သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား


တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား
တိုင်းရင်းဒေသ လူထုကျန်းမာရေး အခြေအနေ ဆိုးရွား

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ ကျန်းမာရေး ပြဿနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အမျိုးသမီးနဲ့ ကလေးတွေအကြား ကူးစက်ရောဂါ ဖြစ်ပွားနှုန်း ကမ္ဘာမှာ အမြင့်မားဆုံး ရောက်နေတဲ့အကြောင်း နယ်စပ်အခြေပြု လူထုကျန်းမာရေး အဖွဲ့အစည်းတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ကာကွယ် ကုသနိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးနေပြီး အဲဒီလို ကျန်းမာရေး စောင့်ရှောက်ဖို့ ပျက်ကွက်တာဟာ လူသားဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းမှာရှိတဲ့ လူထုကျန်းမာရေး အဖွဲ့အစည်းတွေက လူဦးရေ ၂၇,၀၀၀ ကျော်အပေါ် စစ်တမ်းကောက်ယူပြီး အရှေ့ဘက်ခြမ်းဒေသ တိုင်းရင်းသား နယ်မြေတွေဖြစ်တဲ့ ကရင်၊ ကယား၊ မွန် စတဲ့ ဒေသတွေမှာ လူတွေက ကျန်းမာရေး ပြဿနာတွေ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အကြောင်း စစ်တမ်း ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်တွေရဲ့ ၄၀% က အာဟာရ ချို့တဲ့နေပြီး ကလေးတွေ သေဆုံးရခြင်း အကြောင်းရင်းရဲ့ ၆၀% က ကာကွယ် ကုသလို့ရတဲ့ ရောဂါတွေကြောင့် သေဆုံးနေတာလို့ ဖော်ပြပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းမှာ ကျင်းပတဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ထိုင်း၊ မြန်မာနယ်စပ် မယ်တော်ဆေးခန်းက ဆရာမ ဒေါက်တာ စင်သီယာမောင်က အခုလို ပြောပါတယ်။

“ဒီအစီရင်ခံစာဟာ စစ်နဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းက ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေကို ထုတ်ဖော် ပြသလိုက်တာ ဖြစ်တဲ့အကြောင်း၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေက ကျန်းမာရေး အခြေအနေ ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့အကြောင်း။” ဒေါက်တာ စင်သီယာမောင် ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ အရှေ့ဘက်ခြမ်း ဒေသမှာ စစ်အစိုးရဘက်က ကျန်းမာရေး အသုံးစရိတ် လျော့နည်းလာတာ၊ ပဋိပက္ခတွေ ကာလ ကြာနေတာနဲ့ လူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ကျန်းမာရေး အဆင့်အတန်းတွေ နိမ့်ကျနေရတာ ဖြစ်တယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အမျိုးသမီး ၁၄ ယောက်အနက် တယောက်နှုန်း ငှက်ဖျားရောဂါ ကူးစက်ခံရပြီး ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ ဖြစ်ပွားမှု အမြင့်မားဆုံး အခြေအနေမှာ ရှိတဲ့အကြောင်း အစီရင်ခံစာက ထုတ်ဖော်ပါတယ်။

ကာကွယ် ကုသလို့ ရနိုင်တဲ့ ရောဂါတွေနဲ့ လူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာက လူသားဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်တယ် ဆိုပြီး မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းဖို့ လိုအပ်တဲ့ အကြောင်းလည်း အစီရင်ခံစာက တောင်းဆိုပါတယ်။

လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကြောင့် အရပ်သား အစိုးရတရပ် ပြောင်းလဲသွားခဲ့မယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေ ပိုပြီးတော့ တိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါသလားဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ မေးခွန်းထုတ်မှုတွေလည်း ရှိပါတယ်။ ရှမ်းအမျိုးသမီးရေးရာ အဖွဲ့က နန်းချမ်တောင်းက ဒီကိစ္စကို အခုလို ဖြေပါတယ်။

“မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား ဒေသတွေမှာ ပဋိပက္ခတွေ လျော့နည်းသွားမယ်ဆိုတဲ့ လက္ခဏာတွေ မတွေ့ရဘဲ စစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားတွေ ပေးနေပြီး အဲဒီဒေသတွေမှာ ထိုးစစ်တွေဆင်ဖို့ ပြင်ဆင်နေတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး တိုင်းရင်းသားတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စကလည်း တိုးတက်လာဦးမှာ မဟုတ်တဲ့အကြောင်း။” နန်းချမ်တောင်းက ဖြေကြားသွားပါတယ်။

မကြာသေးခင်တုန်းက ဗွီအိုအေ မြန်မာပိုင်းက တွေ့ဆုံ မေးမြန်းရာမှာ ဒေါက်တာ စင်သီယာမောင်က တကယ်လို့ ရွေးကောက်ပွဲအပြီး အစိုးရတရပ် ပြောင်းလဲလာမယ် ဆိုရင်လည်း လူတွေရဲ့ လူမှုဘ၀ ဖူလုံရေးကို ဦးစားပေးမယ့် အစိုးရတရပ်ဖြစ်ဖို့ လိုတဲ့အကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ကျန်းမာရေး ကောင်းမွန်လာမယ်၊ ပညာရေး ကောင်းမွန်လာမယ် ဆိုတာကတော့ ကျန်းမာရေး၊ ပညာရေးကဏ္ဍ တခုတည်း မဟုတ်တော့ဘဲ အထူးသဖြင့် ကျမတို့ လူထုတွေရဲ့ လူမှုဘ၀ လုံခြုံရေးပေါ့၊ စားနပ်ရိက္ခာ၊ ရေ၊ အိမ်သာ၊ ပြီးတော့ လိုအပ်တဲ့ တခြားသော နည်းပညာပိုင်း ဆိုင်ရာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပူးပေါင်း လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ်၊ လွတ်လွတ်လပ်လပ်နဲ့ ပါဝင် ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိမယ်၊ သူ့ဒေသအလိုက်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေက ဖြစ်စေ၊ လူမှု အဖွဲ့အစည်းတွေက ဖြစ်စေ၊ ကိုယ့်ဒေသရဲ့ ပညာရေး၊ ကျန်းမာရေး စနစ်ကို ပါဝင်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိမှသာလျှင် တိုးတက် ပြောင်းလဲမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ဒေသတွေမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မိသားစု ကလေးတွေမှာ အာဟာရချို့တဲ့မှု ၃ ဆဖြစ်ဖို့ အလားအလာ ရှိတဲ့အပြင် ဝမ်းရောဂါ ဖြစ်နိုင်တဲ့ အလားအလာလည်း ၆၀% ကျော် ပိုပြီးရှိတဲ့ အကြောင်းနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ မိသားစုတွေမှာ တနှစ်အောက် ကလေးတွေရဲ့ သေဆုံးမှုနှုန်းကလည်း ၂ ဆခွဲ ပိုပြီး မြင့်မားနေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG