သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသအကူအညီပေးရေးများ တရားဝင်ညှိုနှိုင်းဖို့ မြန်မာအစိုးရ တိုက်တွန်း


မလေးရှားနိုင်ငံ အစ္စလာမ်အဖွဲ့အစည်းတခုဖြစ်တဲ့ Malaysian Consultative Council of Islam Organizations က မြန်မာနိုင်ငံ ရခိုင်ဒေသက သူတို့အခေါ် ရိုဟင်ဂျာမွတ်ဆလင်တွေကို အကူအညီပေးရေး သင်္ဘောပို့လွှတ်မယ်ဆိုတဲ့အပေါ်၊ မြန်မာဖက်က ဒါကို တရားဝင် သံတမန်ရေးနည်းလမ်းနဲ့ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီ အစ္စလာမ်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို အကူအညီပေးသင်္ဘောတွေ စေလွှတ်မယ်ဆိုတာကို မလေးရှားပြည်တွင်းသတင်းတွေမှာ ဖော်ပြခဲ့တာပါ။ သူတို့အနေနဲ့ အတင်းအကျပ်ပိတ်ဆို့ခံရတာမျိုး၊ သင်္ဘောပြန်လှည့်ခိုင်းတာမျိုးတွေပါ ကြုံရနိုင်တယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက မလေးရှား သတင်းမီဒီယာတွေကို ဖြေထားပါတယ်။ ဒီအပေါ် ဘယ်လို တုန့်ပြန်မလဲဆိုတာကိုတော့ မြန်မာသမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွှန့်ဦး ။ ။ မလေးရှားနိုင်ငံက flotilla ဆိုတဲ့အဖွဲ့က ရခိုင်ဒေသကို အစားအသောက်ထောက်ပံ့တွေ ပို့တဲ့ သဘောၤတွေ လွှတ်မယ်လို့ပြောတယ်။ အဲဒါမြန်မာနိုင်ငံကိုရော အကြောင်းကြားတာရှိလား၊ ဆက်သွယ်တာမျိုးရော ရှိပါသလား။

ဦးဇော်ဌေး။ ။ မရှိဘူးခင်ဗျ၊ ကျနော်တို့လည်း မလေးရှား အွန်လိုင်းသတင်းတွေအရ ကျနော်တို့လည်း သိရတယ်။ ပြီးခဲ့တဲ့အချိန်တုန်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရှင်းတာရှိတယ်။ ရခိုင်မောင်တောအခြေအနေရှင်းပြတယ်၊ အဲဒီမှာ ဒီအစိုးရရဲ့ တွေ့ကြုံနေရတဲ့အခြေအနေကို အာဆီယံက နားလည်တယ်။ အချိန်ယူရမယ်ဆိုတာ လက်ခံတယ်၊ တဆက်တည်းမှာပဲ ကျနော်တို့က လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ အာဆီယံအနေနဲ့ ပေးအပ်လိုရင် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးတယ်။ အဲဒါနောက်ဆက်တွဲအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက Indo Aid ဆိုတဲ့အဖွဲ့အစည်းက NGO တခုပေါ့နော်။ သူကနေပြီးတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ တင်ပြလာတော့ ကျနော်တို့က ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ အဲဒါတွေ ဖြန့်ဝေတဲ့အထိ ဆောင်ရွက်ပြီးသွားပြီ။ အခုကိစ္စကတော့ ကျနော်တို့ အစိုးရကို တရားဝင် တင်ပြခြင်း၊ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘူး။ မရှိတော့ ဒီကနေ့ပဲ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ ဒီမှာရှိတဲ့ မလေးရှားသံအမတ်ကြီးကိုပြောထားတယ်။ ကျနော်သတင်းတွေကတော့ တွေ့ပြီ တရားဝင်တော့ ဘာမှ တင်ပြတာတွေတော့မရှိဘူး။ မရှိတော့ တရားဝင်လမ်းကြောင်းကနေတင်ပြပါ၊ ဆိုတာကို ကျနေ်ာ်တို့ မလေးရှားသံရုံးကိုပြောထားပြီးဖြစ်တယ်။

ကိုသားညွှန့်ဦး ။ ။သူတို့ဘက်က ပြောရေးဆိုခွင့်ရှိသူထင်ပါတယ် အတွင်းရေးမှူးချူပ်ဆိုပြီးတော့ သူတို့ သတင်းထဲမှာရေးတာက သူတို့ကို တားဆီးနိုင်တာတွေရှိတယ်။ ပြန်ပြီးတော့ တုံ့ပြန်နိုင်တာတွေရှိတယ်။ ဆိုလိုတဲ့သဘောကတော့ သူတို့မရရအောင်ဝင်မယ်ဆိုတဲ့ သဘောသဏ္ဍာန်ဆောင်နေပါတယ်။ ဂါဇာလို ဟာမျိုးနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောတာဆိုတာတွေရှိတော့

ဦးဇော်ဌေး။ ။ ဒီအဖွဲ့ပေါ့နော် နံပတ်၁ မေးခွန်းက သူတို့သည် ကျနေ်ာတို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဒီဒေသမှာရှိတဲ့ လူတွေကို ပေးအပ်ချင်တဲ့ ဆန္ဒရှိတာ ဟုတ်ပါသလား၊ အဲဒီမေးခွန်းအရ အမှန်တကယ် အကူညီတွေထောက်ပံ့ဖို့ ရည်ရွယ်ချက်က အဓိကပဲဆိုရင်တော့ တရားဝင်လမ်းကြောင်း ကနေပြီးတော့ မြန်မာနိုင်ငံ အစိုးရကို တင်ပြဖို့လိုတယ်။ အဲလိုတင်ပြဖို့ ခက်နေရင်လည်း မလေးရှားသံရုံးကတဆင့်၂ နိုင်ငံအစိုးရတွေကတဆင့် ဆက်သွယ်ပြီးတော့ တင်ပြလို့ရတယ်။ အဲဒီ တင်ပြလာတဲ့ တင်ပြချက် အနေအထား၊ ဒါတွေကို မူတည်ပြီးတော့ မြန်မာနိုင်ငံအစိုးရက စဉ်းစားသုံးသပ်ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ကျနော်တို့ကတော့ ပိတ်ပင်ထားတာလုံးဝမရှိဘူး။ တံခါး ပိတ်ထားတာလုံးဝမရှိဘူး။ အားလုံးကို ကျနော်တို့က Open Door ဖွင့်ထားတယ်။

ဒုတိယ နံပတ်၂ အချက်ကတော့ ဒီဟာကို အကြောင်းပြုပြီးတော့ ပြဿနာတွေ ပိုကြီးထွားလာအောင် ဂါဇာကို တူရကီဝင်သလိုမျိုး ပြဿနာကို မီးထွန်းရှာတဲ့ ရည်ရွယ်ချက်ဟုတ်မဟုတ်ဆိုတာ သူတို့ကို သူတို့ ပြန်ဆန်းစစ်ဖို့ လိုတယ်။ ပြဿနာ မီးထွန်းရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမျိုး မိမိသဘောနဲ့ သက်ဆိုင်ရာ နိုင်ငံအစိုးရ ၊ သက်ဆိုင်ရာနိုင်ငံ အချုပ်အခြာအာဏာပေါ့ ၊ ဒါကိုလေးစားလိုက်နာခြင်းမပြုပဲနဲ့ မိမိသဘောနဲ့ မိမိ တိုက်ရိုက်ဝင်ရောက်ပြီးတော့ ဒီလိုဖြန့်ဝေမယ်ဆိုရင်တော့ ပြဿနာ မီးထွန်းရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုရင်တော့ သူတို့မျှော်မှန်းထားတဲ့ နည်းလမ်းထဲက နည်းလမ်း ၂ နဲ့ ၃ ပဲကြုံရမယ်။ အဲဒါကိုတော့ ကျနော်တို့က ပွင့်ပွင့်လင်းလင်း အခုကတည်းက ပြောတယ်။ နံပတ် ၃ အချက်ကတော့ အဲဒီ အစ္စလာမစ်ဘာသာရေးအဖွဲ့အစည်းအနေနဲ့ ဒီမောင်တောမှာ ပဋိပက္ခ တွေပိုပြီးပြင်းထန်လာအောင် ပိုပြီးတော့ အစွန်းရောက်တွေပိုနိုးကြားလာအောင် စွဲဆောင်စည်းရုံးတဲ့သဘော နဲ့ ဘာသာရေးကို ခုတုံးမလုပ်ဖို့။ နံပတ် ၁ ဘာသာရေးကို ခုတုံးမလုပ်ဖို့။ နံပတ် ၂ ဘာသာရေးကို အသုံးမချဖို့ ၊ နံပတ် ၃ ဘာသာရေးအစွန်းရောက်တွေ တိုးပွားလာအောင်မလုပ်ဖို့ အဲဒါကိုတော့ ကျနော်တို့က ပြတ်ပြတ်သားသားပြောချင်တယ်။

ကိုသားညွှန့်ဦး ။ ။အရင်တုန်းကရော အလားတူမျိုး ခွင့်ပြုချက်မရှိပဲနဲ့ အဲဒီလိုမျိုး တခြားနိုင်ငံတွေ မွတ်ဆလင်နိုင်ငံတွေက နေပြီးတော့ အတင်းဝင်ရောက်တာမျိုးတွေ အကူအညီဝင်ပေးတာမျိုးတွေ ရှိခဲ့၊ ဖြစ်ခဲ့ဖူးပါသလား။

ဦးဇော်ဌေး။ ။ မြန်မာနိုင်ငံသမိုင်းကြောင်းမှာကတော့ အဲဒီဖြစ်စဉ်မျိုးမဖြစ်ခဲ့ဘူး၊ မရှိခဲ့ဘူး ဖြစ်လာလည်း လက်ခံမှာမဟုတ်ဘူး။

ကိုသားညွှန့်ဦး ။ ။ ဦးဇော်ဌေး ကျေးဇူးအများကြီးတင်ပါတယ်။

မြန်မာသမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ဒီအဖွဲ့အစည်းအနေနဲ့ တရားဝင် သံတမန်ရေးနည်းအရ မြန်မာအစိုးရကို ဆက်သွယ်ဆောင်ရွက်ဖို့ဆိုတာကို မြန်မာအခြေစိုက် မလေးရှားသံရုံးထံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင်က စာပေးပို့ထားတယ်လို့ ပြောခွင့်ရသူတဦးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG