သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆွယ်စည်းရုံးမှု စည်းမျဉ်း ပါတီတွေ အကန့်အသတ်ကြုံ


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး။

မဲဆွယ်စည်းရုံးမှုနဲ့ စုဝေးဟောပြောမှုတွေမှာ ရွေးကောက်ပွဲကော်မရှင်က ချမှတ် ထားတဲ့ စည်းကမ်းချက်တွေက နိုင်ငံရေးပါတီတွေ အတွက် အခက်အခဲတွေဖြစ်နေစေ တယ်လို့ နိုင်ငံရေးပါတီတွေကပြောဆိုလိုက်ပါတယ်။ မနေ့က ရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေး ပါတီတွေအနေနဲ့ စုဝေးဟောပြောမဲဆွယ်တာမှာ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် အမှတ်(၁/၂၀၁၄)သို့မဟုတ် နိုင်ငံရေးပါတီ များနဲ့ ကိုယ်စားလှယ်လောင်းများ လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ ထပ်မံ သတိပေးထားပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဗွီအိုအေမြန်မာပိုင်း က မေခက ပေးပို့ ထားပါတယ်။

မနေ့က ရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးချက်အပေါ် နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှုတွေမှာ အချိန်နေရာ ကန့်သတ်မှု တွေရှိနေပြီး အခက်အခဲတွေ ရှိနေတယ် လို့ပြောပါတယ်။ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က မဲဆွယ်စည်းရုံးမှုမှာ နိုင်ငံရေး ပါတီတွေအနေနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲကို သူ့က အခုလိုပြောပါတယ်။

"ဒီလတွေက မိုးမပြတ်သေးဘူးဗျ။ မိုးမပြတ်သေးတော့ ကျေးလက်ဒေသတွေမှာလည်း တချို့နေရာတွေမှာ ရေကြီးတာပေါ့နော်။ နေရာအခက်အခဲလေးတွေပေါ့။ အဲ့ဒီ့မှာ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးမပြုရဘူး။ ဥပမာ အစိုးရရဲ့ အဆောက်အဦးတွေ၊ အများပြည်သူသုံးနေရာတွေကို ရှောင်ရမယ်။ သုံးချင်ရင် သက်ဆိုင်ရာ အာဏာပိုင်ရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတဲ့အခါမှာ ကျနော်တို့မှာ နေရာတွေက ကန့်သတ် တာတွေဖြစ်လာတာပေါ့။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရွေးကောက်ပွဲကော်မရှင် က အာဏာအင်မတန်ပြင်းတာကိုး။ တပ်မတော်နဲ့ ချိတ်ဆက် ထားတဲ့ လက်ရှိ အစိုးရရဲ့ ဖွဲ့စည်းပုံ ယန္တယားကလည်း ရှိတဲ့အခါမှာ တပ်မတော်သား နဲ့ သူ့ရဲ့မိသားစုအပေါ်မှာ Ruling Party ရဲ့ လွှမ်းမိုးမှု ရှိမှာလည်း ကျနော်တို့ အင်မတန်မှ စိုးရိမ်ပါတယ်။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကတော့ မဲဆွယ်စည်းရုံးမှုမှာ ရှိနေတဲ့ ကန့်သတ်ချက် တွေနဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။

"ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ကြေညာပြီး ၁၅ရက် အတွင်းမှာ သူ့ရဲ့ မဲဆန္ဒနယ်ထဲမှာသူက ဆောင်ရွက်ရမယ့်ကိစ္စတွေကို အစီအစဉ်ဆွဲပြီး တခါတည်း တင်ရမယ်ဆိုတဲ့ ကိစ္စမျိုးပေါ့နော်။ အဲ့တာတွေက တော်တော်ခက်တဲ့ကိစ္စပဲလေ။"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၁၄)ဟာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ဖို့အတွက် မဲဆွယ်စည်းရုံးခွင့်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ တင်ပြရမယ့် သဘောမျိုး ပါဝင်နေတဲ့ အတွက် နိုင်ငံရေး ပါတီအများစုက ယင်းညွှန်ကြားချက် ထုတ်ပြန်စဉ် ကပင် ထောက်ပြပြောကြားမှုတွေ ရှိထားပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ မဲဆွယ်စည်းရုံးတာမှာ ဥပ ဒေနှင့်အညီ လွတ်လပ်၍ တရား မျှတမှုရှိစေရန် ၂၀၁၄ ဇူလိုင်အတွင်း ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြား ချက် (၁/၂၀၁၄) အပါအဝင် နိုင်ငံရေးပါတီများအားလုံး သဘော တူပြီး ပြီးခဲ့တဲ့ ဇူလိုင်အတွင်း က ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များ ကျင့်ဝတ်ကို လိုက်နာကြဖို့ ရွေးကောက်ပွဲကော်မရှင်က ထပ်မံ အသိပေး ထားပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သတ်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ကြဖို့ ပြောဆိုထားပါတယ်။

" အသိတရားနဲ့ ကျင့်ဝတ်နဲ့ လုပ်တာတွေ လုပ်ကြတာ မလုပ်တာတွေ မလုပ်ကြဖို့။ ခင်ဗျားတို့ ကျင့်ဝတ်နဲ့ပဲ လုပ်ကြဆိုပြီး ဒီကျင့်ဝတ်ကလည်း ခင်ဗျားတို့ချင်း ဆွဲ၊ ခင်ဗျားတို့ချင်း ဆွဲ ပြီးရင် ခင်ဗျားတို့ချင်း သဘောတူညီချက်ယူ။ ခင်ဗျားတို့ချင်း အပြန်အလှန် ရေးသားပြီးတော့ လုပ်ပါ။ ကျနော်တို့ကတော့ စောင့်ကြည့်နေမယ်။ ဒီလောက်ပဲ ကျနော် ပြောလိုက်ပါတယ်။ အဲ့ဒီ့အတွက် ကျနော်တို့ဘက်ကတော့ ဒီထက် ဖြေလျော့ဖို့ မရှိတော့ပါဘူး။"

ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်က နိုင်ငံရေးပါတီတွေ အနေနဲ့ ဆွေးနွေး စည်းရုံးမှု မှာ ပုတ်ခတ်တာမဟုတ်ပေမယ့် အကြောင်းအရာတခု အပေါ်ဆွေးနွေး တာတွေရှိနိုင်ကြောင်း ဒီအပေါ်မှာ တိုက်ခိုက်မှုလို့ မသုံးသပ်ဘဲနားလည်ပေးဖို့ လိုတယ်လို့ပြောပါတယ်။

"တပ်မတော်သားတွေ မိသားစုတွေ နယ်ကို သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ ကလည်း စည်းရုံးမှာပေါ့ဗျာ။ ကိုယ့်ဒေသမှာ ရှိကြတာကိုး။ အဲ့သလို စည်းရုံးခြင်းကို တပ်မတော် ဖြိုခွဲတယ်လို့ သတ်မှတ်မှာလား။ ဒါမျိုး အမျိုးသားနိုင်ငံရေး ဦးဆောင်တဲ့ တပ်မတော် ဆက်လုပ်မှာလား။ ကြားနေပါတယ်ဆိုရုံနဲ့ မဖြစ်တော့ဘူး။ အမျိုးသားနိုင်ငံရေးကို ဦးဆောင်ပါတယ်ဆိုရုံနဲ့ မဖြစ်တော့ဘူး။ ဦးဆောင်နေကြောင်း ကို သက်သေပြဖို့ လိုပြီ။ အဲ့တာလေးကို ပြောတာကိုက တပ်မတော်ကို ပုတ်ခတ်တယ်လို့ ပြောမှာလား။ တပ်မတော်သာ အမိအဖ ဆိုတာမျိုး အနေနဲ့ သွားနေတာကိုး။ သို့မဟုတ် ကိုယ့်ပါတီရဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကို တင်ပြတဲ့ အခါမှာလည်း ခေတ်တွေကတော့ ဖြတ်သန်းလာတာပေါ့ဗျာ။ အဲ့ဒီ့ခေတ်တွေက ဘယ်လို သင်္ခန်းစာယူပြီးမှ ဘယ်လိုတည်ဆောက်မယ် ဆိုတာမျိုးက ပြောရမှာပေါ့။ "

လာမယ့်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ စုဝေးဟောပြောခြင်း နဲ့မဲဆွယ်စည်းရုံးခြင်းတို့ကို လာမယ့် စက်တင်ဘာ ၈ရက်ကနေ နိုဝင်ဘာ ၆ရက်ထိ လုပ်ဆောင်သွားရမှာပါ။

ဒါပေမယ့်ခုချိန်ထိ အချောသတ် ရွေးကောက်ပွဲဝင်ရမယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ရွေးကောက်ပွဲကော်မရှင်ဘက် က မထုတ်ပြန်နိုင်သေးပါ ဘူး။ လျှောက်ထား သူ ၆၀၀၀ကျော်ထဲက ၈၀ကျော် ပယ်ခံခဲ့ရတယ် လို့ဘဲ ရွေးကောက်ပွဲကော်မရှင် ကကြေညာထားပြီး ဝင်ရောက်ယှဉ်ပြိုင်ရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကိုတော့ ဒီနေ့ထက်ထိ ကြေညာထားခြင်း မရှိသေးပါဘူး။

XS
SM
MD
LG