သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့်ဒေသ ၄ ခု အရေးပေါ် အခြေအနေ ထုတ်ပြန်


ရေဘေးသင့်ဒေသ ၄ ခု အရေးပေါ် အခြေအနေ ထုတ်ပြန်
ရေဘေးသင့်ဒေသ ၄ ခု အရေးပေါ် အခြေအနေ ထုတ်ပြန်

မြန်မာနိုင်ငံအနှံ့ မကြာသေးခင်ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းရာက၊ ရေကြီးမှုတွေ မြေပြိုမှုတွေ ကြုံခဲ့ရတဲ့ အတွက် တိုင်းနဲ့ပြည်နယ် ၄ ခုကို အရေးပေါ် အခြေအနေအဖြစ် အစိုးရက ကြေညာလိုက်ပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်လိုက်ကြောင်း သမ္မတရုံးက ဒီကနေ့နှောင်းပိုင်းမှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၂၇ ယောက်ထက်မနည်း ရှိလာခဲ့ပြီး နောက်မှာပဲ အရေးပေါ် အခြေအနေ ကြေညာ လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် ရေလွှမ်းမိုးမှုတွေ ကြုံနေရတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့မှာလည်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချ ထားရေး အစီအစဉ်တွေကို ဆောင်ရွက်နေတယ် လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းနဲ့အတူ မိုးကြီးပြီး မြစ်ရေချောင်းရေတွေ ရေလျှံ ခဲ့တာကြောင့် ဒီရက်ပိုင်းတွေအတွင်းမှာ မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကုနဲ့ ပွင့်ဖြူမြို့နယ်တွေအတွင်းမှာ ကျေးရွာတွေ ရာနဲ့ချီပြီး နစ်မြုပ်ခဲ့ရသလို စစ်ကိုင်းတိုင်းဒေသကြီးက ကလေးမြို့နယ်မှာလည်း အဆိုးဝါးဆုံးရေလွှမ်းမိုး တာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလို ရေလွှမ်းမိုး တာဟာ ဒေသတွင်းမှာ တည်ဆောက်ထားတဲ့ဆည်တွေ ရေဖောက်ချတာကြောင့်လို့ သုံးသပ်တာတွေ ရှိနေပြီး ရေဘေးသင့်ပြည်သူတွေအတွက်တော့ အရေးပေါ် ကူညီထောက်ပံမှုတွေ လိုအပ်နေပါတယ်။ သတင်းပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ကိုမန် ဆိုင်ကလုံးမုန်တိုင်းဟာ ကြာသာပတေးနေ့ ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့ချိန်မှာ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွေမှာ မိုးကြီးခဲ့တာဖြစ်ပါတယ်။

ဒီလိုမိုးများခဲ့တဲ့နောက် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ဖက်မှာ မုန်းချောင်းရေကြီး တာကြောင့် ကျေးရွာပေါင်း ၉၀လောက် ရေနစ်မြုပ်နေတယ်လို့ ပွင့်ဖြူမြို့နယ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုစိုးနိုင်က ပြောပါတယ်။

"ကားနဲ့လည်း သွားလို့မရတော့ဘူး။.. ရေတွေ အကုန်ရောက်နေပြီ။"

မန်းချောင်းတလျောက်က ငဖဲ၊ မင်းဘူး၊ စကုမြို့နယ် အတွင်းကျေးရွာတွေ အားလုံးရေနစ်မြုပ်ပြီး မနေ့ညမှာတော့ စကုမြို့အတွင်းမှာ ရေလွှမ်းလာကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး ရဲ့ ပါတီ အထွေထွေ အတွင်းရေးမှုး ဦးနေမျိုးကျော်က အခုလို ပြောပါတယ်။

"မင်းဘူး စကု အနေအထားကတော့လေ ပြီးခဲ့တဲ့ညက ငဖဲရေလှောင်တမံက ရေလွှတ်တယ်။ ရေဖောက်ချတယ်။ မိုးက တညလုံး သည်းသည်းမည်းမည်း ရွာတဲ့အတွက် နဂိုရှိနေတဲ့ အနေအထား အရရော ရွှေစက်တော်ရဲ့ပန်းဆွဲရေမြုပ်သွားတယ်။ အဲ့ဒီ့ရေ တက်လာတဲ့အခါမှာ စကုနယ်ကတော့ မန်းချောင်း ဝန်းကျင် ကျေးရွာ ငါးဆယ်ကျော်လောက် ရေလွှမ်းမိုးသွားတယ်။ စကု မြို့ကိုတော့ မနေ့ညက ကိုးနာရီခွဲခန့်မှာ တံတားကြမ်းခင်းနားအထိ ရေက တက်လာတယ်။ ရပ်ကွက်တွေမှာ အိမ်ခါးပန်းတွေလောက်အထိ ရေတက်သွားလောက်အောင် မနေ့ညက ကိုးနာရီလောက်မှာ မြို့ပေါ်မှာ ရှိတဲ့ စာသင်ကျောင်းတွေ ၊ ဘုရားကုန်းတွေရှိရာကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်။ "

စကုမြို့တောင်ခြမ်းမှာတည်ရှိတဲ့ ဆေးရုံကို ရေလွှမ်းတာကြောင့် မြို့လယ်က ပုညရှင်ဓမ္မာရုံကို မနက် ၃နာရီလောက်မှာ ပြောင်းရွှေ့ခဲ့ရတယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းက စေတုတ္တရာမြို့နယ်ဖက်ကအခြေအနေကိုလည်း အခုလို ပြောပါတယ်။

"စေတုတ္တရာမြို့ပေါ်က ရွှေ့ပြောင်းခိုင်းထားတဲ့ ပိတောက်မြိုင်ကုန်းတို့ အထကကျောင်းကုန်းတို့ မီးသတ်ကုန်းတို့မှာ ရွှေ့ပြောင်းနေတဲ့ သူတွေကတော့ အောက်ကိုလည်း ဆင်းလို့မရဘူး။ ဒီ့ပြင်နေရာလည်း ရွှေ့လို့မရပဲ နဲ့ နှစ်ရက်ကျော်လောက်အထိ ပိတ်မိနေတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရေသန့်သောက်သုံးမှု ကျန်းမာရေးကိစ္စတွေ မိုးကာတွေ မလုံလောက်တာတွေ အခင်းတွေမရှိပဲ စောင်ခေါင်းအုံးတွေက မလုံလောက်တာနဲ့ စေတုတ္တရာက သူတွေ အတော်ကို ဒုက္ခရောက်နေတယ်။ အဲ့တော့ ကျနော်တို့ ကြားသိရသလောက် ..ကျေးရွာပေါင်း သုံးဆယ်ကျော်လောက်နဲ့ စေတုတ္တရာနဲ့ ကျေးရွာပေါင်း ၁၃ရွာ အပါအဝင် စေတုတ္တရာမြို့သူမြို့သားတွေ အနီးဆုံးရွာတွေဖြစ်တဲ့ (ရေဘေးသင့်နေတဲ့ ကျေးရွာပေါင်းစုံ နာမည်တွေကို ပြောထားပါတယ်-အသံနဲ့တကွ နားဆင်ပါ) ကျေးရွာသူ ကျေးရွာသား မိသားစုတွေကတော့ ကျနော်တို့ ခန့်မှန်းခြေ လူဦးရေ ၈၀၀၀ လောက် စေတုတ္တရာ မိုင် ၂၀ ဝန်းကျင်မှာ ရှိတဲ့ မုန်းတမံ ပတ်ချာလည်မှာ အားလုံး ပိတ်မိတယ်ခင်ဗျ။"

မကွေးတိုင်းဒေသကြီးအတွင်းမှာဆိုရင် မုန်းတမံနဲ့ ကြီးအုံကြီး၀ တမံက ရေလွှတ်ချနေ တာကြောင့် ပွင့်ဖြူမြို့နယ်အခြေအနေက ပိုမိုစိုးရိမ်နေရကြောင်းလည်း ဦးနေမျိုးကျော်က ဆက်ပြောပါတယ်။

လတ်တလော အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာတော့ အဆိုးဝါးဆုံး ရေလွှမ်းမိုးနေတယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

"ကလေးမြို့နယ်ထဲမှာ သုံးပုံနှစ်ပုံ ရေမြုပ်သွားပြီဗျ။ အနီးအနား ကျေးရွာတွေ ပတ်ဝန်းကျင် အခြေအနေကတော့ တော်တော်လေး ဆိုးတယ်လို့ပြောရမယ်ဗျ။ ကလေးမြို့ရဲ့ အရှေ့အနောက် တောင်မြောက်ပေါ့နော် သုံးနေရာက ကျေးရွာတွေ ကတော့ တော်တော်လေးကို ရေမြုပ်နေကြတယ်။ ကျေးရွာတွေမှာက ကယ်ဆယ်ရေး မလာတဲ့အခက်အခဲတွေလည်းရှိတယ်။ "

ကလေးမြို့နယ်အတွင်း ရေလွှမ်းတာကတော့ ဂန့်ဂေါမြို့နယ်က ပြင်သာဆည်နဲ့ ကလေးမြို့နယ်အတွင်းက ရာဇဂြိုလ်ဆည်ရေဖောက်ချ တာကြောင့် လို့ ဒေသခံတွေကယူဆကြောင်းလည်း ဆက်ပြောပါတယ်။

" ကျနော်တို့ ဒေသခံတွေရဲ့အမြင်ကတော့ ဆည်ရေကြောင့်လို့ပဲမြင်တယ်။ သို့ပေမဲ့ ဒေသခံ အာဏာပိုင် အကြီးအကဲတွေက ဆည်ရေလွှတ်လို့ မဟုတ်ပါဘူး ဆည်ရေလွှတ်လို့ မဟုတ်ပါဘူး။ ဒီလိုတွေတော့ ပြောတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးရွာလို့ ရေကြီးတယ် ပြောကြကြေးသာဆိုရင် ကျနော်တို့ ဟိုးခေတ် နှစ်ပေါင်းများစွာကတည်းက မိုးရွာခဲ့တာပဲ။ ဒီဆည်နှစ်ဆည်ပေါ်လာမှ ရေကြီးတာဆိုတော့ ဒေသခံတွေကလည်း ဒီဆည်တွေကြောင့်လို့ ပြောကြတာပဲ။ ကလေးမြို့ သမိုင်း တလျောက်မှာဆိုရင် ဒီရေကြီးမှုက ဒါ ပထမဆုံးအကြိမ်ပဲလို့တောင် ပြောလို့ရပါတယ်။"

လောလောဆည်မှာတော့ ကလေးဒေသအတွင်းမှာ ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမတွေ့ရသေးကြောင်းလည်း ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကိုမန်ဆိုင်ကလုံးမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အတော်များများမှာ ရေကြီး ရေလွှမ်းမိုးခဲ့သလို ချင်းပြည်နယ်အတွင်းမှာ လည်း မြေပြိုတာ၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေပြီး နေရာဒေသ အတော်များများဟာ ဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

မြန်မာပြည်အဝှမ်းမှာ ဇူလိုင်လလည်ပိုင်းက စတင်ပြီး မိုးများ တာကြောင့် ရေကြီးရေလျှံ တာတွေ ဖြစ်ပွားနေရာက ဘင်္ဂလား ပင်လယ်အော် မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းကြောင့် အခြေအနေတွေဟာ ပိုမို ဆိုးဝါးလာနေ တာဖြစ်ပါတယ်။ ကြာသာပတေးနေ့ ညနေပိုင်းကတော့ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီး ရေဘေးကြုံတွေ့နေ ရချိန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အင်တိုင်အားတိုက် ပါဝင်ဆောင်ရွက်ဖို့၊ ရေတိုရေရှည်စီမံကိန်းတွေကို အချိတ်အဆက် မိမိဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက မှာကြားပါတယ်။

XS
SM
MD
LG