သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ပါတီ ရွေးကောက်ပွဲဝင်ဖို့ မသေချာ


UDP ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်း။ ဇူလိုင် ၁၄၊ ၂၀၁၀။
UDP ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်း။ ဇူလိုင် ၁၄၊ ၂၀၁၀။

စစ်အစိုးရက ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမယ့် အခြေအနေတွေ မရှိဘူးဆိုပြီး ဥက္ကဋ္ဌကိုယ်တိုင် ပါတီတာဝန်ကနေ နှုတ်ထွက်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီအနေနဲ့လည်း ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲအကြို အခြေအနေတွေဟာ တရားမျှတ လွတ်လပ်မှုတွေ မရှိရင် လက်ခံမှာ မဟုတ်ဘူးလို့ ပါတီ ဥက္ကဋ္ဌအသစ်က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေ၊ ကြံ့ဖွတ်ပါတီနဲ့ စစ်ကောင်စီအကြား မကွဲပြားတာတွေကို ဝေဖန်ပြောဆိုလေ့ရှိတဲ့ UDP ပါတီက ရွေးကောက်ပွဲကြို ကာလမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မလာဘူးဆိုရင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။ UDP ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မသေချာသေးဘူးလို့ ဥက္ကဋ္ဌအသစ် ဖြစ်လာတဲ့ ဦးသိန်းဌေးက ပြောပါတယ်။

“ရွေးကောက်ပွဲ ဝင်ဖို့၊ မဝင်ဖို့ ဆိုတာက ဒီအချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျနော်တို့က တတ်နိုင်သလောက် ကြိုးစား စွမ်းဆောင်နေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုရင်တော့ ဝင်ဖို့ ကျနော်တို့က ဆုံးဖြတ်ချက် ချကောင်းချမယ်။ တကယ်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးဆိုရင် ကျနော်တို့က ဆုံးဖြတ်ချက်တခုကို ပြောင်းပြန် ချသင့် ချရလိမ့်မယ်။”

UDP ပါတီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းက လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်တဲ့အတွက် ဒီလအစောပိုင်းက ပါတီက နှုတ်ထွက်လိုက်ပြီးနောက် ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းဌေးက ဆက်ပြီး တာဝန်ယူလာတာ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ရပ်တည်ချက်ဟာ ပါတီရဲ့ လမ်းစဉ်ပဲ ဖြစ်တယ်လို့ ဦးသိန်းဌေးက ဆိုပါတယ်။

“ကျနော်တို့က ပထမ ကိုဖြိုးမင်းသိန်း လုပ်ခဲ့တဲ့လမ်းက အဲဒါ ပါတီက ချတဲ့လမ်းပါ။ ပါတီရဲ့ မူဝါဒနဲ့ သွားနေတယ်၊ ပါတီရဲ့ ကြိုးစားအားထုတ်မှုပါ။ အဲဒီအပေါ်မှာ ကျနော်တို့ သွားနေတာပါ။ ပါတီက တဦးတယောက်တည်း မူဝါဒနဲ့ သွားနေတာ မဟုတ်ဘူး၊ ပါတီအဖွဲ့အစည်း တခုလုံးရဲ့ မူဝါဒနဲ့ သွားနေတာပါ။ လက်ရှိအနေအထားမှာ ကျနော်တို့က ပြည်သူကို သစ္စာဖောက်တဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ပြည်သူလိုချင်တဲ့ အတိုင်းအတာတခု ရှိလာအောင် ကျနော်တို့က အတတ်နိုင်ဆုံး ကြိုးစားအားထုတ်သွားမယ်၊ စွမ်းဆောင်သွားမှာပါ။”

ဒီပါတီကို ဝါရင့်နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေကို အခြေပြုပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ပါတီရဲ့ တင်ပြ တောင်းဆိုချက်တွေကို မတုံ့ပြန်သေးသရွှေ့ ဆက်လက် တောင်းဆိုသွားမယ်လို့ ဦးသိန်းဌေးက ဆက်ပြောပါတယ်။

“သေချာတာက သူတို့ချမှတ်တဲ့ ရွေးကောက်ပွဲ ဥပဒေကို ကျနော်တို့လည်း မကြိုက်ဘူး၊ ပြည်သူလူထုကလည်း မကြိုက်ဘူး။ အဲဒါကို ကျနော်တို့က စဉ်ဆက်မပြတ်တော့ တောင်းဆို တိုက်ပွဲဝင်နေရမှာပဲ။ ကျနော်တု့ိ လိုချင်တာက အမျိုးသား ပြန်လည်သင့်မြတ် ပေါင်းစည်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည် ဖွံ့ဖြိုးချမ်းသာရေး၊ ရသင့်ရထိုက်တဲ့ နိုင်ငံသား အခွင့်အရေး မှန်သမျှကို ပြည်သူတွေ ရရှိရေး၊ နောက်တခါ ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်သင့်သူ အလုံးစုံ ပါဝင်နိုင်ရေး၊ အဲဒါတွေကို နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့က တောင်းဆိုနေရမှာပဲ။

“တောင်းဆိုနေတဲ့ နေရာမှာ ကျနော်တို့က ပါတီ၊ နိုင်ငံရေး အဖွဲ့အစည်းတခု အနေနဲ့ တောင်းဆိုနေရမှာပဲ။ အဲဒီတောင်းဆိုမှုတွေကို အဖြေတခု မရမချင်း ဒီအဝန်းအဝိုင်းထဲက ထွက်ဖို့ ကျနော်တို့ မကြိုးစားဘူး။ နိုင်ငံရေး အင်အားစု၊ ပါတီအင်အားစုကိုတော့ စဉ်ဆက်မပြတ် ကျနော်တို့ ကြိုးစား တည်ဆောက်နေမှာပဲ။ ဒါက ကျနော်တို့ပါတီရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပဲ။”

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ UDP ပါတီက The Union ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ပြီး လက်ရှိမှာ ထုတ်ဝေခွင့် မပေးတော့ဘူးလို့ ရန်ကုန်မှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ထုတ်ဝေခွင့် ရ၊ မရကို ပါတီက မသိသေးဘူးလို့ ဆိုပါတယ်။

UDP ပါတီရဲ့ ရွေးကောက်ပွဲကြို ကာလမှာ ထားရှိတဲ့ သဘောထားတွေကတော့ စစ်ကောင်စီနဲ့ လက်ရှိဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်နေတဲ့ ကြံ့ဖွံ့ပါတီအကြား တိကျပြတ်သားစွာ စည်းခြားပေးဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရအောင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့၊ ပါတီစည်းရုံးရေး ကိစ္စတွေကို လွတ်လပ်စွာ လုပ်ခွင့်ရဖို့၊ ကြံ့ဖွံ့ပါတီရဲ့ နည်းလမ်းမမှန်တဲ့ စည်းရုံးတာတွေ ရပ်တန့်ဖို့၊ ကော်မရှင်ကလည်း ဒါတွေကို တားဆီး ပိတ်ပင်ပေးဖို့နဲ့ တဖက်သတ်ဆန်နေတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ပေးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

XS
SM
MD
LG