သုံးရလွယ်ကူစေသည့် Link များ

နိုင်ကျဉ်းလွတ်မြောက်ရေး အစိုးရပူးပေါင်းမှုအားနည်းလာ


နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု (ဓာတ်ပုံ- အေအေပီပီ ဖဘ)

အစိုးရ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်း လှုပ်ရှားဆောင်ရွက်မှု လုံးဝကို မရှိသလောက်ဖြစ်လာနေတယ် လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူက ပြောလိုက်ပါ တယ်။ သမ္မတက ၂၀၁၃ အကုန်မှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူမရှိစေရ” လို့ ကတိပေးပြောဆိုပြီးနောက်မှာပဲ ၂၀၁၄ အကုန်မှာ နိုင်ငံရေးအကျဉ်းသား ရာကျော် ရှိလာနေတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက နိုင်ကျဉ်းလွတ်မြောက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြပါတယ်။ အခြေအနေ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ လမ်းညွန်ချက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေပါဝင်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီကို ဖွဲ့စည်းပြီးတော့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး စီစဉ်ဆောင်ရွက်နေကြတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၄ခုနှစ် အတွင်းမှာကို နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စိစစ်ဆောင်ရွက်မှုတွေ အားနည်းလာသလို နိုင်ငံရေးအကျဉ်းသား လှုပ်ရှားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်ဖြစ်လာတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေး ကော်မတီအဖွဲ့ဝင်လည်းဖြစ် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPPBရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“၂၀၁၄ထဲမှာ အစည်းအဝေး သုံးခါခေါ်တယ်။ နောက်ဆုံးခေါ်တာ ဇူလိုင်လထဲမှာ ခေါ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်းကတည်းကကို ကော်မတီ အစည်းအဝေး မခေါ်ဖြစ်ပါဘူး။ မခေါ်ဖြစ်တာ ဘယ်လောက်အထိ ဆိုးလဲဆိုတော့ သမ္မတရုံးကို ကျနော်စာပို့ရင်တောင်မှ အီးမေးလ်ပြန်တဲ့အဆင့်၊ ပြန်ပြီး Response လုပ်တဲ့အဆင့်ကို မရှိဘူး။ ဆိုတော့ ကော်မတီအနေနဲ့က အခုက နာမည်ပဲရှိပါတယ်။ အလုပ်ကတော့ ဘာမှမဖြစ်ပါဘူး။ သမ္မတက လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီဖွဲ့တော့ ကျနော်တို့ကိုဖိတ်တယ်။ ဖိတ်တဲ့အခါမှာ ကျနော်တို့ဘက်က အားတက်သရောနဲ့ သေသေချာချာကို ပူးပေါင်း ဆောင်ရွက်မှု လုပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း မဖြစ်လာဘူး။ ၂၀၁၄ ထဲမှာကို အစိုးရက နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုတောင် စိတ်မဝင်စားတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ ဒါဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။”

လက်ကျန်နိုင်ငံရေးအကျဉ်းသား နောက်ဆုံး စာရင်းပြုစုချက်အရ အကျဉ်းကျသူ ၁၆၀ နီးပါး ရှိပြီး လက်ရှိ တရားစွဲဆိုခံထားရလို့ အမှုရင်ဆိုင်နေရဆဲ တက်ကြွ လှုပ်ရှားသူတွေ နဲ့ တောင်သူလယ်သမားတွေက ရာနဲ့ချီရှိတယ်လို့ ကိုဘိုကြည်ကဆက်ပြောပါတယ်။

“ကျနော်တို့စာရင်းအရ ၁၅၉ယောက်ရှိပါတယ်။ မနေ့က လယ်သမားငါးယောက်လွတ် သွားတော့ ၁၅၉ယောက်ကျန်တယ်။ အမှုရင်ဆိုင်နေရတဲ့ Activist တွေက ၂၀၃ ယောက်ရှိပါတယ်။ လယ်သမားတွေကတော့ ရာပေါင်းများစွာရှိတယ်။ အတိအကျမသိရသေးဘူး။”

သမ္မတဦးသိန်းစိန်က ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံသူ မရှိစေရ ဆိုပြီးတော့ ကတိပေး ပြောဆိုခဲ့ပေမဲ့ ၂၀၁၄နှစ်ဆန်းကစလို့ ၂၀၁၄နှစ်ကုန်ပိုင်းအထိ အကျဉ်းသား ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ တိုးများလာတယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘမျိုးသိန်းကပြောပါတယ်။

“၂၀၁၃ မှာ ဦးသိန်းစိန်ကတော့ အကုန်လွှတ်ပေးမယ်လို့  ပြောတယ်။ ဒါပေမဲ့ ၂၀၁၃ ကုန်တဲ့အခါမှာနိုင်ငံရေးအကျဉ်းသား ၃၀-ခန့်ပေါ့နော်။ ၂၉ ယောက်၊ ၃၀ လောက် ကျန်တယ်။ ၂၀၁၄ မှာ ဆက်တိုက်ပေါ့။ ဆက်တိုက်ဆိုတာ ခွဲပြောရမယ် ဆိုရင် တောင်သူလယ်သမား အရေးကိစ္စတွေမှာ ဆောင်ရွက်တဲ့ သူတွေ များတယ်။ အဲ့- နောက်တခုက သတင်းမီဒီယာသမားတွေ များတယ်။ အားလုံး ၁၅၀ လောက် များတယ်ဆိုတာ အဲ့ဒီ့အရေအတွက်တွေ ပိုများသွား တာပေါ့။ နောက်ထပ် ထပ်ပြီးတော့ နိုင်ငံရေး လှုပ်ရှားမှု လုပ်တဲ့သူတွေပေါ့လေ။ ဥပမာ ကိုနေမျိုးဇင်လို လုပ်တဲ့သူတွေပေါ့လေ။ အဲ့တာတွေလည်း များတယ်ပေါ့။”

၂၀၁၅ ခုနှစ်ဟာ နိုင်ငံရေးအရ ထူးခြားမယ့်နှစ်အဖြစ် သမ္မတက ပြောဆိုထားသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအပေါ် ပုဒ်မမျိုးစုံတပ်ပြီး မတရား ဖိနှိပ်ဖမ်းဆီး အရေးယူမှုတွေ လျှော့ချပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ က တောင်းဆိုပါတယ်။

“အရေးကြီးဆုံး အချိန်တခုပေါ့။ အရေးကြီးဆုံးအချိန် တခု ဆိုတာ ပြည်တွင်းငြိမ်းချမ်းရေး အတွက်ကို ဦးတည်ပြီးတော့ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေနဲ့တောင် မျက်နှာချင်းဆိုင် စကားပြော ဆွေးနွေးနေကြပြီ။ ငြိမ်းချမ်းရေးရဖို့ အတွက်လေ။ နောက်တခုက အရေးကြီးတာက အခု ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်နေကြပြီ။ အဘက်ဘက်က ဒီလိုကာလမျိုးမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုပေါ့။ ထိန်းသိမ်းမှုတွေက မရှိသင့်တော့ဘူး။ အမြန်ဆုံးလွှတ်ပေးသင့်ပြီ။ ကျနော်တို့ဆီမှာ အထွေထွေ သင့်မြတ်မှုပေါ့။ နိုင်ငံရေး အင်အားစုတွေ၊ အစိုးရကြားမှာ အထွေထွေသင့်မြတ်မှု အရေးတကြီး အရေးပေါ် လိုနေပြီ။ လိုနေတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေက မရှိသင့်တော့ဘူးပေါ့နော် အဲ့တာလေး ပြောချင်တာပါ။”

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု (ဓာတ်ပုံ- အေအေပီပီ ဖဘ)
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု (ဓာတ်ပုံ- အေအေပီပီ ဖဘ)

မြန်မာနိုင်ငံအဝှမ်း အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမည်တွေကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူတို့ရဲ့လက်ဝါးပြင်ပေါ်မှာ ရေးပြီး ချက်ခြင်း လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု တရပ်ကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းပြီး ၃ ရက်ကြာ လုပ်ဆောင်လှုပ်ရှားနေချိန်လည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု (ဓာတ်ပုံ- အေအေပီပီ ဖဘ)
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု (ဓာတ်ပုံ- အေအေပီပီ ဖဘ)

ဆက်စပ်သတင်းများ ...

XS
SM
MD
LG