သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူရိုငွေသန်း (၉၀)ကျော်သုံးစွဲမှု စုံစမ်းစစ်ဆေးပေးဖို့ ကျောက်မျက်အသင်းတောင်းဆို


၂၀၁၁ ခုနှစ် ဇူလိုင်လ ကျောက်မျက်ပြပွဲတခုမှ မြင်ကွင်း။
၂၀၁၁ ခုနှစ် ဇူလိုင်လ ကျောက်မျက်ပြပွဲတခုမှ မြင်ကွင်း။
တိုက်ရိုက် လင့်ခ်

အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ၂၀၀၆ခုနှစ်ကနေ ၂၀၁၆ခုနှစ်ထိ ကောက်ခံခဲ့တဲ့ ရံပုံငွေ ယူရိုငွေသန်း (၉၀)ကျော် သုံးစွဲမှုစာရင်းနဲ့ပတ်သက်လို့ အသင်းဥက္ကဌ ဦးရုံးမူအနေနဲ့ ဖြေရှင်းပေးဖို့ ကျောက်မျက်ရတနာလုပ်ငန်းရှင်တွေက NLD အစိုးရရရော၊ လွှတ်တော်ကိုပါ မေလ (၂၇)ရက်နေ့က တိုင်ကြားစာပို့ခဲ့တာပါ။

ဒီတိုင်ကြားစာမှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းရဲ့ရံပုံငွေထဲက သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့က ယူရိုငွေသန်းနဲ့ချီပြီး ထုတ်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒီရံပုံငွေတွေကို ဘယ်လိုသုံးစွဲခဲ့သလဲဆိုတာ ထင်သာမြင်သာရှိအောင် လူအများသိအောင် ထုတ်ပြန်ပေးဖို့ လုပ်ငန်းရှင်တွေဘက်က တင်ပြခဲ့တာဖြစ်တယ်လို့ အသင်းရဲ့ဒုဥက္ကဌ ဦးမြင့်ဟန်က ဗွီအိုအေကိုပြောပါတယ်။

လက်ရှိသတ္တုတွင်းဝန်ကြီးဌာနကနေ ဒီတိုင်ကြားမှုကိုစတင်စစ်ဆေးနေတာနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က မေးမြန်းရာမှာ ဦးမြင့်ဟန်က အခုလိုစပြောပါတယ်။

စစစ်တာကတော့ ဦးရုံးမူကို စစ်ပြီးပြီ။ ဦးကျော်ဌေး၊ ဦးဇော်ဗိုခန့်၊ နောက် ဦးဖုန်းမြင့်အောင်၊ ဦးထွန်းလှအောင် တို့ စစ်ဆေးပြီပါပြီ။ အဓိကတိုင်တယ်ဆိုတာကလည်း ရံပုံငွေသုံးစွဲတဲ့အခါမှာ လူတွေသိချင်တဲ့အချက်တွေပါ။ နံပါတ် (၁)ကတော့ အသင်းရံပုံငွေအဖြစ် ကျောက်မျက်ပြပွဲတွေကနေ ရောင်းရတဲ့ငွေ (၁%) ကောက်ခံတာကို ဘယ်လို သုံးစွဲလဲ ဆိုတာ ဖြေရှင်းပေးဖို့ပါ။

အင်ကြင်းနိုင်။ ။ အဲတော့ တိုင်ကြားစာထဲမှာ အဓိကထောက်ပြထားတာက ဦးသိန်းစိန်ကို ယူရိုငွေ (၇)သန်းထုတ်ပေးတဲ့ကိစ္စလဲပါတယ်ဆိုတာ ရှင်းပြပေးပါအုံးရှင့်။

ဦးမြင့်ဟန်။ ။ အဲဒီကိစ္စကို ကျနော်တို့လူကြီးတွေ တော်တော်များများမသိဘူးဗျ။ ဒီလိုပဲကြားတဲ့ကိစ္စကို စာထဲမှာ ထည့်ရေးလိုက်တာ။ ဒါအမှန်ကိုပြောပြတာပါ။ ကျနော်တို့မသိဘူးဗျ။

အင်ကြင်းနိုင်။ ။ မသိဘူးဆိုတာ လက်ရှိတာဝန်ယူထားတဲ့ အမှုဆောင်အဖွဲ့က မသိတာလား။ ဒီယူရိုငွေ (၇)သန်းက တကယ်ပဲထုတ်သွားတာလား၊ မထုတ်ဘူးလားရှင့်။

ဦးမြင့်ဟန်။ ။ ထုတ်သွား၊ မထုတ်သွားတာ ကျနော်တို့မသိဘူး။ ဦးစိုးသိန်းတို့ ယူရိုငွေ (၅)သန်းထုတ်သွားတာတို့ ကျနော်တို့မသိဘူး။ ကျနော်တို့က ဒီရံပုံငွေတွေသုံးစွဲတာကို သိချင်တယ်ပေါ့နော်။ သိချင်တယ်ဆိုပြီး တိုင်ကြားစာတင်လိုက်တာပါ။ တင်လိုက်တဲ့အခါကျတော့ ဒီကိစ္စတွေကို အကုန်ပြုစုတာက ဦးကျော်ကျော်ဦးက ဒါတွေကိုပြုစုတာဖြစ်ပါတယ်။ အစတုန်းကတော့ ကျနော်တို့လည်း အကုန်လုံးသဘောတူကြပါတယ်။ သဘောတူတယ်ဆိုတာ ဒါတွေတော့ရှိနေတယ်၊ ဘယ်အရာတွေ ပွင့်လင်းမြင်သာမှုမရှိလို့ ဆိုပြီး စုံစမ်းပြီးတင်လိုက်တာပါ။

အင်ကြင်းနိုင်။ ။ အသင်းအနေနဲ့ ဒီရံပုံငွေကို သုံးစွဲတာက တပိုင်း၊ အခုလို ကျောက်မျက်ရတနာအသင်းကြီးရဲ့ ရံပုံငွေမှာ စာရင်းအရ ယူရိုငွေ သန်း (၉၀)ကျော်ကွာဟနေတဲ့ ကိစ္စပေါ်ပေါက်လာရတဲ့ အကြောင်းကိုပြောပြပေးပါရှင့်။

ဦးမြင့်ဟန်။ ။ ကျနော်တို့က ကွာဟနေတာမဟုတ်ဘူး။ စာရင်းကမကွာဘူး။ ထင်တာက လူတွေက စာရင်းကွာတယ်ပေါ့။ စာရင်းကွာတာမဟုတ်ပါဘူး။ သုံးစွဲတဲ့အခါမှာ သဘောတခုကတော့ ဥက္ကဌက ဒါကတော့ မင်းတို့လုပ်လိုက်ဆိုပြီး အသာလေးလုပ်ခိုင်းလိုက်တယ်။ ဒါကိုကျနော်တို့မသိပဲ သူကလုပ်တာပေါ့နော်။ ဒီရံပုံငွေတွေထဲမှာ ဘာသာရေး၊ လူမှုရေး၊ နောက် သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်လို့ လှုဒါန်းတာ မြန်မာငွေကျပ်သန်းငါးသောင်းကျော်လောက်ရှိပါတယ်။ ဘာဖြစ်နေလဲဆိုတော့ တချို့တိုင်ကြတယ်ဆိုတာ သူတို့မသိတဲ့အခါကျတော့ ဒါတွေကိုဘယ်လိုများ..ရှင်းရှင်းပြောရရင်တော့ စာရင်းပျောက်တယ်၊ လာဘ်စားထားတယ်၊ ဒါတွေကို ခိုးလိုက်တယ်လို့ သူတို့ကထင်နေကြတာပါ။ တကယ်တော့ အဲလိုမဟုတ်ဘူး။ ခိုးလိုက်တာလဲမဟုတ်ဘူး။ ပျောက်သွားတာလဲမဟုတ်ဘူး။ အကုန်လုံးစာရင်းအတိအကျရှိတယ်။

အင်ကြင်းနိုင်။ ။ အခုတိုင်ကြားစာမှာ အဓိကက လုပ်ငန်းရှင်တွေဘက်က တိုင်ကြားထားတာက ယူရိုငွေသန်း (၉၀)ကျော် စာရင်းပျောက်နေတယ်ဆိုပြီး အဓိကတိုင်ကြားထားတာမျိုးဖြစ်တော့ အဲဒီတိုင်ကြားမှုမှာ ဦးမြင့်ဟန်ရောပါပါသလားရှင့်။

ဦးမြင့်ဟန်။ ။ ကျနော်တို့လည်း ပါပါတယ်။ လူတော်တော်များများပါပါတယ်။ ပါတယ်ဆိုတာက ကျနော်တို့ရဲ့တိုင်တဲ့ ရည်ရွယ်ချက်က စာရင်းပျောက်နေတယ်လို့ ကျနော်တို့က မဆိုလိုဘူး။ အခုသတင်းတွေထွက်နေတာနဲ့ နဲနဲကွာနေပါတယ်။ ကျနော်ရှင်းပြပါရစေ။ စာရင်းပျောက်နေတယ်လို့ ကျနော်တို့က တိုင်တာမဟုတ်ပါဘူး။ ဒီ ၁%နှုန်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အစကနေ အဆုံးသိချင်ပါတယ်။ ဘယ်လောက်ကောက်ခံရရှိလဲ။ ဘယ်လိုတွေရရှိလဲ။ ဘယ်သူရဲ့အမိန့်နဲ့ကောက်လဲ။ လူအတော်များများက သိချင်နေကြတာပေါ့။ ကျနော်တို့ အခုစပြီးစစ်နေပါပြီ။ စစ်နေပြီဆိုကတည်းက အဲဒီလိုမဟုတ်ဘူး။ ကျနော်တို့ လူကြီးပိုင်းတွေကိုစခေါ်ပြီး အသိပေးပြီးပေါ့။ စာရင်းအတိအကျနဲ့ပါ။ ဘယ်တုန်းက ဘယ်လိုလုပ်သလဲဆိုပြီး အတိအကျ ကျနော်တို့ကို အသိပေးနေပါပြီ။ ကျနော်တို့ကတော့ သိလိုက်ပြီပေါ့နော်။ အဲတော့ ဒီစာရင်းတွေကို ရှင်းပေးမှာပါ။ အရင်တုန်းက သတ္တုတွင်းဝန်ကြီးဌာန အခု သံယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ရှင်းပေးမှာပါ။

ဒါအပြင် အခုလို သံယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ အရေးတယူနဲ့ စတင်စစ်ဆေးမှုအပေါ်မှာ သူ့အနေနဲ့ လက်ခံကြောင်း ဦးမြင့်ဟန်က ပြောပါတယ်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အရင် ဥက္ကဌအဖြစ် ခရိုနီလုပ်ငန်းရှင်ဦးတေဇက နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီးနောက် လက်ရှိဥက္ကဌ ဦးရုံးမူက လွန်ခဲ့တဲ့ (၂)နှစ်ကစပြီး တာဝန်ယူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG