သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်ရောက်ဒုက္ခသည်များ အပြောနဲ့ မြန်မာအစိုးရ ဖြေရှင်းချက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံက Kutapalong ဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်များကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက Kutapalong ဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်များကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေက နယ်ခြားစောင့်ရဲကင်းစခန်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းက တိုက်ခိုက်ပြီးတဲ့နောက်၊ မြန်မာအစိုးရက အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့ပြီး မီဒီယာတွေ နဲ့ အကူအညီပေးရေး အဖွဲ့တွေကိုလည်း အဲဒီဒေသကို အစောပိုင်းက သွားခွင့်မပေးခဲ့ပဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေကမှ သွားခွင့်ပေးခဲ့တာပါ။ မြန်မာအစိုးရတပ်တွေက နှိမ်နှင်းခဲ့စဉ်အတွင်း လူထောင်ပေါင်းများစွာလည်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို ထွက်ပြေးပြီး၊ အဲဒီက ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြပါတယ်။ အဲဒီ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ဗွီအိုအေသတင်းထောက် Steve Sandford က Cox’s Bazar ဒေသက သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း မြန်မာနိုင်ငံဘက်က ညှင်းပမ်းနှိပ်စက်မှုတွေကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Kutapalong ဒုက္ခသည်စခန်းမှာ ဆိုးရွားတဲ့အခြေအနေအောက်မှာ နေနေကြရပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံး ထွက်ပြေးလာကြတဲ့သူ ၂ သောင်းခွဲကျော်က အဲဒီထက်ပိုဆိုးတဲ့ ကြမ္မာဆိုးနဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ မြန်မာစစ်တပ်က အရပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး ရွာတွေကို မီးရှို့ခဲ့တယ်လို့ အခုနောက်ဆုံးရောက်လာတဲ့သူတွေအတော်များများကပြောကြပြီး၊ ဂြိုဟ်တုကရတဲ့ ဓါတ်ပုံတွေမှာလည်း ရွာတွေ မီးလောင်ထားတာကို ပြနေပါတယ်။

အခုနောက်ဆုံးရောက်လာတဲ့ Gul Jahar ကတော့ ဒီတိုက်ခိုက်မှုအတွင်း သူ့သား ၃ ယောက် ပျောက်ဆုံးနေပြီး၊ သူ့မှာ ပြန်စရာအိမ်လည်းမရှိတော့ဘူးလို့ ပြောပါတယ်။

"မြန်မာစစ်သားတွေရွာကိုရောက်လာပြီး ရွာမှာရှိတဲ့ အိမ်တိုင်းကို မီးရှို့ခဲ့ပါတယ်။ စစ်တပ်က အဲဒီလိုအိမ်တွေအားလုံးကို မီးရှို့ဖျက်ဆီးပြီးတာနဲ့ ရွာမှာရှိတဲ့လူတွေအကုန်လုံးကို လိုက်ဖမ်းပါတယ်။ အတော်များများ ပစ်သတ်ခံခဲ့ရပြီး စစ်တပ်က အဲဒီလူတွေကို ရေထဲကို ပစ်ချပါတယ်။"

ရွာတွေကို မီးရှို့ဖျက်ဆီးပြီး လူတွေကို သတ်တာအပြင် ညှင်းပန်းနှိပ်စက်တာတွေ နဲ့ အဓမ္မပြုကျင့်တာတွေလည်း အများအပြားရှိခဲ့တယ်လို့ အဘူသာဟက်က ပြောပါတယ်။

“စစ်သားတွေက ကျနော့်အိမ်နီးနားချင်းအိမ်တအိမ်ကို ညသန်းခေါင်ကြီး ရောက်လာပြီး အမျိုးသမီးတဦးကို မုဒိမ်းကျင့်ပါတယ်။ ကျနော် မျက်စိနဲ့ မြင်တာပါ။ သူတို့ဘာလုပ်လဲဆိုတာကို ကျနော်က ပုန်းနေပြီးတော့ တိတ်တိတ်လေးကြည့်နေတာပါ။ အဲဒါတွေ့ပြီးတဲ့နောက် ကျနော် အားလုံးကို ထားခဲ့ပြီး ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျနော်ပိုင်တဲ့ တန်ဖိုးရှိတဲ့ဟာ ဘာတခုမှယူဖို့ အချိန်မရခဲ့ပါဘူး။”

လူ့အခွင့်အရေးအဖွဲ့တွေက ရထားတဲ့အထောက်အထားတွေ တိုးလာနေတဲ့တချိန်တည်းမှာပဲ ဒီလိုတဘက်သတ် စွပ်စွဲပြောနေတာတွေဟာ ဘာမှအထောက်အကူဖြစ်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှွှွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ သက်သေအထောက်အထား ခိုင်ခိုင်မာမာပြနိုင်တယ်ဆိုရင် မြန်မာအစိုးရအနေနဲ့လည်း ဒါတွေကို ကူညီဖြေရှင်းသွားဖို့ အဆင်သင့်ပဲလို့ သူကပြောပါတယ်။

“အဲဒီလိုသတင်းအချက်အလက်တွေ ဘယ်သူဆီမှာပဲရှိရှိ ရှိတဲ့သူက သက်သေအထောက်အထားအခိုင်အမာ နဲ့ ကျနော်တို့ကိုပြပါ။ အဲဒီကျရင် အစိုးရဘက်ကလည်း ဒီပြဿနာကိုကြည့်ပြီး ဖြေရှင်းသွားဖို့အဆင်သင့်ပါဘဲ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်တွေက နှိမ်နင်းတာတွေလုပ်ခဲ့ချိန်ကစပြီး နိုင်ငံခြားသတင်းထောက်တွေကို အဲဒီဒေသကို သွားခွင့်ပိတ်ထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်က သတင်းထောက်အတော်များများကို အခုတပတ်အတွင်းမှာ သွားရောက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီလူတွေအနေနဲ့ ဘယ်လောက်အထိ သတင်းယူခွင့်ရ မရဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG