။ confirm ဖြစ်နိုင်ပါတယ်။ လောလောဆယ်ရောဆိုတာက သူက အယူခံတွေတော့ ထပ်လာနေတုန်းပဲ ခင်ဗျာ။ထပ်လာနေတုန်းပဲ ဆိုတဲ့အခါကျတော့လေ အပြတ်တော့ ပြောမရဘူး။ လောလောဆယ် အကျမ်းဖျင်းတော့ ကျနော်တို့ ဒါကတော့ ဥပဒေနီးပါးဆိုရင်တော့ အတည်ဖြစ်ပါပြီ။ ထပ်တက်လာတဲ့ စောနပြောတဲ့ ဒီအသနားခံစာတွေအပေါ်မှုတည်ပြီးတော့ ကော်မရှင်အရ စီစစ်ပြီးတော့ ပြန်ပြီး ထည့်ပေးလိုက်တာလည်း ရှိနိုင်တယ်။ ဆိုတော့ ဒီဂဏန်းကတော့ စောနကပြောသလို ရှိနေနိုင်သေးတယ်။ မငြိမ်သေးဘူး ခင်ဗျာ။”

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီက ဦးကျော်မင်း ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၁၈ဦးပြိုင်တာမှာ ၁၇ ဦးပယ်ခံရတာ နဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။

"၁၈ ယောက်မှာ ၁၇ ယောက် အားလုံးလိုလိုပေါ့။ နိုင်ငံသားလက်မှတ်၊ မိဘများ၊ ဘိုးဘွားများ၊ ရဲ့ နိုင်ငံသားလက်မှတ် မပြနိုင်လို့တဲ့ ။အဲ ဒါပဲ တခုတည်းသောအကြောင်းပြချက်။ ဘိုးဘွားလက်ထက်ထဲမှာ နိုင်ငံသားလက်မှတ် မရှိတာ။ ဘယ်ကနေ ဘယ်လိုလုပ်ပြီးတော့ နိုင်ငံသားလက်မှတ်ပေးမလဲ။ အယူခံဝင်ထားတဲ့ ၇ ရက်အတွင်း ခရိုင်က ပယ်တယ်။ ကျနော်တို့ တိုင်းသားပြည်နယ်ကို ပြည်နယ်ကော်မရှင်ပြောတာပါ။ အယူခံတယ်၊ ကော်မရှင်ကလည်း အောက်ရုံးကဟာကို အတည်ပြုတယ်။ အဲတော့ အခု ဗဟိုကော်မရှင်ကို သွားပြီးတော့ နဲနဲပါးပါးသွားပြီးတော့ အကျိုးအကြောင်းပြောရင် ထိုးမလားလို့ စဉ်းစားနေတယ်။ တချို့တွေကလည်း ဟို တဦးချင်းပေါ့။ အယူခံတဲ့ သဘောတော့ မဟုတ်ဘူး။ အကျိုးအကြောင်းတင်ပြပြီးတော့ ပြန်လည်စဉ်းစားပေးပါရန်ဆိုပြီး တော့ စာတင်ထားတာရှိတယ်။"

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၇ ထောင်နီးပါး ထဲကနေ ၈၀ ကျော်ကို ပယ်ချထားတယ်လို့ ကော်မရှင်က ကနဦး ကြေညာထားပေမယ့် ခုချိန်ထိ ဘယ် ပါတီက ဘယ်နှစ်ဦးအပယ်ခံထားရတယ်ဆိုတာကို ထုတ်ဖော်မပြောနိုင်သေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း၁၁၀၀ ကျော်ဝင်ပြိုင် ဖို့စာရင်း သွင်းတာမှာ ၈ယောက်ပယ်ခံရတယ်လို့ ဗဟိုလုပ်မှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။အယူခံဝင်ဆဲကာလဖြစ်တဲ့အတွက် အသေး စိတ် ကို မထုတ်ပြန်သေးတာဖြစ်တယ်လို့ ကော်မရှင်ကပြောပါတယ်။

လက်ရှိမှာ ပြည်သူ့လွှတ်တော်အတွက် ၁၈၀၀နီးပါးဝင်ပြိုင်ထားပြီး အမျိုးသားလွှတ်တော်အတွက် ၁၀၀၀နီးပါးဝင်ရောက်ယှဉ်ပြိုင် ထားပါတယ်။ တိုင်းဒေသကြီးအတွက်ကတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက်ပါ အပါအဝင် ၃၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။

ပယ်ချခံရသူအများစုဟာ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းတွေများပြီး ပယ်ချခံရတဲ့ အကြောင်းအရာတွေမှာလဲ မိဘနိုင်ငံ သားမဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဥပဒေအရ သတ်မှတ်ထားတဲ့ အသက်ပြည့်မီမှု မရှိတာတွေကြောင့် ပယ်ချခံရတာ တွေများတယ်လို့ ကော်မရှင်ကပြောပါတယ်။ ဒီအပြင် နိုင်ငံတွင်းမှာ တဆက်တည်း ၁၀ နှစ်နေထိုင်တာမရှိတာတွေကြောင့် ပယ်ချခံရတာတွေလည်းရှိနေပါတယ်။

XS
SM
MD
LG