မြန်မာစစ်အစိုးရဟာ နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ အပြီးမှာတော့ နိုင်ငံရေးအာဏာကို ဆက်ပြီး ချုပ်ကိုင်ထားမှာဖြစ်ပြီး နိုင်ငံရေး ပြောဆို ဆွေးနွေးမှုတွေ စတင်နိုင်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ မရဲတရဲ မျှော်လင့်ချက်တွေ၊ တိုင်းရင်းသား လူနည်းစုတွေ သူတို့နယ်မြေတွေမှာ နိုင်ငံရေး အချုပ်အခြာ အာဏာတချို့ ရရှိဖို့ မျှော်လင့်ချက်တွေကို ချေမွပစ်လိုက်ပါတယ်။
ရွေးကောက်ပွဲ စည်းမျဉ်းတွေက တင်းကျပ်လှသလို အစိုးရကလည်း ရွေးကောက်ပွဲ ကျင်းပတဲ့ လုပ်ငန်းစဉ်ကို ညွှန်ကြားချက်မျိုးစုံနဲ့ ဖိနှိပ်ခဲ့တာကြောင့် ရွေးကောက်ပွဲရဲ့ ရလဒ်က အံ့သြစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အခုဆိုရင် အရင်ကထက် ပိုပြီး ခိုင်ခိုင်မာမာ နေရာယူထားလိုက်ပြီဖြစ်တဲ့ စစ်အစိုးရ ခေါင်းဆောင်တွေဟာ နိုင်ငံသားတိုင်း အခွင့်အရေး အပြည့်အ၀ ရရှိပြီးတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံနိုင်မယ့်၊ ပိုပြီးတော့ တည်ငြိမ်မှုရှိပြီး ပိုပြီးတော့ ချမ်းသာကြွယ်ဝမယ့် မြန်မာနိုင်ငံတော် ထူထောင်ဖို့ သမိုင်းတွင်တဲ့ အခွင့်အရေးကြီးတရပ် ဆုံးရှုံးသွားရတာ စိတ်မကောင်းစရာပါ။
ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီစနစ် ထူထောင်ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းပါလို့ မြန်မာခေါင်းဆောင်တွေက ပြောကြပါတယ်။ တကယ်တမ်းတော့ စစ်အစိုးရကို အရပ်သား အစိုးရအဖြစ် ပုံစံ ပြောင်းပေးလိုက်တာပါပဲ။
အတိုက်အခံတွေ ချောင်ထိုးခံရပြီး အခြေခံကျတဲ့ အခွင့်အရေးတွေလည်း ချိုးဖောက်ခံရတဲ့ ဒီရွေးကောက်ပွဲ ဖြစ်စဉ်ဟာ အပြစ်အနာအဆာတွေ များလှပါတယ်။ ရလဒ်ကတော့ လွတ်လပ်မှုလည်း မရှိ၊ တရားမျှတမှုလည်း မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်သွားခဲ့တာပါ။
ငြိမ်းချမ်းရေး၊ နိုင်ငံတော် ချမ်းသာကြွယ်ဝရေးနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးတို့ကို လိုလားတဲ့ မြန်မာလူထုနဲ့အတူ အမေရိကန် ပြည်ထောင်စုက ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်။
အဲဒီရလဒ် ထွက်ပေါ်ဖို့အတွက် အမေရိကန် အစိုးရဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးသွားမှာ ဖြစ်သလို တပြိုင်နက်တည်းမှာလည်း နိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရေး ဖိအားပေးတာတွေလည်း ဆက်ပြီး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ တရားရေး စံနှုန်းတွေအတွက် လိုက်နာရမယ့် ကိစ္စတွေကို လိုက်နာဖို့၊ နိုင်ငံတကာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် တာဝန်ယူ ဖြေရှင်းဖို့အတွက် မြန်မာအစိုးရကို တိုက်တွန်းရာမှာတော့ အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဆုံးခန်းတိုင်သည်အထိ အနီးကပ် လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အခုတင်ပြသွားတာကတော့ အမေရိကန် အစိုးရရဲ့ သဘောထား အမြင်ပဲ ဖြစ်ပါတယ်။ ဗွီအိုအေရဲ့အာဘော် မဟုတ်ကြောင်း သိစေအပ်ပါတယ်။