သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းက မဲပေးမှု အခြေအနေ


ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းက မဲပေးမှု အခြေအနေ
ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းက မဲပေးမှု အခြေအနေ

ပဲခူးတိုင်းအတွင်းက နယ်မြေတချို့မှာ မဲ အတင်းအကျပ် ပေးခိုင်းလို့ မဲပေးရတာတွေ ရှိသလို ပြည်မြို့မှာ ဆိုရင်တော့ မဲပေးရမယ့် နာမည်စာရင်း မပါတာကြောင့် မပေးရဘဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျားဖြူပါတီကို မဲပေးချင်တဲ့ ရှမ်းတိုင်းရင်းသားတွေကလည်း မဲမပေးခဲ့ရဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ စုံစမ်းထားတဲ့ ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

နှစ်၂၀ အတွင်းမှာ ပထမဆုံးဖြစ်တဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို ဒီကနေ့ ကျင်းပနေချိန်မှာ နယ်မြေဒေသ အချို့မှာတော့ အတင်းအကျပ် မဲထည့်ခိုင်းတာတွေ ရှိနေပါတယ်။ တချို့နယ်မြေတွေမှာတော့ မဲဆန္ဒရှင်တွေဟာ မဲစာရင်းမှာ မပါဝင်တာကြောင့် မဲရုံကို ရောက်ပြီး မဲပေးခွင့်မရ ဖြစ်နေကြပါတယ်။

ဒီလို အတင်းအကျပ် မဲထည့်ခိုင်းတဲ့ ဒေသကတော့ ပဲခူးတိုင်း သာယာဝတီမြို့နယ် အတွင်းမှာ ဖြစ်ပါတယ်။ ဒါကိုတော့ သာယာဝတီက ရွေးကောက်ပွဲ လေ့လာသူတဦးက အခုလို ပြောပါတယ်။

“ချောင်းနဘတ် ကျေးရွာအုပ်စုမှာ ရယက ဥက္ကဋ္ဌက ပြည်သူ့စစ်တွေသုံးပြီး ကြံ့ဖွံ့ကို အတင်းအကျပ် မဲထည့်ဖို့ အတင်းအဓမ္မ လုပ်နေတယ်။”

သာယာဝတီ ရဲစခန်းမှူးက ရဲဝန်ထမ်းတွေနဲ့ ဝန်ထမ်းသားသမီးတွေကို အကြောင်းမကြားဘဲ ကြိုတင်မဲ ထည့်ခဲ့တာကြောင့် ဝန်ထမ်းသားသမီးတွေ ဒီနေ့ မဲထည့်ခွင့်မရ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ပဲခူးတိုင်း ဇီးကုန်းမြို့မှာတော့ မဲစာရင်းမှာ ပါဝင်သူတွေ မလာမနေရ လာရောက်မဲပေးရမယ် ဈေးအတွင်းကို လာရောက် ခေါ်ဆိုတာကြောင့် ဈေးသူ ဈေးသားတွေ မဲသွားပေးကြရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြည်မြို့မှာတော့ ဒီမနက် မဲသွားပေးချိန်မှာ မဲစာရင်းမှာ အမည် မပါတာကြောင့် မဲမထည့်ခဲ့ရသူ ၅၀ လောက် ရှိတယ်လို့ ကိုယ်တိုင် မဲထည့်ခွင့် မရခဲ့သူ တယောက်က အခုလို ပြောပါတယ်။

“မဲစာရင်းကို သွားကြည့်တယ်။ မပါဘူးဆိုလို့ ရုံးကို သွားမေးတယ်။ သွားမေးတော့ ရယကနဲ့ရှင်းဆိုလို့ ရာအိမ်မှူးနဲ့ ရှင်းတယ်။ ရာအိမ်မှူးကို မေးတော့ သူက ပျောက်သွားလို့ပါလို့ ပြောတယ်။ အခုမနက်ကျတော့ တခါ မဲရုံကို သွားကြတယ်။ အုပ်စုလိုက် သွားတဲ့အခါကြတော့ မဲရုံက ဒီမှာပါတဲ့ စာရင်းပဲ လက်ခံနိုင်ပါတယ်တဲ့။ ဒီအထဲမှာ မပါရင် လက်ခံလို့ မရဘူးတဲ့။ ရာအိမ်မှူးကလည်း စာရင်း ပျောက်သွားလို့တဲ့။ သူက ပျောက်တယ်ပဲ ပြောတယ်။ ထည့်ချင်ရင် သူများမှတ်ပုံတင် နံပါတ်နဲ့ ထည့်ရမယ်ဆိုတော့ အဲဒါ အဓိပ္ပာယ် မရှိဘူး။ အဲဒါနဲ့ ကျနော်တို့လည်း ပြန်လာခဲ့တယ်။”

ပြည်မြို့က လူ့အခွင့်အရေး လှုပ်ရှားသူ တယောက်ကတော့ မဲစာရင်း ကြေညာတဲ့အချိန်က အာဏာပိုင်တွေက လူထုသိအောင် ကြေညာတာ မရှိသလို လူထုတွေကလည်း မဲစာရင်းကို စိတ်ဝင်တစား သွားကြည့်ပြီး ကိုယ့်အမည်စာရင်း မပါရင် အကြောင်းကြားတာ မရှိတာကြောင့် အခုလို ဖြစ်ရတာလို့ သုံးသပ်ပါတယ်။ ပြည်မြို့က လူထုအများစုကလည်း အစောပိုင်းက ရွေးကောက်ပွဲ အပေါ်မှာ စိတ်ဝင်စားမှု မရှိဘဲ ဒီရက်ကျမှ မဲပေးဖို့ သွားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

မဲစာရင်းတွေ ပျောက်ဆုံးတဲ့ တခြားနေရာ ဒေသတခုကတော့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးက မဲရုံအမှတ် ၂၁ မှာ ဖြစ်ပါတယ်။ ဒီလို မဲထည့်ခွင့်မရသူ အများစုဟာ ရှမ်းတိုင်းရင်းသားတွေ ဖြစ်တယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

“မြို့နယ်ကော်မရှင်ကပဲ ဖျက်ထားသလား၊ အထက်ကပဲ ဖျက်ထားသလားတော့ မသိဘူး။ မဲရုံမှာ အမှန်တကယ် မဲလာထည့်တဲ့အခါ ကျမတို့ရဲ့ မြို့နယ်စုဆိုင်ရာ မဲပုံးမှာ မဲထည့်ခွင့် မရတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ တွေ့ရတယ်။”

မဲဆန္ဒနယ် ၂၁ မှာ ပြည်နယ်လွှတ်တော်အတွက် မဲပေးခွင့်မရသူ ရှမ်းအမျိုးသား စုစုပေါင်း ၁,၅၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။

အခုလို မဲပေးခွင့် မရသူတွေဟာ ပြည်နယ်လွှတ်တော်က ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသား ကိုယ်စားပြု အစုအဖွဲ့အတွက် ပေးခွင့်မရတာ ဖြစ်တယ်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အတွက်တော့ ပေးခွင့်ရတယ်လို့ ပြောပါတယ်။

ဒီလို ထည့်ခွင့်မရတာကြောင့် သက်ဆိုင်ရာ ကော်မရှင်ကို သွားရောက် ပြောဆိုရာမှာတော့ ဒါဟာ အစောကြီးကတည်းက အကြောင်းကြားရမှာ ဖြစ်တယ်၊ ဒီအချိန်မှာတော့ ဘာမှ လုပ်လို့ မရတော့ဘူးလို့ တုံ့ပြန်ကြောင်း ပြောပါတယ်။

အခြား အမည်မဖော်လိုတဲ့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးလှုပ်ရှားသူ တယောက်ကတော့ နမ္မတီး မဲဆန္ဒနယ် အမှတ် ၂၁ မှာ မဲပေးခွင့်ရှိသူ ရှမ်းအမျိုးသား ၂,၀၀၀ လောက်ရှိပြီး ပြည်နယ်လွှတ်တော်အတွက် မဲပေးခွင့်ရသူဟာ ၄၀၀ လောက်သာ ရှိတယ်လို့ ပြောပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ အခု မဲပေးခွင့် ဆုံးရှုံးတဲ့ ရှမ်းတိုင်းရင်းသားတွေကတော့ ကျားဖြူပါတီရဲ့ အမာခံ အင်အားစုတွေ ဖြစ်ပါတယ်။

XS
SM
MD
LG