သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ ဗဟန်းမဲဆန္ဒနယ် အခြေအနေ


မဲရေတွက်မှုစောင့်ကြည့်နေတဲ့ NLD ရုံးချုပ်ရှေ့က ပရိသတ်
မဲရေတွက်မှုစောင့်ကြည့်နေတဲ့ NLD ရုံးချုပ်ရှေ့က ပရိသတ်

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၉ နာရီ က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၁ ရပ်ကွက် မဲရုံမှာ မဲပေးခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ ပြည်တွင်းပြည်ပသတင်းထောက်တွေသတင်းလာယူကြသလို၊ NLD ထောက်ခံသူအများအပြားဟာလည်း ဒေါ်အောင်ဆန်းစုကြည်မဲပေးမယ့် နေရာမှာ ကြိတ်ကြိတ်တိုးနေရာယူအားပေးခဲ့ကြတာတွေ့ရပါတယ်။

ဒီမဲရုံမှာမဲပေးမယ့်သူ ၄၂၀၀ ကျော်ရှိပြီး၊ မဲရုံစဖွင့်တဲ့ မနက် ၆ နာရီကနေ မဲရုံမပိတ်မှီ ၄ နာရီအတွင်း အချိန်မှီမဲပေးနိုင်ရေး စီစဉ်ထားတဲ့အကြောင်း ဗဟန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဝင်းနိုင်က VOA ကိုပြောပါတယ်။

“ကျွန်တော်တို့ မဲရုံတစ်ရုံရဲ့ အများဆုံးဟာ တစ်ထောင်ကျော်လေးပဲ ရှိပါတယ်။ ဒါကြောင့် မဲရုံတွေရဲ့ ဝင်လမ်းထွက်လမ်း၊လုပ်တာကိုင်တာနဲ့ ပြီးတော့ ကြိုတင်မဲတွေနဲ့ အားလုံးပြန်တွက်လိုက်ရင် အချိန်မီနိုင်ပြီးနိုင်ပါတယ်။”

ရွေးကောက်ပွဲကို မဲလာပေးကြသူတွေဟာ နိုင်ငံရဲ့အပြောင်းအလဲကို ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အကြောက်တရားကင်းကင်း၊ မျှော်လင့်တကြီးနဲ့မဲလာပေးတာတွေ့ရပေမဲ့ ရွေးကောက်ပွဲရလာဒ်အတွက်လည်း စိုးရိမ်မှုတွေရှိနေတာတွေ့ရတယ်လို့ မြန်မာ့နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာချုပ် ဦးအောင်ဇော်က အခုလိုသုံးသပ်ပါတယ်။

“မေးကြည့်တဲ့လူတိုင်းကလည်း ဒီအပြောင်းအလဲ အတွက် ဘယ်သူ့ကို သူတို့မဲပေးခဲ့တယ် ဆိုတာ မပြောရင် မပြောဘူး၊ ဒါပေမဲ့ သူတို့ အပြောင်းအလဲလိုချင်တယ်၊ အငြိမ်းစား စစ်တပ်အရာရှိ တွေကအစ၊ ဗြူရိုကရက် အဟောင်းတွေက အစ၊ ပင်စင်စား အဘိုးကြီးတွေက အစ၊သူတို့တွေအကုန်လုံး မနက်အစောကြီးထဲက ပြင်ဆင်ပြီး မဲလာပေးကြတယ်၊ ဒီ အပြောင်းအလဲ (change) ကိုသူတို့ တကယ်ယုံကြည်တယ်ပေါ့လေ၊ ပြောင်းရမယ်ဆိုတာကို သူတို့ယုံကြည်တယ်၊ အဲဒါကြောင့်သူတို့မဲလာပေးတာ၊ အဲဒါကျွန်တော်ထင်တယ်၊ Freedom of expression ရှိတယ်၊ အကြောက်တရား မရှိဘူး၊ အဲဒါကိုက ကျွန်တော်ထင်တယ်၊ Positive ဖြစ်တဲ့ခြေလှမ်းတခု၊ ရှေ့ကိုသွားလို့ရတဲ့ ခြေလှမ်းတခုလို့မြင်တယ်၊ ဒါပေမဲ့ ကျွန်တော်ထင်တယ်၊ အားလုံးစိတ်ထင်မှာ ဖတ်လို့ရတာတခုကတော့ဒီ Post election ရွေးကောက်ပွဲရလဒ်က ဘယ်လိုရှိလာမလဲ၊ ဘာတွေကိုထပ်ပြီးတော့ လိမ်ညာဦးမလဲဆိုတဲ့ အတွေးတွေကတော့ ကျွန်တော်ထင်တယ်၊ အားလုံး စိတ်ထဲမှာ ရှိတယ်၊ အဲလို ရှိလို့လဲ လာပြီးတော့ မဲလာပေးတယ်လို့ ၊ အင်နဲ့အားနဲ့ မဲလာပေးတယ်လို့ ကျွန်တော်စိတ်ထဲမှာ ခံစားရတယ်။”

ဒီနေ့ ဗဟန်းမြို့နယ်က ဒေါ်အောင်ဆန်းစုကြည်မဲပေးမယ့်မဲရုံကို လာရောက်အကဲခတ်သူနောက်ထပ် ပုဂ္ဂိုလ်တဦးကတော့မြန်မာ့အရေးကျွမ်းကျင်သူ Bertil Lintner ဘဲဖြစ်ပါတယ်။ သမိုင်းတွင်မယ့်ရွေးကောက်ပွဲမှာ လူထု စိတ်ပါဝင်စားစွာနဲ့ မဲလာပေးတာတွေ့ရလို့ အပြောင်းအလဲအတွက် မျှော်လင့်စောင့်စားနေကြတာ သေချာပါတယ်တဲ့။

“NLD အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရတယ်ဆိုရင်တော့ လက်ရှိအစိုးရအနေနဲ့ အတော်လေးခက်ခက်ခဲခဲကိုင်တွယ်သွားရမှာဖြစ်ပါတယ်။ အခုချိန်မှာပြောဖို့စောပါသေးတယ်။ ကျနော့်အနေနဲ့ကတော့ ဇန်နဝါရီလအထိစောင့်ကြည့်စေချင်ပါတယ်။ အာဏာပိုင်တွေရဲ့ စိတ်ထဲဘာတွေရှိတယ်ဆိုတာ ခန့်မှန်းရခက်တော့ အဲဒီအချိန်ကျမှဘဲစောင့်ကြည့်ကြတာပေါ့ဗျာ။”

EU ဥရောပသမဂ္ဂ ရွေးကောက်ပွဲအကဲခတ်လေ့လာရေးအဖွဲ့ လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff ကတော့ သူတို့အဖွဲ့အနေနဲ့ မဲရုံတွေရဲ့အနေအထား၊ လုပ်ထုံးလုပ်နည်းတွေကို စောင့်ကြည့်နေပါတယ်လို့ အခုလိုပြောပါတယ်။

“မဲပုံးတွေစံနစ်တကျရှိရဲ့လား၊ မဲဆန္ဒရှင်တွေ စိတ်ကြိုက်လျှို့ဝှက်မဲပေးလို့ရရဲ့လား၊ မှင်ကောရှိရဲ့လား၊ မဲပေးမယ့်လူတိုင်း မှတ်ပုံတင်ကဒ်၊ သက်သေခံကဒ်တွေပါရဲ့လား စစ်ကြဖို့စတဲ့ အသေးစိတ်အချက်တွေကို ကျနော်တို့အကဲခတ်ပါတယ်။ မဲရုံတရုံကနေတရုံပြောင်းပြီး စံနစ်တကျရှိရဲ့လား မှတ်တမ်းတင်ပါတယ်။ မြန်မာပြည်တဝန်းမဲရုံတွေက ပေးပို့လာတဲ့ အချက်အလက်တွေကို စုစည်းပြီး မှတ်တမ်းတင် အစီရင်ခံသွားမှာဖြစ်ပါတယ်။”

ဗဟန်းမြို့နယ်မဲဆန္ဒနယ်မြေကနေယှဉ်ပြိုင်ကြတဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့ ဒီမိုကရက်တစ်ပါတီက ဦးသိန်းဟန်၊နောက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ဒေါက်တာညိုညိုသင်းအပါအဝင် ၆ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း NLD က ဦးဘမျိုးသိန်းအပါအဝင် ၅ ဦးနဲ့ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း တစည ပါတီက ဒေါ်သီသီလွင်အပါအဝင် ၅ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ကရင်ပြည်သူ့ပါတီ ဦးစောဆေးဝါးအပါအဝင် ၄ ဦး၊ ရခိုင်အမျိုးသား ဦးဇော်အေးမောင်အပါအဝင် ၃ ဦး အသီးသီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG