သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား ငွေလဲလက်မှတ် FEC ဈေးနှုန်း မတည်ငြိမ်


နိုင်ငံခြား ငွေလဲလက်မှတ် FEC ဈေးနှုန်း မတည်ငြိမ်
နိုင်ငံခြား ငွေလဲလက်မှတ် FEC ဈေးနှုန်း မတည်ငြိမ်

ပြီးခဲ့တဲ့ သောကြာနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ FEC နိုင်ငံခြားငွေ လဲလှယ်မှု လက်မှတ်ကို မကြာခင် ပြန်ရုပ်သိမ်းတော့မယ်လို့ ပြောဆိုခဲ့ပြီးနောက် ဒီရက်ပိုင်းအတွင်း FEC ငွေဈေး မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။ အရင်က FEC တဒေါ်လာကို မြန်မာကျပ်ငွေ ၈၀၀ ဝန်းကျင် ရှိနေရာက ၆၀၀ လောက်ထိ ထိုးကျသွားပြီး ဒီနေ့မှာတော့ ဈေးအနည်းငယ် ပြန်တက်လာပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

အစိုးရ အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း မကြာခင်ပဲ ဒေါ်လာနဲ့ FEC ဈေးနှုန်း သိသိသာသာ ကျလာတာဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖြစ်ပါတယ်။ မေလဆန်းပိုင်းက တဒေါ်လာကို ၈၃၇ ကျပ်နဲ့ FEC တယူနစ်ကို ၈၃၄ ကျပ် ဈေးရှိရာကနေ ဒီကနေ့ ပေါက်ဈေးက ဒေါ်လာက ၇၃၇ ကျပ်နဲ့ FEC က ၆၈၀ ကျပ် ဝန်းကျင်ထိ ကျသွားတာပါ။

ရန်ကုန်က ငွေအရောင်းအဝယ်လုပ်သူ တယောက်က ဒီနေ့မှာပဲ ဈေးအပြောင်းအလဲ ရှိတယ်လို့ ဆိုပါတယ်။

“၃၅ ပြန်ဝင်နေပြီ၊ ၆၃၅၊ ဈေးကတော့ လူးနေတယ်ဆရာရေ၊ ခုတမျိုး၊ ခုတမျိုး ဖြစ်နေတယ်။ ၆၇၅ ဒါက ကျနော်တို့အဝယ်၊ အခုလောလောဆယ် ၈၅ ရောင်းတယ်။”

ငွေပွဲစား နောက်တယောက်ကတော့ အရင်လို FEC ကို သိမ်းထားသူ မရှိဘူးလို့ ဆိုပါတယ်။

“FEC ၆၈၀ ဝယ်တယ်၊ ရောင်းတာက ၆၉၅ ပါ၊ ပုံမှန်အရောင်းအဝယ်ပါပဲ။ အရင်လို လုပ်ငန်းတော့ မလည်ပတ်ဘူး။ လက်ထဲသိမ်းထားတာတွေ မရှိတော့ဘူး၊ ဝယ်တဲ့လူ ရှိပါတယ်။”

FEC နဲ့ ပေးချေရမယ့် ကိစ္စတွေ အတွက်ပဲ ဝယ်ကြတာလို့ ပွဲစားတွေက ပြောကြပါတယ်။ FEC တန်ဖိုးကျတာကြောင့် နိုင်ငံတကာ NGO တွေ၊ နိုင်ငံတကာ ကုမ္ပဏီ ဝန်ထမ်းတွေ၊ ခရီးသွား လုပ်ငန်းတွေ ထိခိုက်တယ်လို့ သိရပါတယ်။ ဈေးနှုန်း မတည်ငြိမ်တာကြောင့် FEC တယူနစ်ကို ၆၁၀ ကျပ်နဲ့ မနေ့က ထုတ်ရောင်းလိုက်တယ်လို့ NGO ဝန်ထမ်းတယောက်က ဗွီအိုအေကို ပြောပါတယ်။

ခရီးသွားလမ်းညွှန် တယောက်က ငွေဈေး မတည်ငြိမ်တာကြောင့် အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ဒီနှစ်ပိုင်းတွေကျတော့ ၆၀၀ ကျော်ကျော်၊ ၇၀၀ အောက် ရောက်သွားတော့ အနိမ့်ဆုံးလို့ ပြောလို့ရတယ်။ ကျနော်တို့ရတဲ့ ပိုက်ဆံလည်း တန်ဖိုးကျသွားတယ်လေ။ တန်ဖိုးတက်နေချိန်မှာသာ ကုန်ပစ္စည်းတွေက ဒေါ်လာဈေးတက်လို့ ဈေးတက်တယ်၊ ဈေးတက်တယ်။ အခုဟာ ဒေါ်လာဈေး၊ FEC ဈေး ကျသွားတယ်၊ ကျန်တဲ့ဈေးက မကျဘူးဗျ။ ကျနော်တု့ိရတဲ့ ပိုက်ဆံက ၉၀၀ နဲ့ ၁,၀၀၀ ကြားဆိုရင် ကာမိတာပေါ့ဗျာ။ ခုက ၆၀၀ ကျော်၊ ၇၀၀ ပတ်ဝန်းကျင်ဆိုတော့ ကျနော်တို့က ဥပမာ ခရီးသွားတဲ့ လူတယောက်က လမ်းမှာ အသုံးစရိတ်တွေ ရှိတယ်ဗျာ၊ ရတဲ့ပိုက်ဆံက နည်းတဲ့အခါကျတော့ ခရီးရှည်ရင် ရှုံးတာတောင် ဖြစ်နေတယ်။”

အခုလို ဈေးကျတာဟာ နိုင်ငံခြားဝင်ငွေရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အိမ်မြေနဲ့ ထုတ်ကုန် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလာတာကြောင့်လို့ ဇေကမ္ဘာ ဦးခင်ရွှေက ဗွီအိုအေကို ပြောဆိုဖူးပါတယ်။

“ဒီရက်ပိုင်းတွေက အထူးသဖြင့် ကျောက်မျက်ကရတဲ့ ပိုက်ဆံတွေနဲ့ မြေကြီးတွေ Invest လုပ်တဲ့သူ များတယ်။ များတဲ့အခါကျတော့ ရန်ကုန်မြို့ပေါ်က မြေကြီးတွေက တက်သွားတယ်။ မနှစ်ကနဲ့ ဒီနှစ်တောင် မတူတော့ဘူး။ ဒါကြောင့်လည်း ကျပ်ဈေးတွေတက်၊ ဒေါ်လာဈေးတွေကျ၊ သူတို့ရတဲ့ ပိုက်ဆံတွေ အပေါ်မှာ ကျပ်ပြန်ဖော်၊ ဖော်ပြီးတော့မှ တဘက်က အလားအလာကောင်းတဲ့ မြေကြီးကို Invest တွေ ပြန်လုပ်ကြတာပေါ့။ တကယ် စက်ရုံဆောက်သူ ပါသလို ဒီမြေကြီးကို Invest လုပ်သူတွေလည်း ပါတယ်။ အခု အရောင်းပိတ်ထားတယ်၊ ဝယ်တဲ့လူများလို့။ ဝယ်တဲ့လူ သိပ်များတော့ ကျနော့်မှာ ရောင်းစရာလည်း သိပ်မကျန်တော့ဘူး။”

စစ်အစိုးရဟောင်းဟာ ၁၉၉၃ ခုနှစ်က အမေရိကန်ဒေါ်လာ အစားထိုးအဖြစ် FEC ကို စတင် ထုတ်ဝေခဲ့တာပါ။ အစိုးရသစ်ဟာ ငွေကြေးစနစ် ပြောင်းလဲဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက် FEC ဖျက်သိမ်းဖို့ အစီအစဉ်ရှိပြီး ဖျက်သိမ်းတယ် ဆိုရင်လည်း အမေရိကန်ဒေါ်လာ ဒါမှမဟုတ် ပေါက်ဈေးအတိုင်း ကျပ်ငွေနဲ့ လဲပေးမယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌက ပြီးခဲ့တဲ့ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG