မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုအခြေအနေဟာ သတိနဲ့ စောင့်ကြည့်ရမယ့်အဆင့်မှာ ရှိနေဆဲဖြစ်တာကို ကြာသပတေးနေ့က ထွက်တဲ့ အစီရင်ခံစာတခုမှာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့နှိုင်းယှဉ်ရင် တည်ငြိမ်မှုအခြေအနေ အနည်းငယ် တိုးတက် လာပေမဲ့ လုံလောက်တဲ့ တိုးတက်မှု မရှိသေးဘူးဆိုတာကို အညွှန်းကိန်းတွေမှာ တွေ့ရ ပါတယ်။ ဘယ်လိုကဏ္ဍတွေမှာ စိုးရိမ်ဖွယ် အကောင်းဆုံးဖြစ်နေပြီးတော့ နောင်မှာ တည်ငြိမ်မှုပိုကောင်းလာမယ့် အလားအလာရော ရှိပါသလား၊ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
နိုင်ငံများ၏ တည်ငြိမ်မှုအခြေအနေပြ အညွှန်းကိန်းလို့ဆိုရမယ့် Fragile States Index 2015 ဆိုတာကို အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Fund for Peace ဆိုတဲ့ သုတေသနအဖွဲ့တခုက ဇွန်လ ၁၈ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။ နိုင်ငံပေါင်း ၁၇၈ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး စတဲ့အခြေအနေတွေကို ကဏ္ဍ ၁၂ ခုနဲ့ ခွဲခြားပြီး ကဏ္ဍတခုချင်းစီမှာ တည်ငြိမ်မှုအကောင်းဆုံးကနေ အဆိုးဆုံးကို အခြေခံကိန်း ၁ ကနေ ၁၀ အထိ အဆင့်ဆင့် သတ်မှတ်ပါတယ်။ ပြီးတဲ့အခါ ကဏ္ဍ ၁၂ ခုလုံးမှာရတဲ့ အခြေခံကိန်းအားလုံးကို ပေါင်းယူပြီး နိုင်ငံတခုချင်းစီရဲ့ စုစုပေါင်းအခြေခံကိန်းရလာပါတယ်။
အဲဒီပေါ်မှာ မူတည် ပြီးတော့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံရဲ့ တည်ငြိမ်မှုအညွှန်းကိန်းကို အနိမ့်ဆုံးကနေ အမြင့်ဆုံး တန်းစီသတ်မှတ်ထားတာပါ။
ဒီသတ်မှတ်ချက် အရ တောင်ဆူဒန်နိုင်ငံ ဟာ တည်ငြိမ်မှုအနိမ့်ဆုံးနိုင်ငံအဖြစ် အညွှန်းကိန်း ၁ မှာရှိနေပြီး မြန်မာနိုင်ငံကတော့ အညွှန်းကိန်း ၂၇ မှာရှိနေပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း စုစုပေါင်းအဆင့်မှာ တိုးတက်မှုတချို့ရှိ ထားပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်တိုးတက်မှုမှာ သိပ်ကို အရေးကြီးတယ်လို့ သူတို့ယူဆတဲ့ အဓိကအညွှန်းကိန်းတချို့ကို Fund for Peace အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး J. J. Messner က ဗွီအိုအေကိုရှင်းပြပါတယ်။
“အစိုးရအဖွဲ့ထဲ၊ အာဏာပိုင်တွေကြားထဲ တစုစီ တဖွဲ့ဆီ အကွဲကွဲအပြားပြားဖြစ်မှုကို တိုင်းတာတဲ့ Factionalized Elites အညွှန်းကိန်းက လွန်ခဲ့တဲ့နှစ်အတွင်း တကယ်ပဲ တိုးတက်ခဲ့ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ နိုင်ငံတော်ရဲ့ တရားဝင်ဖြစ်မှု အညွှန်းကိန်းက လွန်ခဲ့တဲ့ ၁၂ လအတွင်း အနည်းငယ် တိုးတက်ခဲ့ပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ တိုးတက်မှုဟာ နှေးနေ တယ်ဆိုပေမဲ့ တိုးတက်နေတယ်ဆိုတာကို ပြပါတယ်။”
အတိုးတက်ဆုံးက စီးပွားရေးနဲ့ဆိုင်တဲ့ တည်ငြိမ်မှုအခြေအနေဖြစ်ပြီးတော့ နိုင်ငံရေး စစ်ရေး တည်ငြိမ်မှုအခြေအနေကိုပြတဲ့ အညွှန်းကိန်းတွေဟာ သိပ်အားပျော့နေတယ် လို့ မစ္စတာ Messner ကပြောပါတယ်။ အဲဒီထဲမှာမှ Group Grievance လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွင်းက အစုအဖွဲ့တွေ အချင်းချင်းကြား တင်းမာမှုနဲ့ အကြမ်းဖက်မှုအခြေအနေကိုပြတဲ့ အညွှန်းကိန်းက အတော် လေးကို မြင့်မားနေတာကြောင့် ဒါကို တိုးတက်အောင် လုပ်ဖို့လိုတယ်လို့ မစ္စတာ Messner က ထောက်ပြပါတယ်။
“အိုးအိမ်စွန့်ထွက်ပြေးရတာ ပိုများလာတာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ မှာ အစိုးရစစ်တပ်နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ ရိုဟင်ဂျာမူစလင် ဒုက္ခသည်တွေ အလုံးအရင်းလိုက် ထွက်ပြေးကြတာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို တကယ်ပဲ အာရုံစိုက်ဖို့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်တယ် ဆိုရင်တောင်မှ၊ နိုင်ငံရေးနဲ့ တခြားအခြေအနေတချို့ တိုးတက်တယ်ဆိုရင်တောင်မှ နိုင်ငံမှာ ရေရှည်ခိုင်မာတဲ့ တိုးတက်မှုရဖို့ရာ အဲဒီ အစုအဖွဲ့အချင်းချင်းကြား ပဋိပက္ခအခြေအနေက တကယ့်ကိုစိုးရိမ်စရာကောင်းတဲ့ အဟန့်အတားတခု ဆက်ဖြစ်နေဦးမှာပါပဲ။”
ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့ အခြေအနေတချို့မှာ တိုးတက်မှု တချို့ကို တွေ့နေရပေမဲ့ လေ့လာ သုံးသပ်တဲ့နေရာမှာတော့ ဆက်ပြီး သတိထားသွားရဦးမှာဖြစ်တယ်လို့ မစ္စတာ Messner ကပြောပါတယ်။
Fund for Peace အဖွဲ့က သုတေသနပြု လေ့လာပြီး သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၇၈ နိုင်ငံထဲမှာ သိပ်ကိုခိုင်မာတဲ့ တည်ငြိမ်မှု အရှိဆုံးနိုင်ငံကတော့ ဖင်လန်နိုင်ငံပဲဖြစ်ပါတယ်။