သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုံး ဂီရိ အပျက်အစီး ခန့်မှန်းချက်


ဂီရိ ဆိုင်ကလုံးဒဏ်သင့် မြေပုံမြို့နယ်မှ အပျက်အစီးအချို့။ အောက်တိုဘာ ၂၄၊ ၂၀၁၀။
ဂီရိ ဆိုင်ကလုံးဒဏ်သင့် မြေပုံမြို့နယ်မှ အပျက်အစီးအချို့။ အောက်တိုဘာ ၂၄၊ ၂၀၁၀။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတမ်းတလျှောက်မှာ အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ် သင့်ခဲ့ကြတဲ့ သောင်းနဲ့ချီ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့တွေက အပူတပြင်း ဆောင်ရွက်နေကြပါတယ်။ ကုလသမဂ္ဂရဲ့ သုံးသပ်ချက် တခုအရ ဂီရိမုန်တိုင်းကြောင့် ကျယ်ကျယ်ပြန့်ပြန် အပျက်အစီးတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို ဒုက္ခရောက်နေသူတွေကို အကူအညီ ပေးနိုင်ဖို့ ကုလသမဂ္ဂ အဖွဲ့တွေ ဆောင်ရွက်နေကြတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဇာ ရှလိုင်း (Liza Schlein) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား သင့်ခဲ့တဲ့ ဒေသ ၄ ခုမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေသလို သောက်သုံးရေနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် အထောက်အပံ့ ပစ္စည်းတွေ လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂနဲ့ အစိုးရရဲ့ ကနဦး လေ့လာတွေ့ရှိချက် တခုက ဆိုပါတယ်။

အစိုးရရဲ့ စာရင်းအရ သေဆုံးသူ ၄၅ ဦးရှိပြီး အနည်ဆုံး ၁၀ ယောက် ပျောက်ဆုံးနဲ့ တခြား လူ ၅၀ လောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆိုပါတယ်။ စုစုပေါင်း လူ ၂၀,၀၀၀ လောက် မုန်တိုင်းဒဏ် သင့်ခဲ့ကြတယ်လို့ နောက်ဆုံး အစီရင်ခံစာတွေကလည်း ဆိုပါတယ်။

လောလောဆယ် လူ ၆၀,၀၀၀ လောက် နေစရာအိမ်မရှိ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ပြောခွင့်ရ အမျိုးသမီး မာရီဇီ မာကာဒို (Marixie Mercado) က ပြောပါတယ်။ ဒီလူတွေဟာ သူတို့ရဲ့ အိမ်တွေနဲ့အတူ တခြား ပိုင်ဆိုင်မှုတွေ အားလုံးကို ဆုံးရှုံးခဲ့ကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကမ်းရိုးတန်း အနီးတဝိုက်က ကျွန်းစုတွေနဲ့ ကျေးရွာတွေ အတော်များများဟာ သူတို့ အရင်က ရရှိခဲ့တဲ့ သောက်သုံးရေ နေရာတွေအားလုံး ဆုံးရှုံးခဲ့ရသလို အခုချိန်က မိုးရာသီ ကုန်ဆုံးချိန် ဖြစ်နေတာကြောင့် သောက်သုံးရေ ပြတ်လပ်မှုနဲ့ အကြီးအကျယ် ကြုံရမယ့် အနေအထား ရှိနေပါတယ်။ ဆေးရုံ၊ ဆေးခန်း အနည်းဆုံး ၅၇ ခုဟာ လုံး၀ ပျက်စီးသွားတာ၊ ဒါမှမဟုတ်ရင်လည်း ပြန်ပြင်ဖို့ ချက်ချင်းလိုအပ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျန်းမာရေး လုပ်သားတွေအတွက် တခုတည်းသော သွားလာရေးသုံး လှေတွေ အများစုလည်း ပျက်စီးခဲ့ရတာပါ။”

စပါးရိပ်သိမ်းဖို့ ရက်သီတင်းပတ်လောက်ပဲ လိုတော့တဲ့အချိန် မုန်တိုင်းတိုက်ခတ်ခဲ့တာမှာ လယ်ဧကပေါင်း ၁၅,၀၀၀ ကျော်လောက် ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဌာနက ခန့်မှန်းပါတယ်။ ရှေ့လာမယ့် ၃ လအတွင်း လူ ၂၀၀,၀၀၀ လောက်အတွက် အစားအစာ အထောက်အပံ့တွေ လိုအပ်လိမ့်မယ်လို့ ကူညီထောက်ပံ့ရေး အဖွဲ့တွေက ပြောပါတယ်။

ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်နဲ့ တခြား နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ဖြန့်ဝေပေးတာတွေ စလုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အိုးအိမ်မဲ့ ဖြစ်နေသူတွေအတွက် နေပူမိုးရွာခံ တာပေါ်လင် ရွက်ဖျင်စတွေ အရေးတကြီး လိုအပ်နေတယ်လို့ မြန်မာစစ်အစိုးရက ပြောပါတယ်။ မုန်တိုင်းသင့် ဒေသတွေမှာ ရာသီဥတုက သိပ်ကို ပူပြင်းတဲ့အတွက် သာမန် ရွက်ဖျင်တဲတွေက အကာအကွယ် ကောင်းကောင်းပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သူတို့က ပြောပါတယ်။

မုန်တိုင်းဒဏ် အဆိုးရွားဆုံး သင့်ခဲ့တဲ့ ဒေသတွေကို UNICEF ရဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်သားတွေ စေလွှတ်ထားပြီး ဦးစားပေး ကူညီရမယ့် ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ရက် ၉၀ စီမံကိန်း ရေးဆွဲ ပြင်ဆင်နေတယ်လို့လည်း UNICEF ပြောခွင့်ရ အမျိုးသမီး မာကာဒိုက ပြောပါတယ်။

အစားအစာ အာဟာရ၊ သောက်သုံးရေနဲ့ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပညာရေးဆိုင်ရာ ကိစ္စတွေမှာ UNICEF အဖွဲ့က ဦးဆောင်ပြီး ကြီးကြပ် ဆောင်ရွက်နေတယ်လို့လည်း သူမက ပြောပါတယ်။

“မုန်တိုင်း အတိုက်မခံရခင်က အခြေအနေ ပြန်ရောက်ဖို့ အရေးပေါ် ကျန်းမာရေး ကိရိယာပစ္စည်း ၄၀ ဖြန့်ဝေဖို့ ရှိတဲ့အထဲက ၁၅ ခုကို လောလောဆယ်မှာ UNICEF က ဖြန့်ဝေပေးခဲ့ပြီးပါပြီ။ မိသားစု ထောက်ကူပစ္စည်းတွေ၊ အမိုးအကာအတွက် တာပေါ်လင် အစ၊ ဆေးဝါးနဲ့ သောက်သုံးရေ သန့်စင်တဲ့ ပစ္စည်းတွေကိုလည်း မြန်မာကြက်ခြေနီ အဖွဲ့နဲ့အတူ တခြား ပူးတွဲ ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဖြန့်ဝေပေးနေကြပါတယ်။

“အာဟာရ အထောက်အပံ့ ပစ္စည်းတွေ ဖြန့်ဝေဖို့လည်း အဆင်သင့် နေရာချထားပြီးပါပြီ။ ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ ဝါးနဲ့ တာပေါ်လင်စတွေ သုံးပြီး ယာယီကျောင်း ဆောက်ဖို့နဲ့ အရေးပေါ် ကျောင်းသုံးပစ္စည်း၊ ပရိဘောဂ ပစ္စည်းတွေနဲ့ အိမ်သာတွေ ဆောက်လုပ်ပေးဖို့ အတွက်လည်း UNICEF နဲ့ ဒေသခံအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။”

မုန်တိုင်းသင့် ဒေသတွေအတွက် လိုအပ်ချက်တွေ သိသိသာသာ ပိုများလာတာကြောင့် လာမယ့် ရက်ပိုင်းတွေအတွင်း ငွေကြေး အကူအညီတွေ တောင်းခံသွားရမယ့်သဘော ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG