သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးအရေးပေါ်ကယ်ဆယ်ရေး အစိုးရပြင်ဆင်ဆောင်ရွက်


(MOI)
(MOI)

မိုးရာသီမုတ်သုံမိုးဦးအစမှာပဲ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လူသေဆုံးတဲ့အထိ မိုးများရေကြီးတဲ့ ဒဏ်ခံနေရတဲ့အတွက် ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ် ကျန်းမာရေးအစီအစဉ်တွေနဲ့ ကုသစောင့်ရှောက်နေရပြီး ရေမြုပ်နေတဲ့ ဆေးရုံဆေးခန်းတွေက လူနာတွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူကပြောပါတယ်။ ထောင်ချီတဲ့ရေဘေးဒုက္ခသည်တွေအတွက် ယာယီ ဖွင့်လှစ်ထားတဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေမှာ ဖြစ်ပွားလာနိုင်ခြေရှိတဲ့ ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးလို ကူးစက်ရောဂါပိုးတွေ မပြန့်နှံ့အောင်လည်း ကျန်းမာရေးပညာပေးမှုနဲ့ ကာကွယ်ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ကျန်းဦးစီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်။ ။ နှစ်စဉ်လည်း ကျနော်တို့နိုင်ငံက အထူးသဖြင့် ဒီမိုးဦးကာလပေါ့နော် အဲ့ဒီ့အချိန်မှာ ရေကြီးရေလျှံဖြစ်တတ်ပါတယ်။ သေဆုံးမှုရှိတယ်ဆိုပေမဲ့ မကွေးတိုင်းတခုပဲ လေးယောက်လောက်သေတယ် ဒါကလည်း ရေထဲမျောပါသွားတာပေါ့။ ကျနေ်ာတို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ကတော့ အစကတည်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ကြိုတင်ပြင်ဆင်မှုတွေရှိထားပါတယ်။ ကြိုတင်သတိပေးချက်ထုတ်တာတွေရှိတယ်။ နိုးဆော်ပေးနေတာတွေရှိတယ် လိုအပ်တဲ့ဟာတွေကို ဆေးရုံဆေးခန်းတွေမှာ ကြိုတင်ပြင်ဆင်ထားဖို့လုပ်ထားတာတွေရှိတယ် နောက်ပြီးတော့ ဖြစ်လာလို့ရှိရင် ကြိုတင်ပြီးတော့ ဆေးဝါးတွေ စုဆောင်းထားတာမျိုးတွေရှိတယ်။ နောက်ပြီး ကြိုတင်ပြီးတော့ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ပစ္စည်းပစ္စယတွေ ကြိုတင်ပြင်ဆင်စုဆောင်းထားတာတွေရှိတယ်။

ဆိုလိုတဲ့သဘောကတော့ ကျနော်တို့ဘက်က မဖြစ်ခင်ကြိုတင်လုပ်ဆောင်ရတဲ့အဆင့်၊ ဖြစ်လာစဉ် ဆောင်ရွက်တဲ့အဆင့်နဲ့ ဖြစ်ပြီးသွားရင် ဆောင်ရွက်ရတဲ့အဆင့် အခြေအနေသုံးရပ် ကဏ္ဍကြီးသုံးရပ်နဲ့ လုပ်ထားပါတယ်။ ကျနော်တို့မှာက နှစ်စဉ်လည်း ကြုံတွေ့နေကြဖြစ်တော့ အားလုံးနဲ့အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လိုအပ်တဲ့လုပ်ငန်းတိုင်းကို ကြိုတင်ဆောင်ရွက်ထားပါတယ်ခင်ဗျ။

မဆုမွန်။ ။ ကျန်းမာရေးဦးစီးဌာန လက်အောက်မှာ ရှိတဲ့ ဆေးရုံဆေးပေးခန်းတွေ ရေလွှမ်းမိုးမှုဖြစ်တယ်ဆိုလို့ရှိရင် အရေးပေါ်လူနာတွေအတွက်ရော စီစဉ်ဆောင်ရွက်ပေးနေတာတွေ ရှိပါလဲဆရာ။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်။ ။ အဲ့တာကတော့ Evacuation Plans ပေါ့နော် Evacuation Plans ဆိုတာ ဆေးရုံတွေမှာ ရေကြီးနိုင်တယ် ရေတွေဝင်လာပြီဆိုရင် အရေးပေါ်ရွှေ့ကြဖို့ပေါ့ တောင်ကုန်းမြင့်ပေါ်မှာ ရှိတဲ့ကျောင်း ဘုန်းကြီးကျောင်းလို နောက် ရေဘေးရှောင်စခန်းတွေလိုမျိုးပေါ့နော် ကျနေ်ာတို့ အစကတည်းက နေရာတွေ လျာထားတယ်။ ရေကြီးနေကျနေရာတွေဆိုရင် အဲ့ဒီ့နေရာတွေက ဆေးရုံမှာ ရှိတဲ့လူနာတွေအတွက်ကို ကြိုတင်ပြီးတော့ ရွှေ့ပြောင်းထားတာ ရှိပါတယ်။

ဥပမာ ရခိုင်ပြည်နယ် မင်းပြားတို့ဆို နှစ်စဉ် ရေဝင်တယ်ပေါ့နော်။ အခုဆိုလည်း ကျနေ်ာတို့က လူနာတွေကို ကုန်းမြင့်မှာ ရှိတဲ့ကျောင်းတွေမှာ ရွှေ့ထားပြီးပါပြီ။ ဒါကEvacuation Plansလို့ခေါ်ပါတယ်။ နောက်ပြီးတော့ ဆေးရုံမှာ ရှိတဲ့ စက်ပစ္စည်းတွေ ဓာတ်မှန်စက်တို့ အောက်ဆီဂျင်စက်တို့ ဆိုလည်း မြင့်တဲ့နေရာတွေမှာ ထားဖို့ ရေဝင်ပြီးတော့ မပျက်စီးဖို့ ကြိုတင်ပြီးတော့ ရွှေ့ပြောင်းတဲ့စနစ်တွေ ထားတယ်။ ဒါတွေလည်း ကျနော်တို့ ဆောင်ရွက်ထားပါတယ် ဆိုလိုတဲ့သဘောကတော့ ကျနော်တို့က အချိန်နဲ့တပြေးညီ ဖြစ်လာရင် တိုင်းနဲ့ပြည်နယ်တွေကို Emergency Operation Center ဖွင့်တယ် လိုအပ်တဲ့လမ်းညွှန်ချက်တွေ ချထားတယ်။ လိုအပ်တဲ့ပစ္စည်းပစ္စယ ငွေကြေးထောက်ပံ့မှုတွေပါ ပေးနိုင်အောင် လုပ်ထားပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ။ အဲ့ဒီ့တော့ မိုးများရေကြီးရေလျံဖြစ်နေတဲ့နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကူးစက်ရောဂါတွေ သွေးလွန်တုပ်ကွေးလို ဝမ်းရောဂါလိုမျိုး ဖြစ်လာနိုင်ခြေရှိတဲ့ အလားအလာတွေလည်း ရှိတော့ အဲ့ဒီ့ကူးစက်ရောဂါတွေအတွက်ကိုရော ဆရာတို့ လတ်တလော စီစဉ်ဆောင်ရွက်ထားတဲ့အခြေအနေ ရှင်းပြပေးပါရှင်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်။ ။ မိုးတွင်းမှာ ပထမဆုံးရေကြီးပြီဆိုရင် နံပတ်တစ် အရေးကြီးတာက ဝမ်းပျက်ဝမ်းလျှောရောဂါပါ။ သူက ဒီလိုရှိပါတယ်။ " သန့်လေးသန့်" ပေါ့။ ရေသန့်ရမယ်။ လက်သန့်ရမယ်။ အိမ်သာသန့်တာနဲ့ အစာသန့်တာပါ။ အဲ့ဒီ့မှာ တခုခုက မသန့်ဘူးဆိုရင် နောက်ပြီး ရေကလည်း ရေကြီးလာပြီဆိုရင် သောက်သုံးရေကလည်း မသန့်ရှင်းတော့ဘူး။ နောက်တခါ အိမ်သာကလည်း ကောင်းကောင်းမွန်မွန် သွားလို့မရတော့ဘူး။ ကျန်တဲ့အစားအသောက်ကလည်း သန့်သန့်ရှင်းရှင်း မရှိနိုင်တော့ဘူး။ ပထမဆုံးဖြစ်လာနိုင်တာကတော့ ဝမ်းပျက်ဝမ်းလျှောနဲ့ အစာအဆိပ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။ ရေတွေတင်လာတော့ ခြင်တွေ ပေါက်လာရင် သွေးလွန်တုပ်ကွေးတွေ ဖြစ်လာနိုင်တာတွေရှိတယ်။ နောက်တခုက အခြားသော ကူးစက်ရောဂါတွေ ဖြစ်လာနိုင်တာတွေရှိပါတယ်။ ဆိုလိုတာကတော့ ရေကနေတဆင့် ကူးစက်လာနိုင်တဲ့ရောဂါတွေရှိတတ်ပါတယ်။ အသည်းရောင်အသားဝါတို့ဘာတို့ဖြစ်တတ်ပါတယ်။ အဲ့တော့ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကို မိုးရာသီနဲ့ပတ်သက်တဲ့ လိုက်နာရမယ့် ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ နိုးဆော်ချက်တွေကိုလည်း ဌာနဆိုင်ရာအနေနဲ့လည်း ထုတ်ပြန်သလို သတင်းစာ၊ ဂျာနယ်နဲ့ မီဒီယာတွေကတဆင့်လည်း ထုတ်ပြန်ပါတယ်။ လူထုလိုက်နာနိုင်အောင်ရော ကျန်းမာရေးဝန်ထမ်းတွေ လိုက်နာနိုင်အောင်ရော ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး ဆောင်ရွက်ထားပါတယ်။

မဆုမွန်။ ။ ပြည်သူကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတယောက်အနေနဲ့ ဘယ်လိုကျန်းမာရေးသတင်းစကားပါးချင်တာရှိပါလဲရှင်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်။ ။ မိုးတွင်းမှာ လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေ ထုတ်ထားတာရှိပါတယ်။ ဒါတွေကို ဖတ်ပေးပါ။ တခုခုဖြစ်လာရင် ပြည်သူတွေအနေနဲ့ အနီးဆုံးကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေနဲ့တွေ့ဆုံပါ။ ပတ်ဝန်းကျင်က အရပ်ကပြောတဲ့ အရပ်စကားတွေကို မလိုက်နာပဲနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိပညာပေးတာကို သေချာလိုက်တာပါ ဆောင်ရန်ရှောင်ရန် ပြောဆိုသတိပေးချက်တွေကို လိုက်တာပါ အရေးပေါ်လိုအပ်လာရင် ကျန်းမာရေးဝန်ကြီးဌာနက အနီးဆုံး ဆေးရုံဆေးခန်းတွေကို ဆက်သွယ်ပြီးမှအကူအညီတောင်းပါလို့ပြောချင်ပါတယ်။ ဗွီအိုအေကို ပြောခွင့်ရတဲ့အတွက် ကျေးဇူးပါ သောတရှင်တွေကိုလ့ည်း ကျေးဇူးပါခင်ဗျာ။

ဒါကတော့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကို မဆုမွန် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG