သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဖွဲ့ချင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုင်းရင်းသားများ လက်မခံ


တဖွဲ့ချင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုင်းရင်းသားများ လက်မခံ
တဖွဲ့ချင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုင်းရင်းသားများ လက်မခံ

မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းစီကို သက်ဆိုင်ရာဒေသ အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဗဟိုအစိုးရက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်ကို လက်နက်ကိုင် တိုင်းရင်းသား မဟာမိတ်အဖွဲ့ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပယ်ချလိုက်ပြီး UNFC အနေနဲ့ပဲ ဆွေးနွေးမယ့်အကြောင်း တုံ့ပြန်လိုက်ပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထွက်လာစဉ်က ကချင်၊ ရှမ်း၊ ကရင်၊ မွန် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက UNFC အနေနဲ့ပဲ ဆွေးနွေးမယ်လို့ တုံ့ပြန်ခဲ့ပြီးတဲ့နောက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး UNFC သဘောထားကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၈ ရက် နေ့စွဲနဲ့ အစိုးရအဖွဲ့ကို လိပ်မူပေးထားတဲ့ UNFC ရဲ့ အကြောင်းပြန်စာမှာ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ဒေသအလိုက်၊ ပြည်နယ်အလိုက် သီးခြားဖြစ်နေတာ မဟုတ်ဘဲ ပြည်ထောင်စုအဆင့်၊ တမျိုးသားလုံးအဆင့် ပြဿနာ ဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးလိုတယ်လို့ ပါရှိပါတယ်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဖွဲ့ဖွဲ့ထားသလို သူတို့ဘက်ကလည်း အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

“အခုက အစိုးရဘက်က အဖွဲ့တခု ဖွဲ့ထားမယ်လို့ ပြောထားတယ်။ အဲဒီ ဆွေးနွေးရေးအဆင့်ပေါ့။ အဲဒီလို ဖွဲ့စည်းထားတဲ့ ကိစ္စကို တကယ်လို့ ဆွေးနွေးလာရင် ကျနော်တို့ဘက်ကလည်း အသင့်ဖြစ်အောင် ဆိုပြီးတော့ တဖွဲ့ ဖွဲ့ထားပါတယ်၊ ဆွေးနွေးရေး ကိစ္စလေ။ အဲဒါကို သူတို့ ဗဟိုအစိုးရနဲ့ UNFC နဲ့ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ဘက်က အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားတာပါ။”

အခု အကြောင်းပြန်စာကို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မိတ္တူ ပို့ပေးထားပါသေးတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရင် ပိုကောင်းမယ်လို့ နိုင်ဟံသာက ပြောပါတယ်။

“ဒီလိုပါ၊ ကျနော်တို့က တိုက်ရိုက်တောင်းဆိုလို့လည်း ဖြစ်မှာမဟုတ်ဘူး။ ကျနော်တို့က တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပူးပေါင်း ကူညီအားပေးမယ် ဆိုရင်တော့ ကျနော်တို့ဘက်က ကြိုဆိုနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ တဘက်က အစိုးရအပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့က တင်ပြမယ်ဆိုလည်း ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ။ ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါဝင် ပူးပေါင်း ကူညီနိုင်ရင်တော့ အများကြီး ကြိုဆိုပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ သဘောထားပေါ့။”

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ အဆင်သင့် ရှိတယ်လို့ သမ္မတ ဦးသိန်းစိန် အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေဆီ အိတ်ဖွင့်ပေးစာတစောင် ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ် တိုင်းပြည်အတွက် အကျိုးရှိမယ့် ဘုံအကျိုးစီးပွား ကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် ဆွေးနွေးခြင်း မရှိဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးဝင်းထိန်က အစိုးရသို့ UNFC ရဲ့ အိတ်ဖွင့်ပေးစာအပေါ် မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။

“အဲဒါ သူဘယ်လိုမှ မပြောထားသေးဘူး။ ဘာကြောင့် မပြောထားသလဲဆိုရင် ကျနော့်အမြင်ကတော့ ဒီကိစ္စက အင်မတန် သိမ်မွေ့တဲ့ကိစ္စ ဖြစ်တယ်။ နည်းနည်းလေး တချက်လေး မှားသွားတာနဲ့ နားလည်မှုတွေလွဲပြီး အဓိပ္ပာယ်ကောက်တာ လွဲနိုင်တယ်မို့လို့ ဒေါ်စုက ဘာမှ မပြောသေးဘဲ နေတယ်လို့ ယူဆတယ်။

“ဟိုအဖွဲ့၊ ဒီအဖွဲ့ ကြေညာချက် ထွက်တယ်ဆိုတိုင်းလည်း ကျနော်တို့က ချက်ချင်း ထင်မြင်ချက်တွေ၊ တုံ့ပြန်ချက်တွေ ပေးလေ့ပေးထ မရှိဘူး။ ကိုယ့်အချင်းချင်းတော့ ပြောကြဆိုကြတာ ရှိတယ်။ ဒါပေမဲ့ တရားဝင် ပြောလိုက်လို့ရှိရင် ကိုယ်ပြောတာကို အဓိပ္ပာယ်ကောက် မှားပြီးတော့ အကျိုးယုတ်မှာစိုးလို့ ကျနော်တို့ မပြောသေးဘူး။ ခက်လည်းခက်မယ်၊ သိမ်လည်း သိမ်မွေ့မယ့် သဘောတွေ ရှိတာပေါ့။”

UNFC အဖွဲ့ဝင်ဖြစ်တဲ့ ကချင်၊ ရှမ်း၊ မွန် တိုင်းရင်းသား အဖွဲ့တွေဟာ အရင်စစ်အစိုးရဟောင်းနဲ့ တဖွဲ့ချင်းစီခွဲပြီး အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ အပစ်အခတ် ရပ်ထားတဲ့ ကာလတွေထဲ သူတို့လိုချင်တဲ့ အမျိုးသား တန်းတူရေး မရဘဲ အစိုးရသစ် လက်အောက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲဖို့ပဲ ဖိအားပေး ခံလိုက်ရတာကြောင့် စစ်ပွဲတွေ ပြန်စလာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခုတကြိမ် ဆွေးနွေးမယ်ဆိုရင် အားလုံးကို ကိုယ်စားပြုတဲ့ မဟာမိတ်အဖွဲ့နဲ့ ဆွေးနွေးမှ ဖြစ်မယ်လို့ တိုင်းရင်းသား အဖွဲ့တွေက ယုံကြည်နေကြပါတယ်။

XS
SM
MD
LG