သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်စားလှယ်လောင်းစာရင်း တင်ရမယ့် နောက်ဆုံးရက် တိုးပေးဖို့ တင်ပြ


ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ၂ ပတ်အတွင်း တင်သွင်းနိုင်ရေး သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပေးဖို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီ စာရေးပြီး အကြောင်းကြားလိုက်ပါတယ်။ ကိုယ်စားလှယ်လောင်း တဦးချင်းစီ ပေးဆောင်ရမယ့် ကျပ် ၅၀၀,၀၀၀ ကိုလည်း ပါတီအများစုက မတတ်နိုင်ကြလို့ အခက်ကြုံနေကြရတဲ့အကြောင်း ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို သြဂုတ်လ ၁၆ ရက် ဒီကနေ့ကနေ ၃၀ ရက်နေ့အတွင်း အချိန်မီ တင်သွင်းဖို့ ဆိုတာဟာ အခုမှ ဖွဲ့စည်းခွင့် ရကြတဲ့ နိုင်ငံရေးပါတီတွေအတွက် တော်တော်ကြီးမားတဲ့ အခက်အခဲပါ။ ပါတီက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဟာ ကျပ်ငွေ ၅၀၀,၀၀၀ ကိုလည်း ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးအဖြစ် အရင်ဆုံး မြန်မာ့စီးပွားရေးဘဏ်မှာ ပေးသွင်းရပါမယ်။ ဘဏ်ကရတဲ့ လက်ခံဖြတ်ပိုင်းနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်ကို ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်သွင်းရမှာပါ။ ဒီအခြေအနေတွေကို လုပ်ဆောင်ဖို့ ခက်နေလို့ သတ်မှတ်ထားတဲ့ရက်ကို သက်တမ်းတိုးပေးဖို့ NDF ပါတီက ဒီကနေ့ပဲ ရွေးကောက်ပွဲ ကော်မရှင်ဆီ စာရေးပြီး အကြောင်းကြားလိုက်ပါပြီ။

“အမတ်စာရင်းပေးပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ့် ကိစ္စက အချိန်ကာလအားဖြင့် သိပ်လည်း တိုတောင်းတယ်၊ ကျနော်တို့က တလနဲ့ လေးငါးခြောက်ရက်ပဲ ရှိသေးတယ်၊ ပါတီသက်တမ်းက။ အဲဒီမှာ ချက်ချင်း ကိုယ်စားလှယ်လောင်း ရွေးပေးပြီး ၅၀၀,၀၀၀ ပေးရမယ်ဆိုတာ စိန်ခေါ်မှုက သိပ်ကို ကြီးမားပါတယ်။ ဒါကြောင့် သက်တမ်းကို တိုးမြှင့်ပေးပါဆိုပြီး တောင်းထားတဲ့ ကိစ္စပါပဲ။ ဒီနေ့ပဲ ကျနော်တို့ တင်လိုက်ပါပြီ။ စာတိုက်ကတဆင့် တင်ပါတယ်။”

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ရှင်းပြခဲ့တာပါ။

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ကလည်း ကိုယ်စားလှယ်လောင်းတွေ ပေးရမယ့် ကျပ်ငွေ ၅၀၀,၀၀၀ ကို လျှော့ပေးဖို့ ကိစ္စရယ်၊ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရမယ့် ရက်ကို တိုးပေးဖို့ ကိစ္စတွေကို မနက်ဖြန်မှာ ရွေးကောက်ပွဲ ကော်မရှင်ဆီ စာတင်မယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီအခက်အခဲတွေကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေတဲ့ ပါတီတွေက မြန်မာပြည်မှာ အများစုလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ကိုသောင်းဝင်းက ဆိုပါတယ်။

“ပါတီအများစုက ပေးနိုင်တဲ့ အနေအထား မရှိဘူး။ ဒါ ပါတီတိုင်းလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာ။ တချို့ဆိုရင် အနိမ့်ဆုံး ပါတီ ရှင်သန် ရပ်တည်ရေးအတွက် ကိုယ်စားလှယ်လောင်း ၃ ယောက် အမည်တင်သွင်းဖို့ အတွက် ကိုယ်စားလှယ်လောင်း ၃ ယောက် ရှိပေမဲ့ အဲဒီ ၃ ယောက်အတွက် ၁,၅၀၀,၀၀၀ တောင် ကြိုးစား စုစည်းနေရတဲ့ ပါတီတွေ ရှိတယ်။ ဒီမိုကရက်တစ် အင်အားစုဘက်က အစစ်အမှန် ရပ်တည်တဲ့ ပါတီတွေထဲက ဒီအခြေအနေကို တကယ်တမ်း ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ ပါတီဟာ လက်ချိုးရေလို့ရတယ်၊ လက်ငါးချောင်းတောင် မပြည့်ဘူး။”

အခုလို အချိန်တိုတို အတွင်းမှာ ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကိုရော ငွေကိုရော ဖြစ်အောင် ပေးရမယ်လို့ သတ်မှတ်လိုက်တာဟာ ပါတီကို မလှုပ်ရှားနိုင်အောင် ထောင်ခြောက် ဆင်လိုက်သလိုပဲလို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“အချိန်က တအားကြီးစွဲပြီး ကျဉ်းလိုက်တဲ့ အခါကြတော့ ငွေရှာဖို့ အချိန်လည်းမရှိ၊ လူတွေလည်း စာရင်းကောက်ဖို့ အချိန်မရှိ၊ တအားကို တက်သုတ်ရိုက်နေရတဲ့ အပိုင်းရှိတယ်။ ဝရုန်းသုန်းကားကို ဖြစ်နေတာဗျာ။ ကျနော်တို့ကို လုံး၀ ထောင်ခြောက်ထဲကိုထည့်တဲ့ အဆင့်ဖြစ်သလိုပဲ ခံစားမိတယ်။ ဖြစ်မလာရင်လည်း ဖြစ်အောင် လုပ်သွားရမှာပေါ့ဗျာ။ ကျနော်တို့ အယောက် ၁၀၀ မှန်းထားပေမဲ့ ငွေ ၅၀၀,၀၀၀ က အယောက် ၁၀၀ မပေးနိုင်ဘဲ လေးငါးခြောက်ယောက် ပေးနိုင်ရင်လည်း ဝင်ရမှာပဲလေ။”

နိုင်ငံရေးပါတီ အများစုဟာ မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ကိစ္စမှာ အခက်အခဲတွေ များလိမ့်မယ်ဆိုတာ ကြိုတင်ပြီး တွက်ထားကြတယ် ဆိုပေမဲ့လည်း အခုလို အချိန် အကန့်အသတ်နဲ့ ငွေကြေး အကန့်အသတ်တွေက သိပ်ပြီး တင်းကျပ်လွန်းတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီတွေဘက်က တုံ့ပြန်မှုတွေ ပိုလုပ်လာကြလိမ့်မယ်လို့ UDP ပါတီက ကိုသောင်းဝင်းက ဆိုပါတယ်။

“ကျနော်တို့ပါတီက ပါတီအသစ်ဗျ။ ဘယ်လိုပဲပြောပြော အခက်အခဲက တကယ်ကို ကြီးမားတဲ့ အခက်အခဲ ဖြစ်သွားတယ်။ ၅၀၀,၀၀၀ ဆိုတာက တဦးချင်း အနေနဲ့ဆို မများဘူး။ ပါတီကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံချင်တဲ့လူ ရှိတယ်၊ သို့သော် သူက ငွေမတတ်နိုင်ဘူး၊ ပါတီက စိုက်ထုတ်ပေးရမယ်ဆိုရင် ကိုယ်စားလှယ်လောင်း ဦးရေ များလာတာနဲ့အမျှ ပါတီမှာ ဝန်က တအားပိလာတယ်။ အဲဒီဝန်ကို ဖြည့်ဆည်းနိုင်တဲ့ အနေအထားက ကျနော်တို့ဆီမှာ ဘယ်ပါတီမှ မရှိသေးဘူးခင်ဗျ။ ကျနော်တို့ ရသော်ရှိ၊ မရသော်ရှိ၊ ကိုယ်စားလှယ်လောင်း တင်သွင်းပေးရမယ့်ရက်ကို တိုးပေးဖို့ဆိုတဲ့ ကိစ္စကို ပါတီအားလုံးလိုလို စာတင်ဖို့ ပြင်ဆင်နေကြတယ်။”

နိုင်ငံရေးပါတီတွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က နားလည်ပြီးတော့ လိုက်လျောလိမ့်မယ်လို့တော့ သိပ်ပြီး ထင်မထားကြပါဘူး။ သူတို့ရဲ့ အခက်အခဲတွေကို တရားဝင် အသိပေးမှုတွေဖြစ်အောင် လုပ်ဆောင်နေကြတာဖြစ်ပြီး ရှေ့မှာ ကြုံလာရနိုင်တဲ့ အခြေအနေသစ်တွေနဲ့ အခက်အခဲတွေကိုလည်း ပြည်သူတွေကို နားလည်အောင် ရှင်းပြပြီး ပြည်သူတွေနဲ့အတူ ဖြေရှင်းသွားကြမယ်လို့ ပြောဆိုနေကြပါတယ်။ အခုချိန်ထိတော့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေအတွက် ပြည်သူတွေဘက်က စိတ်ဝင်တစားရှိတဲ့ တုံ့ပြန်မှုတွေ မြန်မာပြည်တဝန်းမှာ ထူးထူးခြားခြား ရှိမနေသေးပါဘူး။

XS
SM
MD
LG