ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲတွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေမှာ စတင် မဲပေးကြရတော့မှာ ဖြစ်ပါတယ်။ လာမယ့် ၁၉ ရက်နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲ လာရောက်ပေးကြဖို့ မြန်မာသံရုံးက အကြောင်းကြားထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ စတင်ပေးနေကြပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာတွေကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့မှာ သံရုံးကိုလာပြီး မဲလာပေးဖို့ ဂျပန်နိုင်ငံ မြန်မာသံရုံးက အကြောင်းကြားထားပါတယ်။ ဂျပန်နိုင်ငံနားမှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တောင်ကိုရီးယားဆိုင်ရာ မြန်မာသံရုံးဆီက မဲပေးဖို့ အကြောင်းကြားစာတွေ မရသေးဘူးလို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ အထွေထွေ အတွင်းရေးမှူး) ဦးသောင်းမြင့်ဦးက ဂျပန်ရောက် မြန်မာတချို့ကို မြန်မာသံရုံးက မဲပေးဖို့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။
“မဲပေးလိုပါက မဲပေးရန်၊ မဲမပေးလိုပါက ဆန္ဒမဲမပေးဘဲ နေနိုင်ကြောင်းဆိုပြီး အကြောင်းကြားတယ်။ သံမှူးလက်မှတ်နဲ့ အကြောင်းကြားတဲ့စာ ပေးပို့တယ်။ အဲဒီမှာ မဲပေးမယ်ဆိုရင် ၁၉ ရက်နေ့မှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ မဲပေးနိုင်တယ် ဆိုတဲ့အကြောင်းပေါ့လေ။”
ကြိုတင်မဲ လာပေးဖို့ အကြောင်းကြားပေမဲ့ ဘယ်မဲဆန္ဒနယ်မှာ မဲထည့်ရမယ် ဆိုတာရော၊ ကိုယ်မဲထည့်ရမယ့် မဲဆန္ဒနယ်က ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ မပါဘဲ မဲလာပေးပါ ဆိုတာသာ ပါတယ်လို့ ဆိုပါတယ်။
“တစ်အချက်က သံရုံးလိပ်စာပါတဲ့ စာအိတ် ပေးပို့ထားတယ်။ စာအိတ်မှာ သံရုံးလိပ်စာ ပါတယ်။ တဘက်က မဲပေးဖို့အတွက် အကြောင်းကြားတဲ့သူရဲ့ လိပ်စာ ပါမယ်။ အဲဒီမှာ ရေးထားတာက အဲဒီစာအိတ်ကိုပါ ယူဆောင်လာဖို့ ဆိုတဲ့ဟာလည်း ရိုက်ထားတယ်။ နေရာဒေသရယ်၊ ကိုယ်ရွေးချယ်လိုတဲ့ ပါတီရယ်၊ လွှတ်တော်အမတ်ရယ် ဆိုတဲ့ဟာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မပါပါဘူး။”
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ အသက် ၁၈ နှစ် ပြည့်သူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူ မြန်မာနိုင်ငံသားတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိပါတယ်။ ဂျပန်နိုင်ငံမှာ တရားဝင် လာရောက် နေထိုင်သူတိုင်းတော့ မဲပေးခွင့် မရဘူးလို့လည်း ဦးသောင်းမြင့်ဦးက အခုလို ပြောပြပါတယ်။
“ကျောင်းသားတိုင်းလည်း မဲပေးဖို့အတွက် ခေါ်တဲ့စာတွေ မတွေ့ဘူး။ ပညာတော်သင်တိုင်းလည်း မဲပေးလို့ရပါတယ်၊ လာပြီးတော့ မဲပေးပါ ဆိုပြီးတော့ ခေါ်ပြီးတော့ အကြောင်းကြားတဲ့ဟာ ရတဲ့ကျောင်းသားက ရတယ်၊ မရတဲ့ကျောင်းသား မရဘူး။ အဲဒီလိုပဲ ဒီမှာ စီးပွားရှာတဲ့ သူတွေမှာလည်း မဲပေးလို့ရဖို့ အကြောင်းကြားတဲ့သူတွေက ရတဲ့သူတွေ ရတယ်၊ မရတဲ့သူတွေ မရဘူး။ ဒီလိုအနေအထားမျိုးတွေ ကျနော်တို့ တွေ့နေရပါတယ်။”
အခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဂျပန်အစိုးရ သဘောထားကိုလည်း ဦးသောင်းမြင့်ဦးက အခုလို ပြောပြပါတယ်။
“၂၀၁၀ ရွေးကောက်ပွဲရလဒ် ဖြစ်ပေါ်လာဖို့ ဆိုတာကိုတော့ အခုချိန်မှာ ဘာမှ ပြောလို့ မလွယ်သေးဘူး။ ဒါကြောင့် သူတို့ ဂျပန်အစိုးရ အနေနဲ့ စောင့်ကြည့်နေဦးမယ် ဆိုတဲ့ဟာကိုတော့ ပြောပါတယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (ဂျပန်ဌာနခွဲ) ကတော့ အခု ကြိုတင်မဲပေးမယ့် ကိစ္စကို အသေးစိတ် စောင့်ကြည့်ပြီး ဂျပန်အစိုးရကို ရှင်းလင်း ပြောကြားသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း သူတို့က ဂျပန် နိုင်ငံခြားရေး ဒု-၀န်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာ့ရွေးကောက်ပွဲကိစ္စ တရားမျှတမှု ရှိမရှိ ဆိုတာတွေအပြင် မြန်မာနိုင်ငံမှာ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်းရေးမှာ ဂျပန်က ပါဝင် ထောက်ခံပေးဖို့ အရေးတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။