သုံးရလွယ်ကူစေသည့် Link များ

လမ်းဘေးဆိုင် အချဉ်ရည် အန္တရာယ်မကင်း


ဝက်သားတုတ်ထိုးဆိုင်မှာ မြင်တွေ့ရသော အချဉ်ရည်ဗူးများ။
ဝက်သားတုတ်ထိုးဆိုင်မှာ မြင်တွေ့ရသော အချဉ်ရည်ဗူးများ။

လူအများစု ကျန်းမာရေးအတွက် လုံခြုံမှု ရှိလာနိုင်ဖို့ ကိုယ်ထူကိုယ်ထ တည်ထောင်ထားတဲ့ စားသုံးသူ ကာကွယ်ရေးအသင်းကနေ ဈေးကွက် ထဲမှာရှိနေတဲ့ အချဉ်ရည်တွေကို ဓာတ်ခွဲတဲ့ အခါ ပြင်းထန်တဲ့ အက်စစ် တမျိုး ပါရှိနေတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဲဒီလို တွေ့ရှိခဲ့တာကြောင့် စားသုံးသူ ကာကွယ်ပေးရေး အသင်းကနေ လူထု ပညာပေးမှုတွေ ကို ပြည်သူလူထု အတွက် ထိရောက်စွာ ပညာပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး နောက် ပိုင်း မှာ ထုတ်လုပ်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပါဝင်လှုပ်ရှားသူတွေက ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

အစားသောက်နဲ့ ဆေးဝါးထုတ်လုပ်သူတွေ၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ဓာတုဗေဒ ဓာတ်ခွဲ စမ်းသပ် သူတွေက ပြီးခဲ့တဲ့ သြဂုတ ်၁၆ ရက်နေ့က ပြည်တွင်း စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဒီအသင်းကို ဖွဲ့စည်း ခဲ့တာပါ။

စားသုံးသူ ကာကွယ်ပေးရေးအသင်းကနေ စားသုံးသူတွေအတွက် အစားအစာတွေကို ဦးစွာ စစ်ဆေး မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အစားအသောက်လုပ်ငန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ အသင်းရဲ့ တာဝန်ရှိသူ တွေက ထုတ်ဖော်ပြောဆိုလာပါတယ်။

စာသုံးသူ ကာကွယ်ပေးရေးအသင်းရဲ့ပထမလုပ်ဆောင်ချက်အနေနဲ့ အစားအသောက်တွေအပေါ် ဓာတ်ခွဲ ကြည့်တဲ့အခါ ဝက်သားတုတ်ထိုးဆိုင်နဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုနေတဲ့ အချဉ်ရည် အချို့မှာ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အက်စစ်ပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက ဆိုပါတယ်။
ဝက်သားတုတ်ထိုးဆိုင်တွေနဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုတဲ့ အချည်ရည်တွေမှာ ထုတ်လုပ်တဲ့ ရက်စွဲ ကုန်ဆုံးတဲ့ရက်စွဲ ပါဝင်ခြင်းမရှိတဲ့အပြင် ပါဝင်တဲ့ ကုန်ပစည်းတွေဟာ အမျိုးအမည် မသိ တာတွေ ဖြစ်နေတယ် လို့ ဦးဗအုပ်ခိုင်က အခုလို ပြောပြခဲ့ပါတယ်။

“ဆာလဖျူရစ်အက်ဆစ်ပါတာ သေချာတယ်ပေါ့။ အချဉ်ရည်တွေဟာ တံဆိပ်ပေါင်းစုံနဲ့ ထုတ်နေ တယ်။ နောက်ပြီးတော့ သက်တမ်းကုန်တဲ့ရက်စွဲလည်း မပါဘူး၊ ထုတ်လုပ်တဲ့ရက်စွဲလည်းမပါဘူး။ ပါဝင်တဲ့ အချိုးအဆတွေ၊ အမျိုးအမည်တွေလည်း မပါဘူး။ နောက်ပြီးတော့ လုပ်ငန်းလိပ်စာလည်း မပါဘူး။ ဒါဟာ မရိုးသားဘူးပေါ့။ ကျနော်တို့က ပြည်သူတွေကို ဒီအချဉ်ရည်တွေကို လုံးဝ ဝယ်မစားဖို့ပေါ့။ ဆာလဖျူရစ်အက်ဆစ်အပြင် သူက တားမြစ်ဆိုးဆေးတွေလည်း ပါတယ်။

ဒါတွေကြောင့် ရေတို အကျိုးဆက်အနေနဲ့ ဝမ်းကိုက်တာ၊ ဝမ်းလျှောတာ၊ အူရောင်တာ၊ အစာ အိမ်ရောင်တာတွေ ဖြစ်နိုင်တယ်။ ရေရှည်ဆိုးပြစ်အနေနဲ့ကတော့ အူကင်ဆာ၊ အစာအိမ် လမ်းကြောင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်း ကင်ဆာ- ဒါတွေဖြစ်နိုင်တာပေါ့။ အဲဒီတော့ လက်လီရောင်းတဲ့ ခေါက်ဆွဲဆိုင်တွေ၊ အကြော်ဆိုင်တွေမှာ ရောင်းကြတဲ့သူတွေအနေနဲ့ ကိုယ့် ဖာသာကိုယ် မန်ကျည်းဖျော်ရည်၊ မန်ကျည်းမှည့်နဲ့ ကြက်သွန်ဖြူလေးနဲ့ ငရုပ်သီးနဲ့ နံနံပင်လေး နဲ့ ကိုယ့်ဖာသာကိုယ် ဖျော်စပ်တဲ့ အချဉ်ရည်လေးနဲ့ပဲ သုံးသင့်ပါတယ်။

စားသုံးတဲ့သူကလည်း ဒီလိုအရောင်၊ တားမြစ်ဆိုးဆေးတွေ၊ ဆာလဖျူရစ်အက်ဆစ်တွေ ပါတဲ့ အချဉ်ရည်တွေကို ဝယ်မစားဖို့ တိုက်တွန်းလိုပါတယ်။”

အစားသောက်တွေထဲမှာ လူကို အဓိက ဒုက္ခအပေးနိုင်ဆုံးဖြစ်တဲ့ အချဉ်ရည်တွေကို ဦးစွာစတင် ဓတ်ခွဲ စမ်းသပ်ပြီး ဒီအချဉ်ရည်တွေထဲမှာ အီကိုလိုင် ရောဂါပိုးတွေ ရှိမရှိ စစ်ဆေးနေတယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း အတွင်းရေးမှူးလည်းဖြစ်၊ ဓာတုဗေဒပညာရှင် တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်နိုင်က ဆိုပါတယ်။

NGO မှတ်ပုံတင်မကျသေးတဲ့ စားသုံးသူကာကွယ်ပေးရေးအဖွဲ့ဟာ အစိုးရ တာဝန်နဲ့ဆောင်ရွက်တာ မဟုတ်သလို အစားအသာက်နဲ့ ပတ်သက်ပြီး ကိုယ်ထူကိုယ်ထ အသိပညာပေးလိုသူတွေ စုဖွဲ့ထားတဲ့ အသင်းဖြစ်နေတာကြောင့် သူတို့အနေနဲ့ အစားအသောက် စစ်ဆေးရေးတွေလုပ်တဲ့အခါ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အခု လို ပြောပြခဲ့ပါတယ်။

“မှတ်ပုံတင်ရတဲ့နေရာမှာ ဘယ်လို အခက်အခဲ ရှိသလဲဆိုတော့ ရုံးခန်းရှိရာနေရာကို သူတို့ရဲ့ လုပ်ထုံး လုပ်နည်း အရ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတဲ့အခါ သူတို့က ထောက်ခံချက် မပေးရဲ ဘူးပေါ့နော်။ အဲဒါနဲ့ တခါ မြို့နယ်ကို သွားတယ်။ မြို့နယ်ကိုသွားတင်ပြန်တော့ မြို့နယ်က ရရက- ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံ ချက်၊ ရဲစခန်းရဲ့ထောက်ခံချက်လိုတယ်လို့ ပြောတယ်။ အဲဒီလို အပြန်အလှန် ဘော်လီဘော ပုတ်တာမျိုးလေး တွေပေါ့။ အဲဒီတော့ အောက်ခြေမှာ မကြာသင့် ဘဲနဲ့ ကြာတာမျိုးတွေပေါ့။ ဖြစ်နိုင်ရင်တော့ ကျနော်တို့က ဒါဟာ မြန်မာနိုင်ငံ ကိုယ်စားပြုဖွဲ့တဲ့ အဖွဲ့အစည်း လည်းဖြစ်တယ်၊ နိုင်ငံတကာမှာလည်း consumer NGO အဖွဲ့အစည်းတွေ ရှိတယ်။ ကျနော်တို့ တနိုင်ငံမှာတည်းမရှိတာ။ အဲဒီတော့ ကျနော်တို့ကို သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနကဖြစ်ဖြစ်၊ အစိုးရအဖွဲ့ကပဲဖြစ်ဖြစ် မှတ်ပုံတင်တာကို လွယ်ကူအောင် ကူညီပေးစေချင်တယ်။

နောက်တခု- ကျနော်တို့က အစိုးရအဖွဲ့အစည်း မဟုတ်တဲ့အတွက် လတ်တလောမှာ ဈေးတွေထဲမှာ အန္တရာယ်ရှိတဲ့အစားအသောက်တွေ- ဥပမာ ကျနော်တို့ရှေ့မှာတင် မျှစ်တွေကို ဆေးဆိုးနေတယ်။ အချဉ်ရည်ထဲမှာ ဆိုးဆေးတွေ အက်ဆစ်တွေ သုံးနေတယ်။ နောက်ပြီးတော့ ပုဇွန်ခြောက်တွေ၊ ငပိတွေမှာလည်း ဆိုးဆေးတွေ၊ နောက် တရုတ်ပြည်ကဝင်လာတဲ့ မုန့်တွေထဲမှာလည်း အန္တရာယ်ရှိ တာတွေ အများကြီး၊ ဒါပေမဲ့ ကျနော်တို့မှာ မှတ်ပုံတင်မကျသေးတဲ့အတွက် ဝင်ပြီး စစ်ဆေးဖို့၊ တရားစွဲ ဆိုဖို့ လုပ်ရတာ အခက်အခဲရှိတယ်။ နောက်တခုက အဲဒီလို ဈေးတွေ ဘာတွေမှာ ဝင်စစ်တဲ့ အခါမှာ လည်း ထုံးစံအတိုင်းဆိုလို့ ရှိရင် FB တွေက ဝင်စစ်တယ်ဆိုလို့ရှိရင် ရဲ အစောင့်အရှောက် ပါတယ်။ ကျနော်တို့မှာက မှတ်ပုံတင် မကျသေးတဲ့ အတွက် သက်ဆိုင်ရာ ပြည်ထဲရေးဌာနရဲ့ ရဲတပ်ဖွဲ့ အကူအညီတွေ မရနိုင်တဲ့အတွက်တော့ အဲဒါတွေ အခက်အခဲ ရှိပါတယ်။”

မြန်မာနိုင်ငံက စားသုံးသူတွေကို အကာကွယ်ပေးဖို့ အဓိက ရည်ရွယ်ဖွဲ့စည်းထားတဲ့ ဒီအသင်းဟာ စားသုံးသူ ပညာပေးလုပ်ငန်းတွေကို အခြေခံပညာကျောင်းတွေကနေ စတင် လုပ်ဆောင်သွားမယ် လို့ ဦးဗအုပ်ခိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

ကာလအတန်ကြာ အစားအသောက်တွေကို ဂရုမပြုဘဲ စားသုံးခဲ့မှုတွေကြောင့် မြန်မာနိုင်ငံဟာ WHO (ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီး) ရဲ့ ၂၀၁၁ ကျန်းမာရေးစစ်တမ်းတစ်ခုအရ ကမ္ဘာပေါ်မှာ ကင်ဆာ အဖြစ်များဆုံး ဆယ်နိုင်ငံမှာ ဒုတိယနေရာမှာ ရှိနေတယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါသေး တယ်။

စာသုံးသူ ကာကွယ်ပေးရေးအသင်းအနေနဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အဖွဲ့ဝင် ၇၀၀ ထိ ရှိနေ ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ပြီး အစားအစာတွေကို ဓာတ်ခွဲစမ်းသပ် တာတွေ ပြုလုပ်မယ်လို့လည်း ပြောပါတယ်။

အာဏာပိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ပိုင်းက ရေးဆွဲဖို့ ပြင်ဆင်နေတဲ့ စားသုံးသူ ကာကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲရေး မှာလည်း ဒီစားသုံးသူ ကာကွယ်ပေးရေးအသင်းကနေ ပါဝင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဒီဥပဒေအတည်ဖြစ်ပြီးရင်တော့ အသင်းအနေနဲ့ နောက်ပိုင်းမှာ လူကို အန္တရာယ်ပေးစေတဲ့ အစား အသောက် တွေကို ထုတ်လုပ်ရောင်းချနေတဲ့သူ၊ တင်သွင်းလာသူတွေကို ဒီအသင်းရဲ့ ဥပဒေရေး ရာ ကော်မီတီကနေ တရားစွဲတာအထိ လုပ်သွားမယ်လို့ သိရပါတယ်ခင်ဗျာ။
XS
SM
MD
LG