သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံပေါင်းစည်းရေးနဲ့ မြန်မာနိုင်ငံ မျှော်လင့်ချက်


၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်။ (ပြန်ကြားရေးဝန်ကြီးဌာန/သြဂုတ် ၂၅၊ ၂၀၁၅)
၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်။ (ပြန်ကြားရေးဝန်ကြီးဌာန/သြဂုတ် ၂၅၊ ၂၀၁၅)

၂၀၁၅ ခုနှစ်မှာ Asean ဒေသတွင်း လွတ်လပ်တဲ့ စီးပွားရေးအသိုက်အဝန်း ပေါ်ထွန်းလာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့လည်း အကျိုးအမြတ်တွေ ခံစားရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာသမ္မတက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကနေ လက်တွေ့ အကျိုးအမြတ်တွေ ခံစားရဖို့ အတွက်ကတော့ စိမ်ခေါ်မှုတွေလည်း ရှိနေဆဲပါ။ နေပြည်တော်မှာ ဒီကနေ့စတင် ဖွင့်လှစ်ခဲ့တဲ့ ၄၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ မဆုမွန်က စုစည်း တင်ပြပေးထားပါတယ်။

  1. အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ရေး အာရုံစိုက် ဆွေးနွေးကြမယ့် စီးပွားရေးဝန်ကြီးများနဲ့ ဆက်စပ် အစည်းအဝေးတွေ နေပြည်တော်မှ စတင်ကျင်းပနေတာပါ။ လေးရက်ကြာ အစည်းအဝေး အစနေ့အဖြစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန် အဖွင့်မိန့်ခွန်းပြောရာမှာတော့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံလည်း အကျိုးအမြတ်တွေ ခံစားရဖို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။
    သမ္မတဦးသိန်းစိန်၊ (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းချွေစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၄-ဓာတ်ပုံ/ ပြန်ကြားရေးဝန်ကြီးဌာန)
    သမ္မတဦးသိန်းစိန်၊ (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ မိန့်ခွန်းချွေစဉ်။ (သြဂုတ် ၂၅၊ ၂၀၁၄-ဓာတ်ပုံ/ ပြန်ကြားရေးဝန်ကြီးဌာန)
    “အခု ကျင်းပမယ့် (၄၆) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေး ကာလအတွင်း လုပ်ငန်းစဉ်များအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲနဲ့ တတိယအကြိမ်မြောက် အာဆီယံ -- စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးကို ကျင်းပမှာဖြစ်တဲ့အတွက် ပုဂ္ဂလိကဏ္ဍများနဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပါတယ်လို့ ယုံကြည်ပါတယ်။”

အာဆီယံစီးပွားရေးအသိုက်အဝိုင်း ပေါ်ပေါက်လာတဲ့အခါ အဆင်သင့်ဖြစ်စေဖို့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့၊ ပုဂ္ဂလိကကဏ္ဍကို အားပေးဖို့ အစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံမှာ စတင်ပြင်ဆင်နေပြီလို့လည်း သမ္မတဦးသိန်းစိန်က ပြောဆိုခဲ့တာပါ။ သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ဖွံ့ဖြိုးမှုကွာဟချက်တွေ နည်းပါးအောင် ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

“အာဆီယံနိုင်ငံတွေအတွင်းမှာ ဖွံ့ဖြိုးမှု ကွာခြားချက်ကိုလျှော့ချနိုင်မယ့်အစီအမံတွေကို ၂၀၁၅ မှာ ကျနော်တို့ဘက်က တင်သွင်းဖို့ရှိတဲ့အကြောင်း ကျနော်တို့ ပြောပါတယ်။ အခု ကျနော်တို့ ပြောနေတာက ၂၀၁၅ အလွန်ကာလအတွက် စီမံကိန်းတွေ တင်ပြဖို့ ရှိတယ်။ နောက် အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစီအမံတွေ ရှိတယ်။ နောက်တခုက အာဆီယံရဲ့လုပ်ထုံးလုပ်နည်းတွေကို ကျနော်တို့ ပြည်တွင်းကလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ပိုပြီးတော့သိဖို့၊ နောက်တခါ အဲဒီကနေ ရလာမယ့် အခွင့်အရေးတွေကို ယူတတ်ဖို့ - ဒီဟာမျိုးတွေကို ကျနော်တို့က ရည်ရွယ်လုပ်ဆောင်နေတယ်။ အာဆီယံ လွတ်လပ်သော စီးပွားရေးကုန်သွယ်မှုဇုံထဲမှာ ကျနော်တို့ ဝင်ပြိုင်နိုင်ဖို့အတွက် အသင့်ဖြစ်အောင်၊ အခွင့်အရေးတွေ ယူနိုင်အောင် ဒါတွေကိုလည်း ကျနော်တို့ လုပ်နေပါတယ်။

“တခုကတော့ဗျာ- ခရီးသွားလုပ်ငန်းကတော့ တိုက်ရိုက် အခွင့်အလမ်းတွေရမယ်၊ အဓိကအားဖြင့်ပြောရရင် နံပါတ် (၁) ကတော့ Exposure လို့ခေါ်တဲ့ အသိအမြင်တွေ ပိုကျယ်လာတယ်။ (၂) ကတော့ Networking လို့ခေါ်တဲ့ ကွန်ယက်ပေါ့နော်၊ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားဘက်တွေနဲ့ ကျနော်တို့ ကွန်ယက်တွေ တည်ဆောက်နိုင်တယ်။ ဒါတွေအားလုံးက ကျနော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရလာတဲ့အခွင့်အရေးတွေပေါ့။”

နေပြည်တော်မှာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေးမှာတော့ ဒေသတွင်း ကုန်စည်ကူးသန်းရေး၊ အကောက်ခွန်လျော့ချရေး၊ အကောက်ခွန်မဟုတ်တဲ့ ကုန်သွယ်မှု အဆီးအတားတွေ ဖယ်ရှားရေး၊ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းဥပဒေတွေ စံချိန်စံညွှန်းသတ်မှတ်ရေး စတဲ့ ကိစ္စတွေကိုလည်း စီးပွားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်နဲ့ချီပြီး အထီးကျန် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုတွေက အကျိုးအမြတ်တွေ လက်တွေ့ ခံစားဖို့ကတော့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

“ဈေးကွက်ပိုကျယ်ပြန့်လာမယ်၊ မိမိရဲ့နိုင်ငံကနေပြီးတော့ ထွက်ကုန်တွေပေ့ါနော်- အာဆီယံနိုင်ငံတွေအတွင်းမှာ အေအီးစီမူဘောင်အတွင်းကနေပြီးတော့ ဈေးကွက်ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောင်းချနိုင်မှာပေါ့နော်။ သို့သော်လည်းပဲ မိမိနိုင်ငံကနေ ရောင်းချသလိုပဲ တခြားနိုင်ငံကလည်း မိမိနိုင်ငံအတွင်းကို ရောင်းချတာတွေ၊ တင်သွင်းတာတွေလည်း ရှိမယ်။ ထိုနည်းလည်းကောင်းပဲ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်းပဲ ဝင်လာမှာပေါ့နော်။ အဓိက-ကတော့ ကျနော်တို့ကနေပြီး အခြားနိုင်ငံကို ရောင်းချနိုင်ဖို့ဆိုရင် ကျနော်တို့ရဲ့ Industries တွေကနေပြီးတော့ productivity တွေပေါ့နော် မိမိရဲ့ကုန်ထုတ်စွမ်းအားတွေ မြင့်တက်လာအောင် ်ကြိုးစားဖို့လိုမယ်။ နောက်တခါ မိမိတို့ရဲ့ပစ္စည်းတွေကို ဈေးကွက်ကလက်ခံနိုင်တဲ့အရည်အသွေးတွေ ထုတ်လုပ်နိုင်ဖို့အတွက်ကို ပြင်ဆင်ဖို့ လိုတာပေါ့နော်။ အဲလို ပြင်ဆင်နိုင်တယ်၊ အဲလို ထုတ်လုပ်နိုင်တယ်ဆိုရင်တော့ ကျနော်တို့ကလည်း တခြားနိုင်ငံကို ဈေးကွက်တွေ ဖြန့်ကျက်နိုင်မှာပေါ့။”

လွတ်လပ်စွာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို အဓိကထားမယ့် ဆွေးနွေးပွဲတွေကိုတော့ အာဆီယံ အသင်းဝင်တွေသာမက အာဆီယံရဲ့ စီးပွားဖက်တွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ သြစတြေးလျ၊ ရုရှား၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ အမေရိကန် စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG