သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဟောင်း ဦးရဲထွဋ် တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခံရ


ဦးရဲထွဋ် Ye Htut
ဦးရဲထွဋ် Ye Htut

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို မဟုတ်မမှန်သတင်းတွေကို ရေးသားဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းတွေကို ရေးသား ဖြန့်ဝေခဲ့တဲ့အတွက် ဦးရဲထွဋ်ကို ပုဒ်မ ၅၀၅-က၊ စစ်တပ်အပေါ် အကြည်ညိုပျက်စေမှုနဲ့ အောက်တိုဘာ ၂၈ ရက် စနေနေ့ညပိုင်းမှာဖမ်းဆီး အမှုဖွင့်စစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖေါ်ြပထား ပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်းဖမ်းခံရတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဘက်က ဗွီအိုအေကိုအတည်ပြုပေမယ့် ဘာကြောင့်ဖမ်းဆီးသလဲဆိုတာနဲ့ပတ်သတ်လို့ မေးမြန်းချိန်မှာတော့ ဖြေဆိုဖို့ငြင်းဆန်သွားပါတယ်။

အငြိမ်းစားစစ်အရာရှိတဦးရဲ့ အိမ်လိပ်စာကို သူ့ရဲ့လူမှုကွန်ရက်မှာထုတ်ဖော်ပြောဆိုတယ်လို့ စစ်ကောင်စီ ကိုထောက်ခံအားပေးတဲ့ Telegram လူမှုကွန်ရက်မှာစွပ်စွဲဖော်ပြထားပြီး တပတ်အကြာမှာ ဦးရဲထွဋ်အခုလို ဖမ်းဆီးခံရတာပါ။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနဘက်က ဒီကနေ့သတင်းထုတ်ပြန်ထားချက်မှာတော့- ဖမ်းဆီးခံထားရတဲ့ ဦးရဲထွဋ်ကို အလုံမြို့မရဲစခန်းကနေ (ပ)၂၁၆/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ထားပြီး အင်းစိန်ထောင်ကို ပို့လိုက်ပြီးဖြစ်ကြောင်း ဖေါ်ြပထားပါတယ်။

အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးနဲ့ သမ္မတ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဦးရဲထွဋ် ကို စွဲချက်တင်ထားတဲ့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဟာ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG