သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ရုံးချုပ် ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်


၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကျထားပြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဟာ ရန်ကုန်မြို့မှာ ဒီကနေ့ ရုံးချုပ် စတင်ဖွင့်လှစ်လိုက်သလို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောပါတယ်။ ဒါပေမဲ့ ကျန်နိုင်ငံရေးပါတီ တချို့မှာတော့ ရွေးကောက်ပွဲအတွက် အခက်အခဲတွေ ရှိနေသလို ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပြန်လည် သုံးသပ်တာတွေတောင် လုပ်ကြတော့မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီအဖြစ် ထူထောင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဟာ ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်က မေတ္တာညွန့်ရပ်ကွက်မှာ ရုံးချုပ် စတင်ဖွင့်လှစ်လိုက်ပါပြီ။ ရွေးကောက်ပွဲမှာ ပြည်နယ်တွေ ကိုယ်စားပြုတာထက် တိုင်းတွေကို ဦးစားပေး ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။

“ပုံမှန် စည်းရုံးဖို့ကတော့ ဒီဆိုင်းဘုတ်တင်ပြီး နောက်ပိုင်းတော့ စမှာပါ။ အခုချိန်တော့ သူတို့ဘာသာ သူတို့ လာဆက်သွယ်တဲ့ မြို့နယ်ပေါင်း ၂၀ ရှိပြီး ကျနော်တို့နဲ့ ထိတွေ့တဲ့ဟာက ၃၀ လောက်ရှိပါတယ်။ အဲဒီတော့ မြို့နယ်ပေါင်း ၅၀ လောက် ထိတွေ့ပြီးသား ဖြစ်နေတော့ လွှတ်တော်ကိုယ်စားလှယ် လုပ်မယ့် ပုဂ္ဂိုလ်တွေလည်း ကျနော်တို့ ၉၀ ကျော်လောက်တော့ ရထားပြီး ဖြစ်ပါတယ်။ ဒီဟာတွေကို နာမည်နဲ့တကွ ကျနော်တို့ တောင်းနေပါတယ်။ ရလို့ရှိရင်တော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ပါပဲ။

“ဒုတိယပိုင်းကတော့ ပါတီဝင်စုတဲ့ ကိစ္စပါ။ ဒါတွေကလည်း ပါတီဝင်ကတော့ မြို့နယ်အလိုက် ကျနော်တို့ ရနိုင်ပါတယ်။ သူ့မြို့နယ်အလိုက် ရှိပါတယ်။ သို့သော်လည်း ကော်မရှင်က တောင်းထားတဲ့ လူ ၁,၀၀၀ ကိစ္စကတော့ သြဂုတ်လကုန်လောက် ဆိုရင်တော့ ဒါကို စာရင်းနဲ့တကွ ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်လာတဲ့ အဖွဲ့ဝင်ဟောင်းတချို့ ပူးပေါင်းပြီး တည်ထောင်ခဲ့တဲ့ NDF ပါတီဟာ ဇူလိုင်လ ၉ ရက်နေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ကျခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီလို့ ဆိုပေမဲ့ ပါတီ ရန်ပုံငွေကိစ္စမှာတော့ အခက်အခဲ ရှိနေတယ်လို့လည်း ဆက်ပြောပြပါတယ်။

“ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ကြိုတင်ပေးထားရမယ့် ၅၀၀,၀၀၀ ကိစ္စက အခက်အခဲ တော်တော်များများ ရှိပါသေးတယ်။ ပေးနိုင်တဲ့လူ ရှိသလို မပေးနိုင်တဲ့လူလည်း ရှိပါတယ်။ ဒါတွေအတွက် ဖြေရှင်းရဦးမယ့် အပိုင်းတွေ ကျန်နေပါသေးတယ်။ ဒါတင်မကပါဘူး၊ ကြိုတင်မဲပေးတဲ့ ကိစ္စတွေကိုလည်း စောင့်ကြည့်လေ့လာတဲ့ အပိုင်းလည်း ရှိပါသေးတယ်။ ကြိုတင်မဲကိစ္စကလည်း အရေးကြီးတော့ ဒါလည်း စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။

“မဲပေးတဲ့အခါမှာ ဘယ်လို လုပ်နည်းလုပ်ဟန်တွေနဲ့ လွတ်လွတ်လပ်လပ် ရှိတယ်၊ မရှိဘူး၊ မဲဆွယ်တဲ့ ကိစ္စတွေမှာ လွတ်လပ်မှု ရှိသလား၊ မရှိဘူးလား၊ ဒါတွေကြည့်ပြီးမှ ကျနော်တို့ သေချာပြောနိုင်မှာ ဖြစ်ပါတယ်။ တရားမျှတမှု အပိုင်းမှာ အားနည်းနေတာ အမှန်တကယ် တွေ့ရပြီးတော့ လွတ်လပ်မှုအပိုင်းကို ကျနော်တို့ စောင့်ကြည့်ပြီးတော့ လေ့လာရဦးမှာ ဖြစ်ပါတယ်။”

NDF ပါတီက ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပပေးမယ်ဆိုပြီး ခုချိန်ထိ ရက်အတိအကျ မကြေညာသေးတာဟာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေအတွက် စည်းရုံးရေးတွေလုပ်ဖို့ အချိန်နည်းပါးတာကြောင့် တရားမျှတမှု မရှိနိုင်ဘူးလို့ သူ့ရဲ့ သဘောထားကို ပြောဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အဖွဲ့က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ထောက်ပြချက်ဟာ လက်ရှိ အခြေအနေ အမှန်တိုင်း ကြုံနေရတဲ့ အခက်အခဲတွေအပေါ် ပြောဆိုလိုက်တာ ဖြစ်သလို သူတို့ပါတီ အနေနဲ့တော့ ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်တဲ့ အနေအထားထိ မရှိသေးဘူးလို့ ပြောပါတယ်။

“မှန်ပါတယ်၊ အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့မရသေးဘူး ထင်တယ်။ စည်းကမ်းတွေ၊ စည်းမျဉ်းတွေကလည်း များရတဲ့အထဲ ပိုပိုပြီးတော့ နေ့တိုင်း ကျပ်ကျပ်လာတယ်လို့ ထင်ပါတယ်။ အန်တီ့တယောက်တည်း အနေနဲ့ ပြောရမယ် ဆိုရင်တော့ ကြိုးစားပြီးတော့ လုပ်နေကြတာပဲလေ။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ အဆင်သင့်ဖြစ်မလဲ ဆိုတော့ သူတို့က ရက်လည်း မကြေညာဘူး၊ ဘယ်တော့မှန်းလဲ မသိတဲ့အတွက် အန်တီတို့လည်း တတ်နိုင်သမျှ ကိုယ့်ဘက်က အစွမ်းကုန် ပြေးနေရတာပဲ။ ဘယ်အချိန်မှာ ကြိုးနဲ့ တားလိုက်မလဲတော့ မသိဘူးပေါ့နော်။”

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကျထားပြီးဖြစ်တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) အဖွဲ့ကတော့ အခြေအနေတွေက တရားမျှတမှု လုံး၀ မရှိတာမို့ ရွေးကောက်ပွဲကို ဆက်လက် ဝင်ဖို့ မဝင်ဖို့အတွက် ပါတီတွင်း ပြန်လည်ဆွေးနွေး ညှိနှိုင်းတာတွေလုပ်ဖို့ စီစဉ်နေတယ်လို့ UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“အခုကျင်းပပေးမယ့် ရွေးကောက်ပွဲက လွတ်လပ် တရားမျှတမှု မရှိနိုင်တော့ပါဘူး။ ကျနော်တို့လည်း ဒီအခြေအနေပေါ်မှာ သဘောတူပါတယ်။ အခုရမယ့် ရွေးကောက်ပွဲဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က လုပ်တဲ့ ရွေးကောက်ပွဲ ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဟာ ရုပ်ပြပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက် ဒီရွေးကောက်ပွဲကို ကျနော်တို့ ဘယ်လိုရှေ့ဆက်ပြီး သဘောထားတရပ် ပေးမလဲဆိုတာ ကျနော်တို့အတွက် ပြန်လည်သုံးသပ်စရာ ဖြစ်နေပါတယ်။”

UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုက နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်တယ်လို့ အစိုးရ သတင်းစာတွေမှာ ထုတ်ပြန်ထားပါတယ်။ အခုအချိန်မှာတော့ မှတ်ပုံတင်ကျထားတဲ့ ၃၉ ပါတီထဲက ၁၀ ပါတီထဲသာ ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဝင် အင်အားစာရင်း တင်ထားသေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG