သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ၂၀၁၀ ရွေးကောက်ပွဲ စစ်အာဏာ တည်မြဲရေး ဦးတည်၊ NDI ဝေဖန်


မြန်မာနိုင်ငံမှာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲရဲ့ မူဝါဒတွေဟာ အခြေခံအားဖြင့် ဒီမိုကရေစီ နည်းမကျတဲ့အပြင် စစ်အစိုးရရဲ့ အာဏာ တည်မြဲစေဖို့ ရည်ရွယ်တာ တွေ့ရတယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် NDI ခေါ် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့အစည်းကြီးက ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ဘယ်တော့ ကျင်းပပေးမယ်ဆိုတဲ့ ရက်အတိအကျ မကြေညာထားပေမဲ့လည်း ဒီနှစ်အတွင်း ကျင်းပပေးမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်း အနိမ့်ဆုံးနဲ့တောင် ပြည့်မီခြင်း မရှိဘူးလို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကစပြီး နိုင်ငံတကာ ရွေးကောက်ပွဲပေါင်း ၁၅၀ ကို လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် NDI ခေါ် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့အစည်းကြီးက တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မက်သရူး ဖရူမင် (Mathew Frumin) ဟာ အစီရင်ခံစာကို ကြီးမှူး ပြုစုခဲ့သူ ဖြစ်ပါတယ်။

“လက်ရှိမှာတော့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ကျနော်တို့ အမြင်အရ ဒီမိုကရေစီနည်း မကျပါဘူး။ ကျနော်တို့ အဖွဲ့အစည်းက ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံနှုန်းတွေအရ လေ့လာ စိစစ်တာပါ။ ဒီနေရာမှာတော့ ကျနော်တို့ တွေ့ရတာက နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် အနိမ့်ဆုံး အဆင့်တောင် မမီတာကို တွေ့ရပါတယ်။”

ဒါ့အပြင် အောက်တိုဘာလ အတွင်းမှာ ကျင်းပပေးမယ်လို့ လူအများစု ယူဆထားတဲ့ လက်ရှိ ရွေးကောက်ပွဲဟာ မြန်မာစစ်အစိုးရ အာဏတည်မြဲရေးအတွက် ကြိုတင် ကြံစည် ပုံစံချ ရေးဆွဲ စီစဉ်ထားတာမို့ အဖြေဟာ ကြိုထွက်ပြီးသား ဖြစ်တယ်လို့လည်း မစ္စတာ ဖရူမင်က ပြောပါတယ်။

“မေးခွန်းထုတ်စရာ တခုကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆိုင်ပါတယ်။ လွှတ်တော်အမတ် ၂၅% ကို စစ်တပ်အတွက် လျာထားပါတယ်။ အဲဒီလွှတ်တော်ကပဲ သမ္မတကို ရွေးမယ်၊ အစိုးရကို ဖွဲ့စည်းမယ်ဆိုတော့ စစ်တပ်က အသာစီးနေရာက ယူထားပြီး အစိုးရကို ထိန်းချုပ်မှာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ နိုင်ငံရေးပါတီတွေမှာ စစ်တပ်က အရာရှိတွေက ယူနီဖောင်းချွတ်၊ အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ်ဆိုတော့ အမတ်နေရာ အများစုကို စစ်တပ်က ချုပ်ကိုင်ထားမှာ ဖြစ်ပါတယ်။ စစ်တပ်ကပဲ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၉၅ ခုကစပြီး ကြိုးပမ်းဆောင်ရွက်မှုမှာ ပါဝင်ခဲ့တဲ့ NDI ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေနဲ့ လူ့အခွင့်အရေး ဥပဒေတွေအပေါ် အခြေခံပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ ယှဉ်ကာ လေ့လာ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

NDI ရဲ့ လေ့လာချက်မှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အဓိက ချို့ယွင်းချက် ၄ ချက် တွေ့ရတယ်လို့ မစ္စတာ ဖရူမင်က ပြောပါတယ်။

“ခြုံပြီး ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက လူထုရဲ့ သဘောထား ဆန္ဒကို အခြေမခံပါဘူး။ ဒါကြောင့် လူထုသဘောကျ ရွေးကောက် တင်မြှောက်နိုင်တဲ့ အစိုးရမျိုး ဖြစ်မလာနိုင်ပါဘူး။ ဒုတိယကတော့ အဓိပ္ပာယ်ရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတရမယ်၊ လူ့အခွင့်အရေး ခံစားခွင့် ရှိရမယ်၊ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်၊ မဲဆွယ် စည်းရုံးနိုင်ခွင့်၊ ဒါတွေ ရှိရပါမယ်။ အခုတော့ ဒါတွေမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ ရှိနေပါတယ်။

“တတိယကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပါ။ စစ်အစိုးရက အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်ထားတယ်၊ ဖမ်းဆီးထားတယ်၊ ရွေးကောက်ပွဲ ဥပဒေတွေ အရလည်း အတိုက်အခံတွေ ပါဝင်ခွင့်ကို ပိတ်ပင်ထားတယ်။ စတုတ္ထကတော့ ရွေးကောက်ပွဲ ကော်မရှင်က စစ်အစိုးရရဲ့ လက်ကိုင်တုတ် ဖြစ်နေတာပါပဲ။”

လက်ရှိ ရွေးကောက်ပွဲမှာ နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှု ရရှိပြီး ထင်သာမြင်သာ ရှိနိုင်ဖို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ ကူးပြောင်းရေးကာလ ဖော်ဆောင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ၊ တိုင်းရင်းသား လူနည်းစုတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုဖို့အပြင် လွတ်လပ်စွာ စည်းရုံးပြောဆို မဲဆွယ်လှုပ်ရှားခွင့် ပြုဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ တချို့ အချက်အလက်တွေနဲ့ ရွေးကောက်ပွဲ ဥပဒေ တချို့ အချက်အလက်တွေကို ပြန်လည်ပြင်ဆင်ဖို့ NDI က တိုက်တွန်းထားပါတယ်။

တကယ်လို့ ရွေးကောက်ပွဲဟာ လက်ရှိ အနေအထားတိုင်းသာ ဆက်သွားမယ်ဆိုရင် NDI အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ ဖိတ်ကြားခြင်း ခံရတောင်မှ မြန်မာစစ်အစိုးရကို တရားဝင်စေမယ့် ရွေးကောက်ပွဲမှာတော့ NDI အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ ဖရူမင်က ပြောပါတယ်။

NDI ရဲ့ အခုလို ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ ဟောင်ကောင် အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥပဒေ အကြံပေးပုဂ္ဂိုလ် ဦးမင်းလွင်ဦးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာက ဥပဒေပြုကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ စတဲ့ ကဏ္ဍတိုင်းမှာ စစ်တပ်က လေးပုံတပုံ ပါဝင်နေတဲ့ ကိစ္စရပ်တွေ တော်တော်များများ ရှိနေတယ်။ ပြီးတော့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ ထဲမှာလည်း အခုဆိုရင် ကြံ့ဖွံ့ပါတီက အင်အားအကြီးဆုံး အနေနဲ့ သူက နည်းမျိုးစုံနဲ့ စည်းရုံးပြီး အနိုင်ရဖို့ ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်တယ်။

“ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်မယ် ဆိုရင်လည်း အလွယ်တကူ ပြန်လည် ပြင်ဆင်နိုင်ခြင်း မပြုနိုင်အောင် ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဒါတွေက နိုင်ငံတကာစံကို လုံး၀ မမီဘူးဆိုတာကို သူတို့အနေနဲ့ ထောက်ပြပြီး ပြောဆိုတာ တွေ့ရတယ်။

“နောက်တခါ ရွေးကောက်ပွဲကို ထိန်းကျောင်းပေးမယ့် ကော်မရှင်ကလည်း လွတ်လပ် မျှတတဲ့ ကော်မရှင်အဖွဲ့ မဟုတ်ဘူးဆိုတာ၊ အဓိကအားဖြင့် ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးသိန်းစိုးကလည်း အရင် စစ်ဥပဒေချုပ်ရုံးကနေ ဒုတိယ တရားသူကြီးချုပ်အဖြစ် ပြောင်းရွှေ့လာတာ ဖြစ်တယ်။

“မြန်မာနိုင်ငံရဲ့ တရားရုံး ၂ ခု၊ နေပြည်တော် တရားရုံးချုပ်ရယ်၊ ရန်ကုန် တရားရုံးချုပ်ရယ်မှာ ဒုတိယ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသိန်းစိုးရယ်၊ ဦးထွန်းထွန်းဦးရယ် ဆိုတာက စစ်ဥပဒေချုပ် ရုံးကနေ ပြောင်းရွှေ့လာတဲ့လူတွေ ဖြစ်တယ်။ အကြံဉာဏ် လိုအပ်တယ်၊ တောင်းနိုင်တယ် ဆိုရင်လည်း ပေးမယ့်သူက သူတို့ပဲ ဖြစ်တဲ့အတွက် ဒီဟာက လုံး၀ လွတ်လပ်ခွင့် မရှိဘူး၊ မျှတတဲ့ ဆုံးဖြတ်မှု မဖြစ်နိုင်ဘူး ဆိုတာကို သူတို့အနေနဲ့ ပြောလိုခြင်း ဖြစ်တယ်လို့ ကျနော်ကတော့ ထင်မြင် ယူဆပါတယ်။”

AHRC ဥပဒေအကြံပေး ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG