သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ အနောက်နိုင်ငံများ ရင်းနှီးမြုပ်နှံဝင်ရောက်မှု ကျဆင်းဖွယ်ရှိ


ရခိုင်မောင်တော ဖြစ်စဉ်ကြောင့် လာမည့် ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံကို အနောက်နိုင်ငံဘက်က ရင်းနှီး မြုပ်နှံမှုတွေ လာနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ဘက်က သုံးသပ်လိုက်ပါတယ်။ အထူးသဖြင့် အီးယူနဲ့ မြန်မာအကြားချုပ်ဆိုဖို့ရှိနေတဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာအကာအကွယ်ပေးရေးသဘောတူညီချက် ချုပ်ဆိုဖို့ကိစ္စမှာ အီးယူဖက်က ဆိုင်းငံလိုက်တာကြောင့်၊ အီးယူ ဥရောပသမဂ္ဂဖက်က ရင်းနှီးမြုပ်နှံမှုတွေ ဝင်ဖို့ နည်းပါးလာမယ်လို့ တွက်ဆရပါတယ်။ မမေခက ပြောပြမှာပါ။

၃နှစ်ကျော်ကြာ ပြင်ဆင်လာတဲ့ မြန်မာနဲ့ အီးယူအကြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူချက် ချုပ်ဆိုဖို့ကိစ္စကို အီးယူဖက်က ဆိုင်းငံလိုက်တာကြောင့်၊ လာမယ့်နှစ်တွေအတွင်း အီးယူ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေဖက်က လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကို သိပ်မျှော်ကိုးလို့မရတော့ဘူးလို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ မောင်တောဒေသမှာဖြစ်တဲ့ ဖြစ်စဉ်တွေက ကျနော်တို့ တိုင်းပြည်ပုံရိပ်ကို ထိခိုက်စေခဲ့တာတွေရှိခဲ့တယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့ ဘာဖြစ်သွားသလဲဆိုရင် ကျနော်တို့နဲ့ EU နဲ့ပေါ့နော် Bilateral ညှိနှိုင်းနေတဲ့ စာချုပ်က ပြီးသလောက်ရှိနေပြီ။ ပြီးသလောက်ရှိနေတဲ့အချိန်မှာ မောင်တောဘက်ကဖြစ်လာတော့ တဖက်ကို Suspend လုပ်လိုက်တယ် ရပ်လိုက်တယ်။”

ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း UMFCCI ဆွေးနွေးပွဲတခုမှာ ဦးအောင်နိုင်ဦး ပြောဆိုသွားတာပါ။ အစိုးရရဲ့ မူဝါဒပိုင်း အားနည်းတာတွေနဲ့ တည်ငြိမ်မှုမရှိတာတွေက ရင်းနှီးမြုပ်နှံမှုပိုင်းကို အားယုတ်စေတယ်လို့လည်း စီးပွားရေးသမားတွေက ဝေဖန်နေကြချိန်မှာ၊ အခုလို အီးယူဖက်က ရင်းနှီးမြုပ်နှံမှုဆိုင်ရာသဘောတူညီချက်တရပ်ရေးထိုးဖို့ကို ဆိုင်းငံလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၈ ခုနှစ်အတွင်း အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာနိုင်ဖို့ မေ ျှာ်လင့်လို့မရဘူးလို့လည်း ဦးအောင်နိုင်ဦးက ဆိုပါသေးတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသ ဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး အနောက်နိုင်ငံတော်တော်များများက စီးပွား ရေး ပိတ်ဆို့ဖို့ ပြင်ဆင်နေသလို၊ ရင်းနှီးမြုပ်နှံမှုတွေပါ ဝင်ရောက်မှု အားနည်းလာမယ့်သဘောကြောင့် မြန်မာနိုင်ငံထဲ အိမ်နီးချင်းတရုတ်နဲ့ အာရှနိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုတွေပဲ ပိုပြီး ကြီးစိုးလာဖွယ်ရှိနေပါတယ်။

မြန်မာနိုင်ငံထဲကို နိုင်ငံတကာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ ဆိုပေမယ့် နိုင်ငံတကာက ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ကိုင်ခွင့်အခွင့်အလမ်းနဲ့ စီးပွားရေးစစ်တမ်းတွေ မှာတော့ မြန်မာနိုင်ငံရဲ့ အဆင့်သတ်မှတ်ချက်ဟာ အရင်နှစ်တွေကထက်ကျဆင်းနေ ပါတယ်။

ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ကုမ္ဗဏီ များဥပဒေ တို့ကို အတည်ပြု ထုတ်ပြန်ပြီး ဖြစ် တာမို့ ရင်းနှီးမြုပ်နှံမှု တိုးလာဖို့ မေ ျှာ်လင့်နေကြပေမယ့် အစိုးရပိုင်း ပေါ်လစီချမှတ် တာမှာ မပြတ်သားမှု၊ နည်းစနစ် ပိုင်းချမှတ်တာမှာ ပြတ်သားမှု မရှိတာတွေကြောင့် ထင်သလောက် ရင်းနှီးမြုပ်နှံမှု အားမ ကောင်း နိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်အချို့ ကဝေဖန်နေကြပါတယ်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင်းမှာ EU ရှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏဟာ ကန် ဒေါ်လာ ၆ ဘီလီယံ ကျော် ရှိတာပါ။ ဒီထဲမှာ ဗြိတိန်နိုင်ငံက အများဆုံးဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၅နေရာမှာရှိပါတယ်။ ဗြိတိန်ပြီးရင်တော့ EU နိုင်ငံတွေထဲမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးလုပ်တာ နယ်သာလန်ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပိုင်းတိုးလာဖို့အတွက် ပြင်ဆင်သင့်တဲ့ အချက်တွေကိုထောက်ပြနေပေမယ့် အစိုးရ ဘက်က ပြုပြင်မှုအားနည်းနေတာတွေက ရင်းနှီးမြုပ်နှံမှုနှေးကွေးတာလို့ ဒေါက်တာအောင်သူရက ပြောပါ တယ်။

“စီးပွားရေးဘက်မှာတော့ အစိုးရ capacity က သိပ်မရှိဘူးပေါ့နော် ဘာလုပ်ရမလဲဆိုတော့ Priority ထားရမယ်။ မြန်မာပြည်စီးပွားရေးတက်အောင် ဘယ်အချက်တွေကို အရင်လုပ်ရင် အရမ်းထိုးတက်သွားမယ် ၊ ဘယ်အချက်တွေကို နောက်မှ လုပ်မယ် အဲဒါတွေကို သေချာသတ်မှတ်ဖို့လိုမယ်။ အဲဒါကို နည်းစနစ်ကျကျ နဲ့ လုပ်ဖို့ လိုမယ်။ ပြီးရင် တချို့ဟာတွေကျတော့ လွယ်လွယ်ကူကူနဲ့ ပြင်လို့ရမယ့်ဟာတွေကျတော့ မြန်မြန်ပြင်လိုက်ပေါ့နော် တခါတလေကျရင် Process လေးနည်းနည်းပြင်လိုက်တာနဲ့ တိုင်းပြည်အတွက် အရမ်းအကျိုးရှိမယ့်ဟာမျိုးတွေကို အရင်လုပ်ဖို့လိုတယ်ပေါ့နော်။ အဲဒါကို ဝန်ကြီးဌာန Level နဲ့ မလုပ်ပဲနဲ့ တတိုင်းပြည်လုံးရဲ့ Level နဲ့ ကြည့်ရမယ်ပေါ့နော်။”

၂၀၁၇ သြဂုတ်မှာ စတင်ခဲ့ သော ရခိုင်ပြည်နယ် ဖြစ်စဉ်ကြောင့် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ လက်မှတ်ရေး ထိုးရန် စီစဉ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး သဘောတူစာချုပ် ကို အီးယူအဖွဲ့က ဆိုင်းငံ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG