သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အနိုင်ရရေး ပါတီတွေ ပူးပေါင်းလုပ်ဆောင်မည်


စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက တချို့ဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အတူတွဲပြီး အလုပ်တွေ ခွဲလုပ်ကြဖို့ တိုင်ပင်ဆွေးနွေးနေကြပါတယ်။ လက်ရှိ ဥပဒေတွေအရ မဟာမိတ်ပါတီဖွဲ့လို့ မရနိုင်တဲ့အတွက် အခုလို ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးနေကြတာလို့ ပြောကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာပြည်က နိုင်ငံရေးပါတီ အများစုမှာ တပါတီချင်းအလိုက် ငွေကြေးအခက်အခဲ၊ အချိန်အခက်အခဲ စတာတွေနဲ့အတူ အာဏာပိုင်တွေရဲ့ ထိန်းချုပ် ကန့်သတ်မှုတွေကလည်း မပြတ်ရှိနေတော့ ရွေးကောက်ပွဲမှာ အောင်မြင်နိုင်ရေး တူရာတူရာ ပါတီတွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အခုရက်ပိုင်းတွေအတွင်း ရှိနေပါတယ်။

“လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်က ပါတီဝင်တယောက်က ပါတီတခုမှာပဲ ဝင်ရမယ်။ ပါတီတွေပေါင်းပြီး တပ်ပေါင်းစုတို့၊ မဟာမိတ်တို့ ဖွဲ့စည်းမှုကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုမထားပါဘူး။ ဒါပေမဲ့ ပါတီတွေအားလုံး Joint Action Committee ပုံစံမျိုး လုပ်မယ်ဆိုရင်တော့ ရတယ်။ အလုပ်တူ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ကျနော်တို့ ညှိနှိုင်းတဲ့ သဘောပါပဲ။ အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ အခြေအနေတွေ အားလုံးဟာ ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်ကပါပဲ။”

ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းကပဲ တရားဝင် နိုင်ငံရေးပါတီတခု ဖြစ်လာခဲ့တဲ့ NDF လို့ခေါ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုကလည်း ဦးတည်ချက်တူတဲ့ နိုင်ငံရေးပါတီ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကို လိုလားနေတဲ့အကြောင်း ပါတီခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဒီမိုကရေစီစစ်စစ် ပါတီတွေ၊ ပုဂ္ဂိုလ်တွေနဲ့တော့ ကျနော်တို့က ထိပ်တိုက်မတိုးဖို့ ဦးတည်ထားတဲ့ အခါကြတော့ ကျနော်တို့ အားနည်းတဲ့ နေရာတွေ၊ အားသာတဲ့ နေရာတွေ ရှိမှာပါ။ အဲဒီလိုပဲ ဒီမိုကရေစီ ပါတီများကလည်း သူတို့ အားသာတဲ့နေရာ၊ အားနည်းတဲ့နေရာတွေ ရှိတော့ ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာတော့ ညှိနှိုင်းမှု တခုတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် နယ်မြေတွေ မထပ်ဖို့နဲ့ လစ်လပ် ကျန်ဟာနေခြင်း မရှိအောင်ဆိုတဲ့ သဘောထားက ကျနော်တို့အားလုံး၊ ဒီမိုကရေစီ ပါတီတိုင်းလိုလိုမှာ ရှိနေတော့ Cooperation၊ Coordination ပေါ့၊ ဒါမှမဟုတ်ရင်လည်း Joint Action ပေါ့။ တခုခုတော့ လုပ်ရလိမ့်မယ်လို့ ထင်ပါတယ်။”

အခုလို ပါတီတွေ အတူပူးပေါင်း ဆောင်ရွက်ရေးကို ပြည်ထောင်စု ဒီမိုကရေစီပါတီက လိုက်ပြီး ဆွေးနွေးနေတာပါ။ အဓိက ဘယ်လိုအချက်တွေကို ပူးပေါင်း ဆောင်ရွက်ချင်ရတာလဲ ဆိုတာကို ဦးဖြိုးမင်းသိန်းက ရှင်းပြပါတယ်။

“အဓိက ပူးပေါင်းဆောင်ရွက်ပြီး လုပ်ချင်တဲ့ အပိုင်းတွေကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ် တရားမျှတမှုလို အပိုင်းမျိုးကို ကျနော်တို့အားလုံး ပူးပေါင်း ဆောင်ရွက်ကြမယ်။ နောက်တချက်က လွှတ်တော် ကိုယ်စားလှယ်လောင်းလို နေရာမျိုးကို နေရာလပ်မရှိအောင်၊ အဲဒီမှာလည်း ဒီမိုကရေစီ အင်အားစုတွေ ထိပ်တိုက်မတိုးမိအောင်၊ မကျန်အောင် ကျနော်တို့ ကြိုးစားဖို့အတွက် အဲဒီဟာတွေ အပေါ်မှာ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲဟာ အချိန်ကလည်း နည်းလွန်းအားကြီးတယ်၊ ရန်ပုံငွေကလည်း ပြည်တွင်း အနေအထားအရ အခက်အခဲတွေ ရှိကြတယ်၊ အဲဒီအနေအထားတွေ အပေါ်မှာ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပုံစံတခု ပြောင်းလဲပြီး ဖြတ်သန်းနိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတဝန်းလုံးကို ပါတီတခုချင်းစီက လိုက်ပြီး ကြိုးစားဖို့ဆိုတာ အချိန်အားဖြင့်ကို တော်တော် ခက်ခဲနေပါတယ်။”

ပါတီတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ညှိနှိုင်းမှုတွေမှာ တိုင်းရင်းသားပါတီတွေ တော်တော်များများလည်း ပါဝင်ပါတယ်။ အခုအချိန်ထိ အားလုံးရဲ့ တုံ့ပြန်မှုက အပြုသဘော ဆောင်ကြတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ မကြာခင်မှာ သဘောတူညီတဲ့ ပါတီတွေ စုဝေးပြီး တရားဝင် ဆွေးနွေးပွဲတွေ ဖြစ်လာအောင်လည်း လုပ်ဆောင်ဖို့ ပြင်ဆင်နေကြတာပါ။

ရွေးကောက်ပွဲကိုတော့ ဘယ်နေ့မှာ ကျင်းပမလဲဆိုတာ အခုချိန်ထိ စစ်အစိုးရဘက်က မကြေညာသေးပါဘူး။ အဲဒါကလည်း နိုင်ငံရေးပါတီတွေအတွက် သတိထားနေရတဲ့ အချက်တခု ဖြစ်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ် ဆိုတာကို ကြေညာတဲ့ အချိန်နဲ့ ရွေးကောက်ပွဲနဲ့က သိပ်မကွာဘူးဆိုရင် အချိန် မလောက်မင ဖြစ်မှာနဲ့ ရွေးကောက်ပွဲဝင်ရေး စီစဉ်ရတဲ့ အခက်အခဲတွေ အခုထက်ပိုပြီး ရှိလာမှာကိုလည်း နိုင်ငံရေးပါတီ အများစုက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG