သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းမှာ ထိခိုက်


လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းမှာ ထိခိုက်
လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းမှာ ထိခိုက်

ကမ္ဘာ့ရေနံဈေးနဲ့အညီ မြန်မာပြည်တွင်းက လောင်စာဆီ ဈေးနှုန်းတွေလည်း လိုက်ပြီး မြင့်တက်လာတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်စေတယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။ မြင့်တက်လာတဲ့ ရေနံဈေးနဲ့အတူ ပြည်တွင်းမှာ ဓာတ်ဆီ၊ ဒီဇယ်ကလည်း လိုသလောက် ဝယ်ယူမရတာကြောင့် သွားရေးလာရေးမှာလည်း အခက်အခဲတွေ ရှိနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လောင်စာဆီဈေး မြင့်တက်လာတာကြောင့် ပြည်တွင်း စီးပွားရေး၊ လူမှုရေးတွေမှာ ထိခိုက်နေကြရတာတွေကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

ကမ္ဘာ့ လောင်စာဆီဈေးနှုန်းက ပြီးခဲ့တဲ့ သီတင်းပတ်က ၂ နှစ်အတွင်း အမြင့်ဆုံး ဈေးအဖြစ် စံချိန်တင် မြင့်တက်သွားပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာတလွှားက ခရီးသွားလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

မြန်မာပြည်တွင်းမှာလည်း လေယာဉ်လက်မှတ်တွေ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၂၀ လောက်အထိ တက်သွားခဲ့ပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းအတွင်း ခရီးသည်တင် ကားတွေလည်း မူလဈေးနှုန်းထက် ၁၀% ကနေ ၂၀% အထိ တက်သွားခဲ့တယ်လို့ ပြည်တွင်း ခရီးသွားလုပ်ငန်း တာဝန်ခံတဦးက ပြောပါတယ်။

“အခုကတော့ Fuel Surcharge တွေကတော့ အထိုက်အလျောက် ရှိနေပါတယ်။ Average အားဖြင့် ၁၀ ဒေါ်လာ၊ ဒေါ်လာ ၂၀ ပေါ့။ Prepaid Tour တွေကျတော့ ကျနော်တို့က ထပ်ပြီး တောင်းလို့မရဘူး။ တောင်းလို့မရတော့ ကျနော်တို့ Service ရတဲ့အထဲကပဲ ပေးရတာတွေ၊ တချို့ကိစ္စတွေကျရင်လည်း အရှုံးခံ လုပ်ရတာတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ နောက် Term အတွက်တော့ လေယာဉ်လက်မှတ်ခတွေ စောစော ထွက်လာရင်တော့ ကျနော်တို့က ကြိုတင်ပြီးတော့ ပြန်ရောင်းလို့ရတာပေါ့။ မထွက်ရင်တော့ ကျနော်တို့ လုပ်ရကိုင်ရတာ ခက်တာပေါ့။ အခုဟာ High Season Tourists တွေက အကုန်မထွက်သေးဘူး ဖြစ်နေတာပေါ့။ Airline တွေကလည်း အခြေအနေ စောင့်ကြည့်နေတဲ့သဘော ရှိတာပေါ့။”

ကားခ၊ လေယာဉ်လက်မှတ်ခတွေနဲ့အတူ တခြား စရိတ်စကတွေပါ လိုက်ပါ မြင့်တက်လာတာပါ။ အစားအသောက်ဈေးနှုန်း၊ ဟိုတယ်စရိတ် စတာတွေပါ လိုက်ပါ မြင့်တက်လာတဲ့အတွက် အခု လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့် ခရီးသွားလုပ်ငန်းတွေကို တိုက်ရိုက် ထိခိုက်စေတယ်လု့ိ သူက ပြောပါတယ်။

“အခုဟာ လေယာဉ်လက်မှတ်တင် မကဘူး၊ Road Transport မှာလည်း ကားခတွေက ၁၀% ကနေ ၂၀% လောက်ထိ တက်တဲ့သဘော ရှိပါတယ်။ ဆီဈေးတွေက တက်တော့။ အဲတော့ အဲဒါက ပိုဆိုးပါတယ်။ Food Cost တွေလည်း တက်လာနိုင်တာပေါ့၊ Transport တက်တဲ့အတွက်ကြောင့်။ အဲတော့ စားသောက်စရိတ်တွေလည်း တက်လာနိုင်တယ်။ ကျနော်တို့ Tourism မှာတော့ ဒီဟာတွေက Direct Impact တော့ ဖြစ်လာမယ်ပေါ့။”

လောင်စာဆီ ဈေးနှုန်းကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရသလို ပြည်တွင်း သွားလာရေးမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ဓာတ်ဆီ အရောင်းဆိုင်တွေကနေ ရောင်းချပေးနေတဲ့ ဈေးထက် ၂ ဆနီးပါးနဲ့ ပြင်ပလောင်စာဆီ ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့ တချိန်တည်းမှာပဲ တရားဝင် လောင်စာဆီ အရောင်းဆိုင်တွေကလည်း ကားတစီးကို ရောင်းချပေးတဲ့ ခွဲတမ်းကို လျှော့ချလိုက်ပါတယ်။

ကားတစီးအတွက် တရက်ကို ဓာတ်ဆီ၊ ဒီဇယ် ၂ ဂါလံနှုန်း ရောင်းချပေးပါတယ် ဆိုပေမဲ့ ဒီလို ဝယ်ယူရရှိနိုင်ဖို့ ၇ နာရီလောက် အချိန်ပေး စောင့်ဆိုင်း တန်းစီကြရတယ်လို့ မန္တလေး ဒေသခံတဦးက ပြောပါတယ်။

“ဆိုင်တဆိုင်ကို အနည်းဆုံး ကားအစီး ၂၀၀ ဝန်းကျင်လောက်ကို ရှိတယ်ဗျ။ ဆိုင်တွေကလည်း ၁၀၀ ကျော်လောက် ရှိနေပြီ။ ၅ နာရီလောက်က စီတာ နေ့လယ် ၁၂ နာရီ ၁ ချက်လောက်မှ ရတာ။ အခုကတော့ မတက်သေးဘူးပေါ့၊ ကုမ္ပဏီက ၂,၅၀၀ နဲ့ ရောင်းနေသေးတာပေါ့။ ဒါပေမဲ့ ဆီရဖို့က သိပ်ခက်သွားပြီ။ အခု လမ်းပေါ်မှာလည်း ဆီရောင်းခွင့် မပေးတော့ဘူး။ အရင်တုန်းကတော့ လမ်းပေါ်မှာ ရေသန့်ဘူးလေးနဲ့ ရောင်းတော့ ဆိုင်ကယ်သွားရင် ဟိုနားဒီနား ဆီပြတ်ရင် ထည့်လို့ လွယ်တာပေါ့ဗျာ။ အခုတော့ စည်ပင်သာယာရ ဖမ်းမယ် ဆီးမယ်လို့ ကြေညာလိုက်တော့ အဲဒီဆီဆိုင်ပါ ပျောက်သွားလို့ ကျနော်တို့ ဆိုင်ကယ်တွေက လမ်းမှာ ဆီပြတ်ရင်တောင် ဆီရှာရ ခက်သွားတာပေါ့။”

မန္တလေးမြို့မှာတော့ အရင်က ကားတစီးအတွက် ဆီ ၈ ဂါလံ ရောင်းချပေးနေတာကို အခု ၆ ဂါလံပဲ ရောင်းချပေးတော့တာ ဖြစ်ပါတယ်။ စစ်ကိုင်းမြို့မှာဆိုရင်တော့ အရင် ကားတစီး ၄ ဂါလံ ရောင်းချပေးနေရာက အခု ၂ ဂါလံပဲ ရောင်းချပေးတော့တာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရနဲ့ ပုဂ္ဂလိက လောင်စာဆီ အရောင်းဆိုင်တွေက ဓာတ်ဆီတဂါလံ ၂,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ပြင်ပ တရားမဝင် ဈေးကွက်မှာတော့ ဓာတ်ဆီတဂါလံ ၄,၀၀၀ ကျပ်နှုန်းနဲ့ ဒီဇယ်ဆီ တဂါလံကို ၄,၈၀၀ ကျပ်နှုန်း ရောင်းချနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားမဝင် ဈေးကွက်မှာလည်း လောင်စာဆီ လိုသလောက် မရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်အစိုးရက လောင်စာဆီဈေးကို ၂၀၀၅ ခုနှစ်က တဂါလံ ၁၆၀ ကျပ်ကနေ ၁,၅၀၀ ကျပ်ကို ရုတ်တရက် ဈေးနှုန်း တိုးမြှင့်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ တဂါလန် ၁,၅၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်ကို တရားဝင် မကြေညာဘဲ ဈေးနှုန်းမြှင့်လိုက်တဲ့အတွက် ပြည်တွင်း ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ကြရပြီးတော့ လောင်စာဆီဈေးနှုန်း ကျဆင်းရေး တောင်းဆို ဆန္ဒပြပွဲတွေနဲ့ နောက်ဆက်တွဲ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု တရပ်လည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG