သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား စိစစ်မှု ကော်မီတီ ဖွဲ့မည်


မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမြင်ကွင်း (မတ် ၁၃၊ ၂၀၁၂)
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုမြင်ကွင်း (မတ် ၁၃၊ ၂၀၁၂)
မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲ က ပြန်လွှတ်ပေးသင့် သူတွေကို စိစစ်မယ့် ကော်မီတီတရပ်ကို ဖွဲ့စည်းသွားမယ့် အကြောင်း မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီး ခံထားရတဲ့ သူတွေထဲက နိုင်ငံရေး အကျဉ်းသားအဖြစ် အစိုးရက ဘယ်လိုလူတွေကို သတ်မှတ်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသလို၊ ဖွဲ့စည်းဖို့ စီစဉ်နေတဲ့ ကော်မီတီမှာ သက်ဆိုင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့ လိုမယ်လို့လည်း နိုင်ငံရေး အကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည် တည်ဆောက်ရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်တွေ မှာ ပါဝင်ခွင့် ရစေဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးနိုင်အောင် ကော်မီတီတရပ် ဖွဲ့စည်းမှာ ဖြစ်တဲ့အကြောင်း မြန်မာအစိုးရက ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ရမယ့် ကော်မီတီ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအဖြစ် အဓိပါယ် ဖွင့်ဆိုဖို့နဲ့ လွှတ်ပေးသင့်သူတွေအဖြစ် သတ်မှတ်ချက်တွေ ရေးဆွဲတဲ့ တာဝန်တွေကို ဆောင်ရွက်ဖို့လည်း သမ္မတက ညွှန်ကြားခဲ့တာပါ။

အစိုးရရဲ့ ကြေညာချက်ကြောင့် နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ကျန်နေသေးတဲ့ ဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူတွေ လွတ်မြောက်လာမယ့် မျှော်လင့်ချက်အဖြစ် အများက ကြိုဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အရင်အစိုးရတွေ လက်ထက်ကလို ကွဲလွဲမှုမျိုးတွေ မရှိဖို့တော့ လိုလိမ့်မယ်လို့လည်း နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့က ကိုဘမျိုးသိန်း ကပြောပါတယ်။

“ပထမအဆင့်အနေနဲ့ ကျနော်တို့ နိုင်ငံရေးအင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ ရဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အစိုးရက ဖွင့်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်က တတ်နိုင်သမျ တူရမယ်။ အမြင်တူဖို့လိုတယ်။ အဲ့လို အမြင်တကယ် တူလာပြီဆိုမှ ကျနော်တို့ အလုပ်တွဲလုပ်လို့ရမယ်။ ဒီမှာအရေးကြီးဆုံးက အဲ့ဒီ့တချက်ပေါ့၊ ကျနော်တို့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ ဥပမာ ကိုဖြိုးဝေအောင်လို ကိစ္စမျိုးတွေကလည်း ကျနော်တို့ အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်မှာ ပါတယ်ပေါ့။ ပါတယ်ဆိုတာက သူက နိုင်ငံရေး လုပ်သူတော့ မဟုတ်ဘူး။ နိုင်ငံရေးဆောင်ရွက်သူတော့မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ နဲ့ပေါ့လေ။ နိုင်ငံရေးကိစ္စမှာ အသုံးချပြီးတော့ ဖမ်းဆီးတယ်၊ ပုဒ်မအမျိုးမျိုး တပ်တယ်ပေါ့၊ အဲ့လိုပုံစံမျိုးပါတဲ့အတွက် ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်။”

အရင်တုန်းကတော့ ပြည်တွင်းပြည်ပက နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားသူတွေဟာ ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူထားသူတွေသာ ဖြစ်တယ်ဆိုပြီး မြန်မာအစိုးရက တုန့်ပြန်လေ့ရှိခဲ့တာ ဖြစ်သလို၊ အကြမ်းဖက်မှုလို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှုတွေလို စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးလေ့ မရှိတတ်ပါဘူး။ ဒါကြောင့်လည်း အကျဉ်းသားတွေ အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စိုးရိမ်မှုတွေဟာ သဘာဝကျတယ်လို့ နိုင်ငံတကာ ခုံသမာဓိကော်မရှင် (International Commission of Jurists) က အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း ဥပဒေပညာရှင် တဦးဖြစ်တဲ့ ဘင်ဂျမင် ဇွာစကီး (Benjamin Zawacki) ကပြောပါတယ်။

“ဒီလိုစိုးရိမ်မကင်း ဖြစ်နေရတာတွေကို ကျနော်တို့ အနေနဲ့ နားလည်ပါတယ်။ နိုင်ငံရေး အကျဉ်းသားလို့ ကျနော်တို့က သဘောထားတဲ့ သူတွေကို အစိုးရကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သူတို့တွေ အနေနဲ့ကတော့ ထောင်တွေထဲ ဆက်နေကြရဦးမှာပါ။ ဒါကြောင့်လည်း အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျကျနနရှင်းပြဖို့ လိုသလို၊ အရေအတွက်ကိုလည်း ပြောဖို့ လိုပါတယ်။ ဒါတွေက အခု လုပ်ငန်းစဉ်ထဲမှာ တစိတ်တပိုင်းအဖြစ်နဲ့ ပါရမှာပါ။ ဒါတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ အတွက်ကိုလည်း နိုင်ငံတကာနဲ့ ပြည်တွင်းက ကျွမ်းကျင်သူတွေရဲ့ ပံ့ပိုးမှုတွေ လိုပါတယ်။”

မြန်မာအစိုးရရဲ့ ကြေညာချက်မှာတော့ ပြန်လွှတ်ပေးမယ့် အကျဉ်းသားတွေကို စိစစ်သွားမယ့် ကော်မီတီကို သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း က ဥက္ကဋ္ဌအဖြစ်နဲ့ ဦးဆောင်ပြီး အစိုးရဌာနတွေက တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေပါ ပါဝင်ဖွဲ့စည်းဖို့ တာဝန်ပေးထားတာပါ။ လတ်တလောမှာတော့ ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ကော်မီတီမှာ ပါဝင်ဖို့ ဖိတ်ကြားထားပါတယ်။ နှစ်ရှည်ထောင်ဒဏ် ၁၉ နှစ်ကျော် ကျခံပြီး ၂၀၁၀ ပြည့်နှစ်ထဲကမှ လွတ်မြောက်လာခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားတွေ အခွင့်အရေး လှုပ်ရှားနေသူ ကိုဘမျိုးသိန်း ကတော့ ကော်မီတီမှာ သက်ဆိုင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရင် အကောင်းဆုံး ဖြစ်မယ်လို့ မြင်ပါတယ်။

“အဓိကကတော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ ကူညီနေတဲ့ အဖွဲ့တွေ၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေ၊ နိုင်ငံရေးအကျဉ်းသားစာရင်းတွေပြုစုနေတဲ့အဖွဲ့တွေ၊ ပါဝင်သင့်တာပေါ့လေ။ စိတ်ဝင်စားတဲ့ အဖွဲ့စည်းတွေ၊ နောက် ပါတီတွေပေါ့ ပါသင့်ပါတယ်။”

နိုင်ငံတကာ ခုံသမာဓိကော်မရှင် ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ ဘင်ဂျမင် ဇွာစကီး ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး စိစစ်မယ့် ကော်မီတီ အနေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်မှု ရှိနေသလား ဆိုတာတွေကို အာရုံစိုက် စစ်ဆေးဖို့ လိုမယ်လို့ သုံးသပ်ပါတယ်။

“ဒီလုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက် အနေနဲ့ကတော့ တဦးချင်း တယောက်ချင်းရဲ့ အမှုတွေကိုကြည့်ရမှာပါ။ ဒါကြောင့်လည်း ဘယ်သူတွေကိုတော့ လွှတ်ရမယ်၊ ဘယ်သူတွေကို ဆက်ဖမ်းထားရမယ် ဆိုတာမျိုး ယေဘုယျ သဘောထားမျိုး ထားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ကျနော်တို့ နားလည်ထားတာကတော့ ဒီလုပ်ငန်းစဉ်ရဲ့ ရည်မှန်းချက်မှာ အမှုတခုချင်းကို ပြန်လေ့လာပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံခဲ့ရတာလား ဆိုတာကို စဉ်းစားရမှာပါ။”

ကြာသပတေးနေ့က အစိုးရရဲ့ ကြေညာချက်မှာတော့ ကော်မီတီက စစ်ဆေး တွေ့ရှိချက်တွေကို သမ္မတထံ တင်ပြဖို့လည်း တာဝန်ပေးထားတာ ဖြစ်ပေမဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆောင်ရွက်ရမယ့် အချိန်ကာလ သတ်မှတ်ချက်တော့ တိတိကျကျ ဖော်ပြထားတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာတော့ အကျဉ်းသား ထောင်ဂဏန်းချီပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ရာမှာတော့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အများစု ပြန်လည်လွတ်မြောက်လာခဲ့ကြတာပါ။

ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသားအရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေနဲ့ အလုပ်ကြမ်း စခန်းတွေမှာ နိုင်ငံရေးကိစ္စနဲ့ ဆက်နွယ်ပြီး ဆက်လက် ဖမ်းဆီးထိန်းသိမ်း ခံထားရသူပေါင်းဟာ အနည်းဆုံး ၂၀၀ ကျော်အထိ ရှိဦးမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားတဲ့ မြန်မာအစိုးရအနေနဲ့ ဒီလူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ လိုမယ်လို့လည်း တိုက်တွန်းထားကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG