သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးအမှန် ဖော်ပြခွင့် မရလို့ တိုင်းရင်းသားပါတီ အခက်ကြုံ


မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ပြုလုပ်တဲ့ နေရာမှာ လူဝင်မှု ကြီးကြပ်ရေး ဌာနတွေကနေ တိုင်းရင်းသားလူမျိုး အဖြစ် မဖော်ပြဘဲ မြန်မာလူမျိုးအဖြစ်သာ ရေးသွင်းခြင်း ခံနေရတယ်လို့ ဆိုပါတယ်။ ဒီပြဿနာဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက် တိုင်းရင်းသား ပါတီတွေ အနေနဲ့ လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် နေရာရဖို့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်လို့လည်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ လူဦးရေ အချိုးအစားအလိုက် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ပါဝင် အရွေးခံပိုင်ခွင့် ရှိတယ်လို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားပါတယ်။ တချို့ ပြည်နယ်နဲ့ တိုင်းတွေမှာကျတော့ သင့်တင့်လျောက်ပတ်တဲ့ လူဦးရေ အချိုးအစား ရှိနေပေမဲ့ အဲဒီအခွင့်အလမ်းတွေ ပယ်ချခံနေရတယ်လို့လည်း မွန်တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒီလိုဖြစ်ရတာဟာ မြန်မာ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနတွေက နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်တဲ့နေရာမှာ တိုင်းရင်းသား လူမျိုးတွေကို မြန်မာလူမျိုးအဖြစ်နဲ့ အမည်စာရင်း ရေးသွင်းနေတာကြောင့် ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ ရှမ်းနီ တိုင်းရင်းသူလေး မနန်းကြာက သူကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ အဖြစ်တွေကို အခုလို ပြောပါတယ်။

“ကျမကတော့ ရှမ်းနီလူမျိုးပါ။ ကျမတို့ ဒီမှတ်ပုံတင်တွေ လုပ်တဲ့အခါ ကျမတို့ကို ဘာလူမျိုးလဲဆိုပြီး မေးတယ်ပေါ့နော်။ ကျမတို့က ရှမ်းနီလူမျိုးပေါ့။ မှတ်ပုံတင်ထဲမှာ အရင်တုန်းကတော့ ရှမ်း၊ ဗမာ ဆိုပြီး ထည့်ခွင့်ပေးခဲ့တယ်။ ဒီ ၈၈ နောက်ပိုင်းမှာတော့ မှတ်ပုံတင်အသစ် ပြန်လုပ်တဲ့ အချိန်မှာ ရှမ်းဆိုပြီး ထည့်စရာ မလိုဘူးပေါ့။ မင်းတို့ဟာ ဗမာစကားပဲ တတ်တဲ့အတွက် ဗမာလူမျိုးပဲ ဆိုပြီးတော့ ကျမတို့ မှတ်ပုံတင်မှာ ဗမာဆိုပြီးပဲ ထည့်ခွင့်ရတာပေါ့လေ။”

ဒါ့အပြင် မသိနားမလည်၊ စာမတတ်တဲ့ ရှမ်းနီ တိုင်းရင်းသားတွေကိုလည်း မြန်မာလူမျိုးအဖြစ် စာရင်းသွင်းနေတာကြောင့် မြန်မာလူမျိုးအဖြစ်သာ စာရင်းဝင်နေတယ်လို့လည်း မနန်းကြာက ပြောပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပအိုဝ့်လူမျိုးတွေဟာလည်း အလားတူ ဒီလိုပြဿနာနဲ့ တွေ့ကြုံနေရတယ်လို့ ပအိုဝ့်လူငယ်တဦးက အခုလို ပြောပါတယ်။

“ပအိုဝ့်လူမျိုးတွေပေါ့နော်။ နိုင်ငံသား စိစစ်ရေးကတ်ပြားလို့ ခေါ်တဲ့ မှတ်ပုံတင်ကို ပြုလုပ်တဲ့ နေရာမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရှိနေတဲ့ ပအိုဝ့်အများစုဟာ အရင်တုန်းကတော့ ပအိုဝ့်လူမျိုးပဲ ထည့်ကြတယ်။ နောက်ပိုင်းမှာဆိုရင် မွန် ပအိုဝ့်၊ ကရင် ပအိုဝ့်ဆိုမှ လူမျိုးနေရာမှာ သူတို့ ထည့်ကြတာများတယ်။ အခု ဘာထပ်ဖြစ်လာလဲဆိုတော့ မွန် ပအိုဝ့်လည်း မဟုတ်တော့ဘူး၊ ကရင် ပအိုဝ့်လည်း မဟုတ်တော့ဘူး။ မြန်မာလို့ သူတို့ထည့်လိုက်တယ်။ ဒါပေမဲ့ ပအိုဝ့်စကားတွေ ပြောပြီးမှ နောက်ပိုင်းမှာဆိုတော့ ပအိုဝ့်လူမျိုးတွေ မဟုတ်တော့ဘဲနဲ့ မြန်မာလူမျိုး၊ အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။ အဝါးမျိုခံရတာပေါ့။”

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဟာလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတွေမှာ လူမျိုးစုအလိုက် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ရွေးချယ်ခွင့်တွေ ဆုံးရှုံးနေတယ်လို့ ပါတီဝင်တဦးက ပြောပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ရှိပေမဲ့လည်း အစိုးရရဲ့ စာရင်းထဲမှာ မွန်လူမျိုး အရေအတွက် မပြည့်ဘူးဆိုပြီး ပယ်ချလိုက်တယ်လို့လည်း ပြောပါတယ်။ ဒီဖြစ်စဉ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ နိုင်ငွေသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“လူမျိုးအလိုက်ပေါ့။ တိုင်းရင်းသားရေးရာ ဆိုတာ ရှိသေးတယ်။ တိုင်းရင်းသားတွေက ဥပမာ ကရင်ပြည်နယ် တခုလုံးမှာ မွန်က ၅၇,ဝဝဝ ပြည့်ရင် တယောက် ရွေးချယ်ခွင့်ပေးတယ်ပေါ့။ သို့သော်လည်း ကျနော်တို့ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းကို မှန်းထားတယ်။ ဒါပေမဲ့ မရဘူး။ မဲစာရင်း သူလုပ်ပြီးသားပဲ။ မွန်ဘယ်လောက် ရှိတယ်၊ ဗမာဘယ်လောက် ရှိတယ်၊ အဲဒီမှာ ထားဝယ်ဘယ်လောက် ရှိတယ်၊ ကရင်ဘယ်လောက် ရှိတယ်ဆိုတာ သူတို့ စာရင်းပြုစုပြီးသားပဲ။ ပြုစုထားပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရ အဆုံးအဖြတ်နဲ့ပဲ မပြည့်ဘူးလို့ဘဲ ပြောရမှာပေါ့။”

အလားတူ ဒီပြဿနာတွေဟာ တခြား တိုင်းရင်းသား နိုင်ငံရေးပါတီတွေမှာ ရှိနေတယ်လို့လည်း နိုင်ငွေသိန်းက ပြောပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ တိုင်းရင်းသားတွေရဲ့ စာပေ ယဉ်ကျေးမှု ဖော်ထုတ်ခွင့်တွေကို ရှေးကထက် ပိတ်ပင်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ မြန်မာ့ တိုင်းရင်းသားအရေး လေ့လာသူတွေက ပြောပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲဟာလည်း တိုင်းရင်းသားတွေ မျှော်မှန်းသလို လူမျိုးစု အခွင့်အရေးတွေ ရရှိဖို့ မလွယ်ဘူးလို့လည်း ဝေဖန် ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

XS
SM
MD
LG