သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့် မြန်မာကိုယ်စားလှယ် ကုလမှာ ကာကွယ်ပြောဆို


ဂျီနီဗာက ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ တင်သွင်း။ ဓာတ်ပုံ - UN TV
ဂျီနီဗာက ကုလ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ တင်သွင်း။ ဓာတ်ပုံ - UN TV

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုတယ်လို့ ပြည်ပအခြေစိုက် မြန်မာ သတင်းသမဂ္ဂ BMA က ပြောဆိုလိုက်ပါတယ်။ ဂျနီဗာမြို့မှာ ဇွန်လ (၁၃) ရက်ကကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူးက ကမ္ဘာတဝှမ်းသတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို ဦးဆောင်ဆွေးနွေး ရာမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောဆိုသွားတဲ့အချက်အပေါ် တုံ့ပြန်ပြောဆို လိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ၃၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံရဲ့ ၁၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဦးကျော်သူငြိမ်းက - ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေး မဏ္ဍိုင်ကြီး ၃ရပ် အဓိကကျသလို သတင်းမီဒီယာကိုလည်း အရေးကြီးတဲ့ မဏ္ဍိုင်တခုအဖြစ် ခံယူထားကြောင်း ပြောသွားပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကစလို့ သတင်း လွတ်လပ်ခွင့်ကို နိုင်ငံတကာ အဆင့်တန်းမီဖြစ်အောင် ပြုပြင်လာခဲ့ကြောင်း ဦးကျော်သူငြိမ်းက ဂျနီဗာအစည်း အဝေးမှာ ရှင်းပြသွားပါတယ်။

“ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အားကောင်းလာအောင် တာဝန်ခံ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံက စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းခဲ့တာ၊ အပတ်စဉ် ဂျာနယ်တွေကိုရော နေ့စဉ်သတင်းစာတွေကိုပါ အရင်ထက်ပိုပြီး ထုတ်ဝေခွင့် ပေးခဲ့တာကိုကြည့်ရင် နိုင်ငံတကာမှာလိုပဲ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အလေးထားတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံဟာ ၂၀၁၁မှာ သတင်း လွတ်လပ်ခွင့် အဆင့် ၁၆၉ ရှိခဲ့ရာက ဒီနှစ် ၂၀၁၇ မှာတော့ ၁၃၁ အဆင့်ထိ တိုးတက်လာခဲ့ကြောင်း ဦးကျော်သူငြိမ်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဟာ စစ်အစိုးရလက်ထက် ကထက်စာရင် တိုးတက်လာတာ မှန်ပေမယ့် သတင်းသမားတွေ ပေါ် ဖိနှိပ်တဲ့ ဥပဒေတွေ ဆက်ရှိနေဆဲပဲလို့ ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA ရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့်က ဝေဖန်လိုက်ပါတယ်။

“ မြန်မာနိုင်ငံရဲ့လက်ရှိ သတင်းလွတ်လပ်ခွင့် အခြေအနေက စစ်အစိုးရ ခေတ်တုန်းကနဲ့ စာရင် တိုးတက်လာတာက အမှန်ပါပဲ။ နောက်ပြီးတော့ ဒီဘက်အစိုးရလက်ထက် ရောက်လာပြန်တော့လည်း NLD အများစု ပါလီမန်က နေပြီးတော့ ဒီဥပဒေ ၁၉ ခုကိုပြင်ဆင်တယ်။ ၂၃ ခုကို ချမှတ်တယ် အဲဒီအထဲမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်နဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ဒီအာမခံတဲ့ ဥပဒေမျိုးတွေ နောက်ပြီးတော့ ၁၉၅၀ ခုနှစ် ပုဒ်မ ၅ ည ကို အဲဒါကိုလည်းပဲ ဖျက်သိမ်းပစ်ခဲ့တယ်။ အဲသို့သော်လည်းပဲ ၂၀၁၃ ခုနှစ်မှာ သူတို့ အတည်ပြုခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ပေါ့နော် ၆၆ (ဃ) ပေါ့။ အဲဒါတွေကိုလည်းပဲ NLD အစိုးရ က ဖျက်သိမ်းခြင်း မပြုသေးပါဘူး။ နောက်ပြီးတော့ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဥပဒေကိုလည်း ပြန်လည်ပြင်ဆင် တာမျိုး သော်လည်းကောင်း၊ ဖျက်သိမ်းတာကိုသော် လည်းကောင်း မလုပ်ပါဘူး။ အထူးသဖြင့် ဒီရက်ပိုင်းမှာ သတင်းသမားတွေ ခနခန ဒုက္ခ ရောက်တာကတော့ ဒီ ၆၆ (ဃ) ပေါ့နော်။ ”

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲခဲ့ပြီး အဲဒီထဲမှာ သတင်းသမားတွေကို အကာအကွယ် ပေးတဲ့အချက်တွေ ပါဝင်ကြောင်း ဦးကျော်သူငြိမ်းက ဂျနီဗာမှာ ပြောသွားပါတယ်။

“ ၂၀၁၄ ခုနှစ်မှာ သတင်းမီဒီယာ ဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး အဲဒီထဲမှာ တရားဥပဒေမဲ့ ဖမ်းဆီးတာမျိုး မခံရအောင် သတင်းသမားတွေကို အကာအကွယ်ပေးထားတဲ့ အချက်လက်တွေ ထည့်သွင်းထားပါတယ်။ အခြား ဒီမိုကရေစီတိုင်းပြည် တွေမှာလိုပဲ မြန်မာလူငယ်တွေဟာလည်း လှုမှုကွန်ယက် မီဒီယာကို လွတ်လပ်စွာ အသုံးပြုနေကြပြီး ၊ အင်တာနက်ကို ပိတ်ပင်တားဆီး ထားတာမျိုးလည်း မရှိပါဘူး ”

တကယ်တော့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုတယ်လို့ BMA ဥက္ကဌ ဦးမောင်မောင်မြင့်က ထောက်ပြပါတယ်။

“ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်က အပြည့်အ၀ မရှိပါဘူး။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ ရှိဖို့ အတွက် ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံရဲ့အခြေခံဥပဒေဟာ တကယ်ပဲ ဒီမိုကရေစီ အခြေခံကျတဲ့ ဥပဒေ ဖြစ်မှသာလျှင် ဒီသတင်းလွတ်လပ်ခွင့်ကို အားလုံး ခံစားကြရမှာပါ။ အထူးသဖြင့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တာဝန်ယူထားတာက စစ်တပ်အသိုင်းအဝိုင်းက တာဝန်ယူထားတာလေ။ ဆိုလိုတာက တပ်မတော်ကို ဝေဖန်လို့ ၆၆ (ဃ) နဲ့ တရားစွဲခံရတယ်တို့၊ ဒါမှမဟုတ် ရုတ်တရက် အဖမ်းခံရပြီး စစ်ဆေး မေးမြန်းခံရတယ်တို့ စသဖြင့် ဒါမျိုးတွေရှိတယ်။ နောက်ပြီးတော့ ထောင်ကျတာတွေရှိတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ဒီနိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှသာ တကယ်ကို တိုးတက်လာတာကို ကျနော်တို့ မြင်ရမှာပါ။ ”

မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နဲ့ တရားဥပဒေစိုးမိုးရေးဟာ ဆက်စပ်နေပြီး အပြန်လှန်ထိန်းကြောင်းမှုတွေ ရှိရမှာဖြစ်ကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်ကိုသုံးပြီး လူမျိုးနဲ့ တိုင်းရင်းသား တွေကြား ဘာသာခြားတွေကြား သွေးကွဲအောင် ပဋိပက္ခဖြစ်ပေါ်အောင် ပြောဆိုရေးသားမှုမျိုးကို ရှောင်ကျဉ်ရမှာဖြစ်ပြီး သတင်းသမားတွေ အနေနဲ့လည်း သတင်းကျင့်ဝတ်ကို တိတိကျကျ လိုက်နာရေးသားကြဖို့ လိုကြောင်း မြန်မာကိုယ်စားလှယ် ဦးကျော်သူငြိမ်းက လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG